ဆင်ပြတိုက်ဖွင့်လှစ်ခြင်း၊ ဖမ်းဆီးရမိဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ ဒုတိယအကြိမ် ဖျက်ဆီးခြင်းအခမ်းအနားကျင်းပ

ရန်ကုန်  ၃  မတ် 

 

ဆင်ပြတိုက်ဖွင့်လှစ်ခြင်း၊ ဖမ်းဆီးရမိဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းများ ဒုတိယအကြိမ်ဖျက်ဆီးခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက သဘာဝသမိုင်းပြတိုက် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၌ ကျင်းပသည်။

 

အခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယနေ့သည် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့ဖြစ်သည့် မတ်(၃)ရက်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်သည့် “ဆင်ပြတိုက်” ဖွင့်လှစ်ခြင်း အခမ်းအနားဖြစ်ပါကြောင်း၊ ဆင်ပြတိုက်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များမှာ သဘာဝသစ်တောနယ်မြေများအတွင်း ကျက်စားနေကြသည့် တောဆင်ရိုင်းများအား ထိန်းသိမ်းကာကွယ်နိုင်ရန်၊ ဆင်နှင့်လူ ပဋိပက္ခဖြစ်ပွားမှုများကို လျော့နည်းလာစေရန်၊ တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရမှု၊ ဆင်နှင့် ဆင်အစိတ်အပိုင်း များ တရားမဝင်ကူးသန်းရောင်းဝယ်နေမှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် ပြည်သူလူထုသိမြင်နိုးကြားလာပြီး ပူးပေါင်းကူညီဆောင်ရွက်လာစေရန်၊ အိမ်မွေးဆင်များ ကို ထိန်းသိမ်းစီမံအုပ်ချုပ်နေမှုများအား ပိုမိုသိရှိလာစေရန်၊ ဆင်တို့၏မူလသဘာဝ၊ အလေ့အထနှင့် လူသားတို့နှင့် ဆင်တို့အကြား ဆက်နွယ်နေမှုများကို သိရှိလာစေရန်နှင့် ပူးပေါင်းကူညီဆောင်ရွက်လာစေရန်တို့ဖြစ်ပါကြောင်း။

 

ပြတိုက်ခင်းကျင်းပြသမှုပုံစံအနေဖြင့် မြန်မာနိုင်ငံအတွင်းမှ ရရှိခဲ့သည့် ရှေးနှစ်သန်း ပေါင်းများစွာမှ ဆင်များ၏ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ဆဒ္ဒန်ဆင်ဖြူတော်အစွယ်တစ်စုံ၊ ဆင်တွင်တပ်ဆင်အသုံးပြုရသည့် အသုံးအဆောင်ပစ္စည်းများ၊ ဆင်ကာကွယ်ထိန်းသိမ်း ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုသည့်ရေဒီယိုကော်လာ၊ ထောင်ချောက် ကင်မရာစသည့်ပစ္စည်းများ၊ ဆင်စွယ်/ ဆင်ရိုးစုများနှင့်ပြုလုပ်ထားသည့် တရားဝင် ရောင်းဝယ်ဖောက်ကားခွင့်မရှိသည့် အနုပညာပစ္စည်းများ၊ သေဆုံးသွားပြီးဖြစ်သည့် ဆင်ကြီးတစ်ကောင်၏ အရိုးစုများအပြင် ဆင်စွယ်နက်ကဲ့သို့ ရှားပါးပြီးမြင်ရခဲသည့်  ပစ္စည်းမျိုးကိုလည်း ပြသထားမည်ဖြစ်ပါကြောင်း၊ ဤသို့ကိုင်တွယ်ခွင့်မရှိသည့် ပြသပစ္စည်း များအပြင် ပညာပေးအနေဖြင့်  ကိုင်တွယ်ကြည့်ရှုခွင့်ပြုမည့် Camera Trap ၊ ဆင်ခလောက်၊ ဆင်စွယ်၊ ဆင်စွယ်အစိတ်အပိုင်းများ၊ ဆင်အောက်မေးရိုးနှင့်အံသွားများ ကိုလည်း စုံစုံလင်လင်ပြသထားပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆင်ပြတိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုသည်။

 

ဆက်လက်၍ ဖမ်းဆီးရမိဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ ဒုတိယအကြိမ်ဖျက်ဆီးခြင်းအခမ်းအနားကို  သဘာဝသမိုင်းပြတိုက် ရှေ့မြေကွက်လပ်တွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အမှာစကားပြောကြားသည်။ 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒုတိယ အကြိမ်ဖျက်ဆီးမည့် ဖမ်းဆီးရမိ ဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်း တိရစ္ဆာန်အစိတ်အပိုင်းများအား ကြည့်ရှုစစ်ဆေးသည်။

 

မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ မျိုးသုဉ်းမည့်အန္တရာယ်နှင့်ရင်ဆိုင်နေရသည့်  ကျား၊ ဆင်၊ ပြောင်၊ ဝက်ဝံ၊ သင်းခွေချပ်၊ ရွှေသမင် စသည့် ရှားပါးသတ္တဝါများကို အမဲလိုက်သတ်ဖြတ်မှုများ၊ တရားမဝင်ကုန်သွယ်မှုများ  ပိုမိုတိုးမြှင့်လုပ်ဆောင်လာနေ သည်ကို ပြည်သူများပိုမိုသိရှိလာစေရန်၊ ထိန်းသိမ်းကာကွယ်မှုများ၊ တရားမဝင်ကုန်သွယ် မှုများတားဆီးနှိမ်နင်းရာတွင်  ပိုမိုပူးပေါင်းပါဝင်လာစေရန်အတွက် ဆင်ပြတိုက် ဖွင့်လှစ် ခြင်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့် တောရိုင်းတိရစ္ဆာန် အစိတ် အပိုင်းများကို ဒုတိယအကြိမ်ဖျက်ဆီးခြင်းဖြစ်သည်။

 

ပထမအကြိမ် မီးရှို့ဖျက်ဆီးမှုကို ၂၀၁၈ ခုနှစ် အောက်တို ဘာ(၄)ရက်၌ နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ယခုဒုတိယအကြိမ်တွင် အပိုင်းအစများအဖြစ် ကြိတ်ခွဲ ဖျက်ဆီးမှုပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

 

ကမ္ဘာနှင့်အဝှမ်း တောရိုင်းတိရစ္ဆာန်နှင့် ယင်းတို့၏အစိတ်အပိုင်းများကို တရားမဝင် ကူးသန်းရောင်းဝယ်မှု နှစ်စဉ်တန်ဖိုးသည် ဒေါ်လာ ဘီလီယံ (၂၀) မှ ဘီလီယံ (၃၀) အထိ ရှိနေပြီး အများဆုံးကျူးလွန်မှုပြုလုပ်နေသည့် တရားမဝင်ကုန်သွယ်မှုများအနက် မူးယစ် ဆေးဝါးကုန်ကူးမှု၊ အတုအပပြုလုပ်မှုနှင့် လူကုန်ကူးမှုများပြီးလျှင် စတုတ္ထနေရာတွင် ရှိကြောင်း သိရသည်။

ယခုဒုတိယအကြိမ်ဖျက်ဆီးမည့် ဖမ်းဆီးရမိတောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ မှာ ဆင်စွယ်စုစုပေါင်း (၂၁၉) ချောင်း၊ ကျားနှင့် ကျားသစ်အရိုးမျိုးစုံ(၅၂၇) ချောင်း၊ ဦးချို မျိုးစုံ(၈၀ဝ)ချောင်း၊ သင်းခွေချပ်အကြေးခွံ(၁၃၄ ဒသမ ၇၂) ကီလိုဂရမ်၊ လိပ်ခွံနှင့် ဆင်နှာမောင်းခြောက် (၅ ဒသမ ၅) ကီလိုဂရမ်၊ စုစုပေါင်း အလေးချိန်ပမာဏအားဖြင့် (၇၆၆ ဒသမ ၁၁) ကီလိုဂရမ်ဖြစ်ပြီး တန်ဖိုးအားဖြင့် မြန်မာငွေကျပ်သိန်းပေါင်း (၁၇၀ဝ၀)ကျော်၊ အမေရိကန်ဒေါ်လာ (၁ ဒသမ ၁) သန်းခန့်ရှိကြောင်း သိရသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကုလသမဂ္ဂအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ ပြည်တွင်းရှိမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သစ်တော ဦးစီးဌာ နမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

IMG_1