ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်

 

ခင်သန်းမြင့်

 

င်းရဲနွမ်းပါးမှုက လွတ်မြောက်စေတဲ့ လျှို့ဝှက်ချက်ဆိုတဲ့ခေါင်းစဉ်နဲ့အိမ်နီးချင်းတရုတ်နိုင်ငံက ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးတစ်ခု လူမှုကွန်ရက် စာမျက်နှာမှာ ကြည့်လိုက်ရတယ်။ တရုတ်နိုင်ငံဟာ စီးပွားရေးအရှိန်အဟုန်ပြင်းစွာ တိုးတက်လာခဲ့ပေမယ့် ၂၀၁၃ ခုနှစ်မတိုင်ခင်အထိကတော့ တရုတ်နိုင်ငံမှာ ဆင်းရဲနွမ်းပါးသူဦးရေ သိန်းတစ်ထောင်ခန့် ရှိခဲ့တယ်။ ရှစ်နှစ်အတွင်းမှာပဲ အဲဒီဆင်းရဲနွမ်းပါးသူတွေဟာ ဆင်းရဲနွမ်းပါးမှုကနေ လွတ်မြောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

 

 

ဆင်းရဲနွမ်းပါးမှုကနေ လွတ်မြောက်စေခဲ့တဲ့ လျှို့ဝှက်ချက်

 

ဒီဗီဒီယိုဖိုင်လေးမှာ ကနဦးအပိုင်းအနေနဲ့တောင်တန်းတွေမြင့်မားပြီး ချမ်းအေးလှတဲ့ ချင်းဟိုင် တိဘက်ကုန်းပြင်မြင့်ဒေသက ဒေသခံတွေ ဆင်းရဲနွမ်းပါးမှုကနေ လွတ်မြောက်စေခဲ့တဲ့ လျှို့ဝှက်ချက်ကို တင်ဆက်ခဲ့ပါတယ်။

 

ဒီဒေသမှာ ဆောင်းရာသီက ရှည်လျားတော့ ဒေသခံတွေဟာ စိုက်ပျိုးရေးထက် မွေးမြူရေးကိုပဲ အဓိကလုပ်ကိုင်ကြရတယ်။ နွေရာသီမှာ ရှီးပဒီးခေါ် ဆောင်းပိုးနွေမြက် အနည်းငယ်ကိုပဲ တူးနိုင်ပါတယ်။ သူတို့ရဲ့လစဉ်ဝင်ငွေဟာ တစ်ခါတလေ ယွမ်သုံးလေး ရာမျှသာရှိတဲ့အတွက် စီချွမ်ပြည်နယ် ဂန်ဇီကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လီထိုင်ခရိုင်ဟာ တစ်နိုင်ငံလုံးမှာ ဆင်းရဲတွင်းကနေ လွတ်မြောက်ဖို့ အခက်ခဲဆုံး နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ သို့အတွက်ကြောင့် ဒေသန္တရအစိုးရက တတိယအဆင့်စက်မှုလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ လီထိုင်ကို လူသိများအောင် ဘယ်လိုလုပ်ရမလဲလို့ စဉ်းစားကြံဆနေကြပါတယ်။

 

၂၀၂၀ ပြည့်နှစ် ဆောင်းဦးရာသီမှာ လီထိုင်က Ding Zhen လို့ခေါ်တဲ့ လူငယ်တစ်ယောက်ဟာ အင်တာနက်ပေါ်မှာ နာမည်ကျော်ကြားလာခဲ့ပါတယ်။ ချန်ဒူးက ဓာတ်ပုံဆရာတစ်ယောက်ဟာ လီထိုင်ကို ရောက်လာစဉ် နှင်းတောင်ခြေရဲ့မြက်ခင်းပြင် ပေါ်မှာ အပြုံးချိုချိုနဲ့မြင်းဖြူစီးပြီး နွားကျောင်းနေတဲ့ ဇန့်လူငယ်တစ်ယောက်ကို အမှတ်မထင်တွေ့ခဲ့မိ တယ်။ သူ့နာမည်အပြည့်အစုံက Dingzhen Zhenzhu ဖြစ်ပါတယ်။ ဓာတ်ပုံဆရာက သူ့ကိုဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်တင်လိုက်ပါတယ်။ အဲဒီဓာတ်ပုံက တစ်ညတည်းမှာပဲ အင်တာနက်ပေါ်မှာပျံ့နှံ့သွားခဲ့ပြီး like ပေါင်း သန်းချီရခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့မွေးရပ်မြေ လီထိုင်ကလည်း နာမည်ကျော်ကြား လာပါတယ်။

 

Ding Zhen ဟာ အသက် ၂၀ အရွယ်ရှိ သာမန် ဇန့်လူငယ်တစ်ယောက်ဖြစ်ပြီး ငယ်ငယ်တုန်းက အိမ်ကဆင်းရဲတာကြောင့် ကျောင်းမတက်နိုင်ဘဲ နွားကျောင်းခဲ့ရပါတယ်။ သူ့ရဲ့ဓာတ်ပုံကိုအင်တာနက် မှာတင်ပြီးတဲ့နောက် သူ့ရဲ့ရိုးရှင်းပြီးချိုသာတဲ့ အပြုံးနဲ့ သူ့မွေးရပ်မြေလီထိုင်ရဲ့ လှပတဲ့သဘာဝ ရှုခင်းတွေဟာ တစ်ညတည်းမှာပဲ နာမည်ကြီးလာ ခဲ့ပါတယ်။ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး လုပ်ကိုင် ဆောင်ရွက်နေတဲ့ အစိုးရပိုင်ကုမ္ပဏီတစ်ခုဟာ Ding Zhen ကို ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သံတမန်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဆက်လက် ပြီး Ding Zhen ရဲ့ ရှုထောင့်ကနေ လီထိုင်ကိုကြော်ငြာ တဲ့ ဗီဒီယိုတစ်ခုကို ရိုက်ကူးခဲ့ပါတယ်။

 

ခရီးသွားဧည့်သည်ပမာဏ စံချိန်တင်

 

အဲဒီကြော်ငြာဗီဒီယိုဟာ မြို့နေပြည်သူတွေအနေနဲ့ မရောက်ဖူးတဲ့နေရာကို ရောက်ဖူးချင်တဲ့ စိတ်ဆန္ဒတွေဖြစ်ပေါ်လာအောင် အောင်မြင်စွာ လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ လီထိုင်ကို လာရောက်လည်ပတ်တဲ့ လူတွေ တိုးပွားလာပါတယ်။ ခရီးသွားဧည့်သည်ပမာဏက စံချိန်တင်မြင့်မားခဲ့ ပါတယ်။ လီထိုင်ရဲ့ ခရီးသွားလုပ်ငန်းကရတဲ့ဝင်ငွေ ဟာလည်း ယွမ်ငွေ သန်းနဲ့ချီပြီး မြင့်မားလာခဲ့ပါ တယ်။ Ding Zhen ရဲ့ ဆယ်လီအဖြစ် ရေပန်းစား မှုကို ဒီဆင်းရဲနွမ်းပါးတဲ့ခရိုင်က အခွင့်အလမ်းအဖြစ် အမိအရဆုပ်ကိုင်နိုင်ခဲ့တဲ့အတွက် တစ်နိုင်ငံလုံးမှာ ထင်ရှားကျော်ကြားတဲ့ ခရီးသွားနေရာတစ်ခု ဖြစ်လာပါတယ်။

 

နာမည်ကြီးဆယ်လီရဲ့လွှမ်းမိုးမှုအပြင် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့ အစိုးရက အခြေခံ အဆောက်အအုံတွေကို မြှင့်တင်ပေးခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေဖို့ လမ်းတွေကို ဖောက်လုပ်ပေးခဲ့တယ်။ ခရီးသွား လုပ်ငန်းဆိုင်ရာ ဆိုင်းဘုတ်တွေကိုတပ်ဆင်ပြီး ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေကိုလည်း လေ့ကျင့် ပေးပါတယ်။ ဒါ့အပြင်နှစ်စဉ်နှစ်တိုင်း မြင်းစီးပြိုင်ပွဲနဲ့ စက်ဘီးပြိုင်ပွဲတွေကို ကျင်းပပေးခဲ့ပါတယ်။ ဒေသန္တရခရီးသွားလုပ်ငန်းဆိုင်ရာ ဌာနကလည်း “အလှဆုံး ခန်းပါးယောကျ်ား” ပြိုင်ပွဲကို နှစ်စဉ် ကျင်းပပေးခြင်းဖြင့် လီထိုင်ကို တစ်ရှိန်ထိုးနာမည် ကြီးလာစေပါတယ်။ နောက်ဆုံးမှာ လီထိုင်ကို နိုင်ငံ တစ်ဝန်းမှာ ကျော်ကြားလာစေတဲ့သူကတော့ ချိုမြိန် တဲ့အပြုံးပိုင်ရှင် Ding Zhen ပဲဖြစ်ပါတယ်။

 

ခရီးသွားလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုး တိုးတက်လာတဲ့နောက်မှာ ဒေသခံတွေရဲ့ လူမှု စီးပွားဘဝတွေဟာလည်း ပိုမိုကောင်းမွန်လာခဲ့ပါ တယ်။ ဒေသဆိုင်ရာ လက်လီရောင်းချမှု၊ စားသောက်မှု၊ ဟိုတယ်၊ တည်းခိုခန်းတွေအားလုံး ဟာလည်း အကျိုးအမြတ်ကို ခံစားရပါတယ်။ နောက်ဆုံးမှာတော့ ဆင်းရဲနွမ်းပါးမှုကနေ လွတ်မြောက်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

 

လီထိုင်ရဲ့ခရီးသွားလုပ်ငန်း

 

Ding Zhen ဟာ လီထိုင်ရဲ့ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး “အခု လီထိုင်ရဲ့ခရီးသွားလုပ်ငန်းဟာ အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေပါတယ်။ သူ့ရဲ့ မွေးရပ်မြေကလည်း အရင်ကထက် ပိုကောင်း လာပါတယ်။ အရင်ကဆို လျှပ်စစ်မီးလည်းမရ၊ လမ်းလည်းမရှိ၊ ဖုန်းလိုင်းလည်းမရ။အခုဆို လျှပ်စစ် မီးရပြီ၊ ဖုန်းလိုင်းလည်းရှိပြီ၊ ကလေးတွေဟာ လေးနှစ်အရွယ်ကစပြီး ကျောင်းစတက်နေကြပါပြီ။ အခုဆို သူ့မွေးရပ်မြေဟာ ပိုကောင်းလာတဲ့အတွက် ဝမ်းသာပါတယ်”လို့ ဆိုပါတယ်။ Ding Zhen နည်းတူ ဇန့်လူငယ်အတော်များများကလည်း ကိုယ့်မွေးရပ် မြေကို လူသိများဖို့ ပူးပေါင်းဆောင်ရွက်ချင်လာကြပါတယ်။

 

ဒီဗီဒီယိုသတင်းဖိုင်လေးကို ကြည့်ရတာ အင်မတန်မှ စိတ်ကြည်နူးစရာဖြစ်ရသလို ဆင်းရဲမွဲတေမှုက မလွတ်ကင်းနိုင်သေးတဲ့ ကိုယ့်နိုင်ငံတွင်း က ဒေသတွေ၊ ခရိုင်တွေနဲ့ မြို့နယ်၊ ကျေးရွာတွေ အတွက်လည်း အင်မတန်မှ အားကျအတုယူစရာ ကောင်းလှပါတယ်။

 

တကယ်တော့ ကွန်မြူနစ်စနစ်ပဲဖြစ်ဖြစ်၊ ဆိုရှယ်လစ်စနစ်ပဲဖြစ်ဖြစ်၊ ဒီမိုကရေစီစနစ်ပဲဖြစ်ဖြစ် အဓိကကတော့ ကိုယ့်နိုင်ငံက ပြည်သူတွေကို ဆင်းရဲခြင်းကလွတ်ကင်းအောင် လမ်းပြဆောင်နိုင်မယ့်အစိုးရ၊ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုက လွတ်မြောက်ရေးအတွက် ဒေသကို အကျိုးပြုမယ့် Ding Zhen လိုလူငယ်တွေ၊ ဒေသခံ ပြည်သူတွေရဲ့ တီထွင်ကြံဆ၊ ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်စွမ်းတွေက ပိုပြီးအဓိက ကျတယ်လို့ ကျွန်မထင်မြင်တွေးဆမိပါတယ်။

 

ဆင်းရဲနွမ်းပါးမှုကို ခံစားခဲ့ကြရ

 

ဘယ်စနစ်ပဲဖြစ်ဖြစ် အားသာချက်၊ အားနည်းချက်၊ ကောင်းကွက်၊ ဆိုးကွက်ဆိုတာ ရှိစမြဲပါ။ တရုတ်ပြည်ဟာလည်း တစ်ချိန်က အမှားအယွင်း တွေရှိခဲ့လို့ ပြည်သူတွေဟာလည်း ဆင်းရဲနွမ်းပါးမှုကို ခံစားခဲ့ကြရတာပါပဲ။

 

ဆိုဗီယက်ပြည်ထောင်စုရဲ့ စီမံကိန်းစီးပွားရေး စနစ်ကို ပုံတူကူးချခဲ့တဲ့အလျောက် မဟာယဉ်ကျေးမှု တော်လှန်ရေး အဆုံးသတ်သွားချိန်ကာလမှာ တရုတ်ပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကလည်း ရပ်တန့်သွားခဲ့ပါတယ်။ သာမန်အရပ်သူ အရပ်သားတွေရဲ့ နေထိုင်စားသောက်ရေးဘဝကိုလည်း အနှစ်သာရ အားဖြင့် ပြောင်းလဲမပေးနိုင်ခဲ့ပါဘူး။ ၁၉၅၇ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ တစ်ပြည်လုံးရှိ အမှုထမ်း၊ အရာထမ်းတွေဟာ နှစ်ပေါင်း ၂၀ အတွင်း လုပ်ခ လစာ မတက်သလောက်နီးပါးဖြစ်ပြီး ပုံသေလစာလို ဖြစ်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်က တစ်ပြည်လုံးက အမှုထမ်း၊ အရာထမ်းတွေရဲ့ပျမ်းမျှလုပ်ခလစာဟာ ၆၂၄ ယွမ်ဖြစ်ပြီး ၁၉၇၆ ခုနှစ်မှာ ၅၇၅ ယွမ်ကို ကျသွားခဲ့ပါတယ်။ တက်မလာတဲ့အပြင် ပြောင်းပြန် အားဖြင့် ၄၉ ယွမ်တောင် လျော့ကျသွားခဲ့ပါတယ်။ စားသုံးကုန်ပစ္စည်းတွေကို လုံလုံလောက်လောက် မထောက်ပံ့နိုင်ခဲ့ဘူး။ ရာရှင်စနစ်နဲ့ ဝယ်ခြမ်းသုံးစွဲနေ ကြရတယ်။

 

စံနမူနာအဖြစ် ဥက္ကဋ္ဌကြီး မော်စီတုံးကိုယ်တိုင် သူကြိုက်တဲ့ဝက်သားဆီပြန်ဟင်းကို ဖြတ်ပစ်လိုက်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ သုံးနှစ်တာကာလ အတွင်းမှာ မော်စီတုံးဟာ မွေးနေ့ကို သုံးကြိမ် ကျော်ဖြတ်ခဲ့ရာမှာ ရိုးရိုးရှင်းရှင်းလေးပဲ ကျော်ဖြတ်ခဲ့တယ်။ အရက်မရှိဘူး၊ မွေးနေ့ကိတ်မရှိဘူးလို့ ထိန်းသိမ်းထားခဲ့တဲ့ ဟင်းစာရင်းတွေအရ သိရပါတယ်။ တစ်ချိန်တည်းမှာပဲ ဥက္ကဋ္ဌကြီးမော်ဟာ သူ့ရဲ့ လစာကို လျှော့ချခဲ့ပြန်ပါတယ်။

 

ဒီသမိုင်းကာလနဲ့ပတ်သက်လို့ တိန့်ရှောင်ဖိန် က “၁၉၅၉၊ ၁၉၆၀၊ ၁၉၆၁ ဒီသုံးနှစ်ဟာ အလွန် ခက်ခဲတဲ့ကာလဖြစ်တယ်။ တခြား အပိုမပြောတော့ ဘူး။ ပြည်သူအားလုံးဟာ ထမင်းဝအောင်မစားရဘူး။ ၁၉၆၂ ခုနှစ်မှာ စတင်ကောင်းလာတယ်။ တစ်စ တစ်စနဲ့ ပြန်လည်နာလန်ထလာလို့ မူလအဆင့် အတန်းကို ရောက်လာတယ်။ ဒါပေမယ့် အတွေး အခေါ်အရ ပြဿနာကိုမဖြေရှင်းခဲ့လို့ ၁၉၆၆ ခုနှစ်မှာ မဟာယဉ်ကျေးမှုတော်လှန်ရေးကို စတင် လုပ်လာပြန်တယ်။ ၁၀ နှစ်တိုင်ကြာခဲ့တဲ့ ဒီမဟာ ယဉ်ကျေးမှု တော်လှန်ရေးဟာ ဘေးဒုက္ခကြီးတစ်ခု ဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။

 

တံခါးဖွင့်ပြုပြင်ပြောင်းလဲရေး

 

ဒါကြောင့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၇ ခုနှစ် နိုင်ငံရေးဇာတ်ခုံပေါ် တတိယအကြိမ် ပြန်လည် ပေါ်ထွက်လာချိန်မှာ “ကျွန်တော်တို့ သိပ်ဆင်းရဲ လှပါတယ်။ သိပ်ခေတ်နောက်ကျလှပါတယ်။ ဟုတ်တိုင်းမှန်ရာကို ရိုးရိုးသားသား ပြောရမယ်ဆိုရင် ပြည်သူလူထုကြီးကို အားနာလှပါတယ်”လို့ ရင်တွင်း လှိုက်ဆူပြောဆိုခဲ့ပြီး တရုတ်ပြည်ကွန်မြူနစ်ပါတီ (၁၁) ကြိမ်မြောက် ဗဟိုကော်မတီတတိယစုံညီ အစည်းအဝေးအတွင်းမှာ တံခါးဖွင့်ပြုပြင်ပြောင်းလဲ ရေးကို အခြေခံနိုင်ငံတော်ပေါ်လစီတစ်ခုအဖြစ် ရေးဆွဲခဲ့ပါတယ်။ တရုတ်ပြည်ရဲ့ ကံကြမ္မာဟာ အဲဒီကစတင်ပြီး မိုးမြေ သိမ့်သိမ့်တုန်လောက်အောင် အပြောင်းအလဲကြီးတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

 

တိုက်တိုက်ဆိုင်ဆိုင် ၁၉၇၀ ပြည့်နှစ်အကုန်မှာ တရုတ်ကွန်မြူနစ်ပါတီ အန်ဟွေးပြည်နယ်ကော်မတီ တာဝန်ခံက လယ်သမားတစ်ယောက်ကို ဘာတောင်းဆိုချက်များရှိပါသလဲလို့ မေးမြန်း ကြည့်တဲ့အခါမှာ အဲဒီလယ်သမားက သူ့ရဲ့ဗိုက်ကို ပုတ်ပြပြီး “တခြားတောင်းဆိုချက်မရှိပါဘူး။ ဗိုက်ပြည့်အောင်စားရပြီဆိုရင်ရပါပြီ”လို့ ဖြေခဲ့ဖူးသလို မြန်မာပြည်လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ် ဇန်နဝါရီလအတွင်းက ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့မှာကျင်းပတဲ့ စော်ဘွားများညီလာခံသဘင် မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်စား တက်ရောက်ခဲ့ကြ တဲ့ သခင်နု၊ ဦးဘဂျမ်းနဲ့ မန်းဘခိုင်တို့က လူထုပရိသတ် ကို “ဘာများမေးစရာ ရှိကြပါသေးသလဲ၊ မေးချင်တာ မေးနိုင်ပါတယ်”လို့ ပြောတဲ့အခါမှာ အင်္ကျီကိုယ်ဝတ် နွမ်းနွမ်းပါးပါးနဲ့ တောင်ပေါ်သားတစ်ယောက်က ပရိသတ်အလယ်ကထပြီး “ကျုပ်တို့ဆင်းရဲသား တွေကို ထမင်းဝအောင်လုပ်ပေးပါ”ဆိုပြီး ဗိုက်ကို လက်နဲ့ပုတ်ပြခဲ့ဖူးတယ်။ “အင်္ကျီအဝတ်အစား များများရအောင် လုပ်ပေးပါ”ဆိုပြီး အင်္ကျီအစုတ် ကိုလည်း လက်နဲ့ကိုင်ပြခဲ့ဖူးပါတယ်။

 

လက်ရှိမှာတော့ အိမ်နီးချင်းတရုတ်ပြည်နဲ့ မြန်မာပြည်ရဲ့အခြေအနေဟာ မိုးနဲ့မြေကွာသလို ကွာဟသွားခဲ့ပြီလို့ပဲ ကျွန်မတို့ရိုးရိုးသားသားဝန်ခံကြရမှာပါပဲ။ တိန့်ရှောင်ဖိန်က ပြုပြင်ပြောင်းလဲရေး ကာလမှာ တာဝန်ရှိသူတွေကို “ခင်ဗျားတို့စကား နည်းနည်းပြောပြီး အလုပ်များများလုပ်ဖို့” တိုက်တွန်းခဲ့သလို ၁၉၉၂ ခုနှစ် တောင်ပိုင်းခရီးစဉ် အတွင်းမှာလည်း “ဆိုရှယ်လစ်စနစ်ကို စွဲစွဲမြဲမြဲ မထိန်းသိမ်းဘူး၊ တံခါးမဖွင့်ဘူး၊ စီးပွားရေးတိုးတက် အောင်မလုပ်ဘူး၊ ပြည်သူတွေရဲ့ဘဝကိုကောင်းအောင် မပြုပြင်ပေးဘူးဆိုရင် သေဖို့တစ်လမ်းပဲရှိတယ်”လို့ သတိပေးခဲ့ပြီး “မြန်မြန်တိုးတက်အောင် ခင်ဗျားတို့ လုပ်ဖို့လိုမယ်”၊ “ကျုပ်တို့တစ်တွေ ခြေသေးမတွေလို မလုပ်ကြနဲ့တော့”လို့ တွန်းအားပေးပြီး တရုတ်ပြည် ကြီးကို တွန်းတင်နိုင်ခဲ့ပေမယ့် မြန်မာပြည်ကတော့ လက်ရှိအချိန်အထိ နိုင်ငံရေးပြဿနာတွေကြားမှာပဲ ပိတ်မိနေပြီး အချိန်ကုန်ခဲ့ကြရပါတယ်။

 

လွတ်မြောက်နိုင်မယ့်အခွင့်အလမ်းတွ

 

တကယ်တမ်းမှာ ရေမြေသဘာဝသယံဇာတ ကြွယ်ဝတဲ့ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးမျက်နှာစာဘက်ကို ပိုအာရုံစိုက်ပြီး တက်ညီလက်ညီကြိုးပမ်း ခဲ့ကြမယ်ဆိုရင် တရုတ်ပြည်ကြီးက ဒေသခံပြည်သူ အများစု ဆင်းရဲနွမ်းပါးမှုကနေ လွတ်မြောက်နိုင်ခဲ့ သလို လွတ်မြောက်နိုင်မယ့်အခွင့်အလမ်းတွေ အများကြီးရှိတယ်လို့ ကျွန်မကတော့ ယုံကြည် ပါတယ်။

 

လူဦးရေ သန်းထောင်ချီတဲ့ တရုတ်နဲ့ အိန္ဒိယ၊ သန်းရာချီတဲ့ ဘင်္ဂလားဒေ့ရှ်ဈေးကွက်ကြီးတွေ အိမ်ဘေးမှာ အရန်သင့် ရှိနေပါလျက်နဲ့ ကိုယ့်ထုတ်ကုန် တွေဟာ အခြားဒေသတွင်း ပြိုင်ဘက်နိုင်ငံတွေရဲ့ ထုတ်ကုန်တွေလောက် မျက်နှာပန်းမလှဘဲ ရောင်းမစွံ ဖြစ်နေရင်တော့ ကျွန်မတို့ညံ့ရာကျတာပဲပေါ့။

 

ကျွန်မကတော့ လီထိုင်ခရိုင်က အပြုံးချိုချိုနဲ့ လူငယ်ဆယ်လီလေး Ding Zhen လိုပဲ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသကို ဆင်းရဲနွမ်းပါးမှုက လွတ်မြောက်အောင် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အကျိုးဆောင်ပေးကြမယ့် မြန်မာလူငယ်လေးတွေ ကို မျှော်လင့်နေမိပါတယ်။ ။