ဆင်ဖြူရတနာဆိုက်ရောက်လာ ဘေးရန်ကင်းရှင်းသာယာခြင်းနှင့် ကောင်းခြင်းစုံစွာ ပြည်မြန်မာ

 

အာကာမောင်မောင်

 

တိုင်းပြည်အုပ်ချုပ်သောအစိုးရမင်းများမှာ မင်းကျင့်တရားဆယ်ပါးနှင့် ညီညွတ်ပြည့်စုံသည့် ကာလများတွင် ဆင်ဖြူတော်များ ပေါ်ထွန်းလေ့ရှိပါသည်။ ဆင်ဖြူတော်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ ခေတ်တစ်ခေတ်၊ သမိုင်းတစ်ကွေ့မှာ ဖြစ်ထွန်းပေါ်ပေါက်ဖို့ အင်မတန်ခဲယဉ်းလှသည့် ရတနာတစ်ပါးဖြစ်ပါသည်။ ဆင်အရေအတွက် တစ်ထောင်မှာ ဆင်ဖြူတစ်စီးတွေ့ရခဲလှပါသည်။

 

ဘုရင်မင်းမြတ်တို့မှာ ဆင်ဖြူတော် ပိုင်ဆိုင်ခြင်းနှင့်အတူ သြဇာတိက္ကမ ကျော်စောထင်ရှား

 

ပုဂံခေတ်နောက်ပိုင်း မြန်မာ့သမိုင်းအဆက်ဆက်မှာလည်း ဆင်ဖြူရရှိ ဆက်သခံရသည့် ဘုရင်မင်းမြတ်တို့မှာ ဆင်ဖြူတော် ပိုင်ဆိုင်ခြင်းနှင့်အတူ သြဇာတိက္ကမ ကျော်စောထင်ရှားခြင်း၊ တိုင်းသူပြည်သားများ စည်ပင်ဝပြောခြင်း၊ တိုင်းပြည်အေးချမ်းသာယာခြင်း စသည့်ကျက်သရေမင်္ဂလာ အဖြာဖြာတို့နှင့် ပြည့်စုံကြောင်း သမိုင်းအထောက် အထားများအရ သိရှိရသည်။ ပုဂံခေတ် ပထမမြန်မာနိုင်ငံတော်ကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့သော အနော်ရထာ မင်းတရား၊ တောင်ငူခေတ် ဒုတိယ မြန်မာနိုင်ငံတော်ကို အောင်မြင်စွာ ထူထောင်ခဲ့သော ဘုရင့်နောင်မင်းတရား နှင့် ကုန်းဘောင်ခေတ် တတိယမြန်မာ နိုင်ငံတော်ကို အောင်မြင်စွာထူထောင်ခဲ့သော အလောင်းမင်းတရားတို့မှာလည်း ဆင်ဖြူများရှင် မင်းတရားကြီးများ ဖြစ်ခဲ့ကြသည်။

 

ဝေဿန္တရာဇာတ်တော်ကြီးတွင် ဆင်ဖြူတော်အကြောင်း ဖော်ပြပါရှိ

 

မြန်မာတို့၏ဆိုရိုးစကား ဆုံးမစာတို့တွင် “ရှေးထုံးလည်းမပယ်နှင့်၊ စျေးသုံးလည်းမကြွယ်နှင့်၊ ရှေးထုံးပယ်က လွဲတတ်သည်၊ စျေးသုံးကြွယ်ကမွဲတတ် သည်”ဟူ၍ ရှိထားသည်။ ရှေးအစဉ်အဆက် မြန်မာဘုရင်တို့သည် ဆင်ဖြူတော်နှင့် ပတ်သက်လျှင် အတိတ်ကောင်း နိမိတ်ကောင်း ကောက်ယူကာ တယုတယ ပြုစုစောင့်ရှောက်လေ့ ရှိကြသည်။ ဆင်ဖြူတော်တစ်စီး ပေါ်လာပြီဆိုသော သတင်းသည် တိုင်းပြည်အတွက် ကောင်းသောအတိတ်၊ ကောင်းသောနိမိတ်ဖြစ်သည်။ ဆင်ဖြူတော်နှင့် ပတ်သက်လျှင် ရှေးအစဉ်အဆက်ကပင် အလေးထား တန်ဖိုးထားခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင် အများသိရှိကြသော ဇာတ်တော်ကြီးဆယ်ဘွဲ့တွင် နောက်ဆုံး ဇာတ်တော်မှာ ဝေဿန္တရာဇာတ်တော်ကြီး ဖြစ်သည်။ ဘုရားဖြစ်တော်မူရန်ကျင့်ကြံ အားထုတ် ပါရမီတော်များ ဖြည့်ကျင့်နေသော ဗုဒ္ဓလောင်းလျာ၏ ဘဝဖြစ်စဉ် အစိတ်အပိုင်းအချို့ လေ့လာသိရှိလိုလျှင် ဇာတ်တော်ကြီး ဆယ်ဘွဲ့ကို ဖတ်မှတ်ရသည်။ ဝေဿန္တရာဇာတ်တော်ကြီးတွင် ဆင်ဖြူတော်အကြောင်း ဖော်ပြပါရှိသည်။

 

ဝေဿန္တရာမင်း ဖွားမြင်သည့်နေ့တွင် ကောင်းကင်၌ သွားလာနေသော ဆင်ပျံမတစ်စီးသည် ဆင်ဖြူတော်ပေါက် ကလေးတစ်စီးကို ဆောင်ယူလာလျက် မင်းကြီး၏ ဆင်တင်းကုပ်၌ထားခဲ့သည်။ ထိုဆင်ဖြူတော်လေးမှာ ဗုဒ္ဓလောင်းလျာအား အထောက်အပံ့ ဖြစ်စေသောကြောင့် ပစ္စယဟု အမည်တွင်ပါသည်။ ဆင်ဖြူတော် ရောက်ရာအရပ်၌ မိုးရွာသည်။ စားရေရိက္ခာပြည့်စုံဖူလုံသည်။ တိုင်းပြည် သာယာဝပြောသည်။ မကောင်းသော ဘေးရန်၊ အဖျက်ရန်အပေါင်း ကင်းစင် လွင့်ပျောက်သည်။ ဝေဿန္တရာမင်းကြီးသည် အလှူအတန်းတွင် လွန်စွာရက်ရောသည်။ အလှူမပြုသောနေ့ဟူ၍ မရှိ သလို မလှူဘူးဟူ၍ ဆုံးဖြတ်ထားသောအရာ လုံးဝမရှိပေ။

 

ဆင်ဖြူတော် ရောက်ရာအရပ်၌ မိုးရွာသည်

 

သိဝိတိုင်း စေတုတ္တရာပြည်တွင် ဆင်ဖြူတော်ရှိနေသည့်အတွက် ဆိုးကျိုးပျောက်၍ ကောင်းကျိုးရောက်နေသော်လည်း အခြားသော တိုင်းပြည်ဖြစ်သော ကာလိင်္ဂရာဇ်တိုင်း၌ တစ်တိုင်းလုံး မိုးခေါင်၍ အစာရေစာ ငတ်မွတ်ခေါင်းပါးသည့် ဒုဗ္ဘိက္ခန္တရကပ် ဆိုက်ရောက်နေသည်။ ပညာရှင်တို့က “ဆင်ဖြူတော် ရောက်ရာ အရပ်၌ မိုးရွာသည်။ သိဝိတိုင်းစေတုတ္တရာပြည် ဝေဿန္တရာမင်းကြီးထံ၌ ဆင်ဖြူတော်ရှိသည်။ ဝေဿန္တရာ မင်းကြီးသည် အလှူဒါန၌ အလွန်မွေ့လျော်သူဖြစ်၍ သူ့ထံမှ ဆင်ဖြူတော်ကို အလှူခံသင့် ပါသည်” ဟု လျှောက်ထားကြသည်။

 

ကာလိင်္ဂရာဇ်တိုင်းသို့ ဆင်ဖြူတော် ရောက်ရှိသွားသောအခါ မိုးရွာသွန်းပြီး တောင်သူလယ်သမား လယ်ယာလုပ်ငန်း များကို ကောင်းမွန်စွာလုပ်ကိုင်နိုင်ကြသဖြင့် ငတ်မွတ်ခေါင်းပါးဘေးမှကင်းဝေး သွားသည်။ ဤသည်မှာ ဇာတ်တော်လာ ဆင်ဖြူတော်အကြောင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသော ရှေးမြန်မာဘုရင် အဆက်ဆက်တို့သည်လည်း ဆင်ဖြူတော်ရရှိခြင်းကို လွန်စွာအလေးထားကြသည်။ ဆင်ဖြူတော်ရှိလျှင် တိုင်းပြည်သာယာဝပြောပြီး စားရေရိက္ခာပေါကြွယ်သည်ဟု ယုံကြည်စိတ်ရှိသည့်အတိုင်း လက်တွေ့တွင်လည်း ကောင်းကျိုးများ ဖြစ်ထွန်းပေါ်ပေါက်သည်။ ဤသည်မှာ ဗုဒ္ဓဘာသာတို့၏ အစဉ်အလာ ဆင်ဖြူတော်နှင့် ပတ်သက် မှုပင်ဖြစ်သည်။

 

ဆက်လက်ဖော်ပြလိုသည်မှာမြန်မာ့ သမိုင်းတွင် ထင်ရှားခဲ့သော ငါးစီးရှင်ကျော်စွာနှင့် ဆင်ဖြူတော်များ အကြောင်းဖြစ်သည်။ ငါးစီးရှင်ကျော်စွာ ဆိုသည်မှာ တစ်စီးရှင် သီဟသူ၏ သားတော်ဖြစ်ပြီး သက္ကရာဇ် ၇၀၄ ခုနှစ် တွင် ဘုရင်အဖြစ်သို့ ရောက်ရှိသည်။ ဆင်ဖြူငါးစီး ပိုင်ဆိုင်ခြင်းကြောင့် ငါးစီးရှင်ဟု ကျော်ကြားခဲ့ခြင်းဖြစ်သည်။

 

တစ်ရံရောအခါ ဆင်ဖြူတွေ့သည်ဟူ၍

 

လျှောက်လာလျှင် အလုံးအရင်းနှင့် ကိုယ်တိုင်ကြွတော်မူ၍ အင်တွဲလွန်နှင့် ကျော့တော်မူသည်။ လှိုင်းတက်အရပ်၌ ဟိုင်းတစ်စီးရတော်မူသည်။ ထိုဆင်ဖြူကို “ပုလဲတမူး” ဟူသော အမည်ကို ဘွဲ့တပ်တော်မူသည်။ မုံတောမြောင်းကျပ်၌ ဆင်ဖြူတစ်စီး ရတော်မူသည်။ ထိုဆင်ဖြူကို “မဟာကေသရ” ဟူသော အမည်ကို ဘွဲ့တပ်တော်မူသည်။ ပျက်စွယ်တောင် ခြေရင်းဝယ်တစ်စီး ရတော်မူသည်။ ထိုဆင်ဖြူကို “သန်မြင်စွာ” ဟူသော အမည်ကို ဘွဲ့တပ်တော်မူသည်။ စမုံဖျားဝယ် ဟိုင်းတစ်စီး ရတော်မူသည်။ ထိုဆင်ဖြူကို “ဥပေါသထာ” ဟူသော အမည်ကို ဘွဲ့တပ်တော်မူသည်။ သဘန်းကိုးရွာမြောက် လွန်တဲညွန့်ကျုံးတွင် ရသောဆင်ဖြူအား “ချစ်စွာမရဲ” ဟူသော အမည်ကိုဘွဲ့တပ်တော်မူသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ရှေးက ဘုရင်မင်းမြတ်တို့သည်လည်း မိမိတို့ ဘုန်းကံအလျောက် ပေါ်ထွန်းလာသည့် ဆင်ဖြူတော်တိုင်းကို ဘွဲ့အမည်ပေးကြသည်ကို တွေ့ရသည်။

 

တိုင်းပြည်သာယာဝပြောအောင် ဆောင်ရွက်နိုင်သည့် ဘုရင်မင်းမြတ်များ  လက်ထက်တွင် ဆင်ဖြူတော်ပေါ်ထွန်း ကြောင်း မြန်မာရာဇဝင်တွင် တွေ့ရှိ

 

ဘုရားအလောင်းတော်ဘဝမှ အစပြုကာ ဗုဒ္ဓမြတ်စွာအဖြစ် ပေါ်ထွန်းသည်အထိ ဆင်ဖြူတော်နှင့် ပတ်သက်၍ အလေးထားမှုများမှာလည်း ရေးသား၍ မကုန်နိုင်အောင်ဖြစ်သည်။ ထိုမှ ဆက်နွှယ်၍ မြန်မာဘုရင်မင်းမြတ်တို့၏ စာပေ၊ ဂီတများတွင် ဆင်ဖြူတော်နှင့် သက်ဆိုင်သော ရေးသားဖွဲ့ဆိုမှုများမှာ လည်း ဖော်ပြ၍ မဆုံးနိုင်အောင်ပင် ဖြစ်သည်။ “ဘုန်းတော်အလွန်ကြီးမြတ် တော်မူသော ရေမြေ့အရှင် ဆဒ္ဒန်ဆင်မင်း သခင်၊ ဆင်ဖြူများရှင်” ဟူသော အသုံး အနှုန်းကို လေ့လာကြည့်ခြင်းအားဖြင့် ဘာသာသာသနာတော် စောင့်ရှောက် ၍ တိုင်းပြည်သာယာဝပြောအောင် ဆောင်ရွက်နိုင်သည့် ဘုရင်မင်းမြတ်များ လက်ထက်တွင် ဆင်ဖြူတော်ပေါ်ထွန်း ကြောင်း မြန်မာရာဇဝင်တွင် တွေ့ရှိရသည်။

 

ကုန်းဘောင်ခေတ် မင်းတုန်းမင်းကြီး လက်ထက်တွင် အထက်မြန်မာနိုင်ငံ၌ သတင်းစာပေါ်ပေါက်နေပြီ ဖြစ်သည်။ ၁၈၇၂ ခုနှစ် ဇူလိုင်လ ၁၂ ရက် (မြန်မာ သက္ကရာဇ် ၁၂၃၄ ခု၊ ဒုတိယဝါဆိုလဆန်း ၇ ရက် သောကြာနေ့ နံနက်) မြန်မာ သတင်းစာတွင် “ဆင်ဖြူတော်သတင်း (အရပ် ၂ တောင်ခန့်ရှိပြီး ဦးကင်းကျောကုန်းနှင့်မေးအောက် ရင်ဘတ်မွေး များပါဖြူခြင်း)” ဟူ၍ သတင်းတစ်ပုဒ် ပါလာသည်။ ၎င်းမှာ ဆင်ဖြူတော်ကလေး ကိုသွား၍ ကြည့်ကြရာ၊ ဆင်ဖြူတော် အရပ် ၂ တောင်ခန့်၊ ၃ ပေခန့်ရှိပါသည်။ ဦးကင်းမွေး၊ ကျောကုန်းမွေး၊ မေးအောက် ရင်ဘတ်မွေးများသည် ငွေရောင်ကဲ့သို့ ဖြူပါသည်။ မျက်လုံးများလည်း လှပပါ သည်။ အသားအရေမှာ ယခုဆင်ဖြူတော်သည် ထားဝယ်မြို့က ဆက်သော ဆင်ဖြူမလောက်မရှိပါ။ အနားတွင် ကြည့်နေကြသောသူများကို မေးမြန်းရာ ကြီးလျှင်တစ်ပုံဖြစ်လေဦးမည်။ ထားဝယ်က ဆက်ရောက်လာသော ဆင်ဖြူမထက် ယခုဆင်ဖြူတော်မလေးက ကြန်အင် လက္ခဏာကောင်းသည်ဟု ပြောကြပါသည်။ တောင်တွင်း ရမည်းသင်းဆီက ဆက်လာသော ဆင်ဖြူမဟု ပြောကြပါသည်။ ယခုနန်းတော်ထဲမှာ ကောင်းမွန်စွာ ထားပါသည်ဟူ၍ ဖော်ပြထားသည်။

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်သာယာဝပြောရေး၊ စားရေ ရိက္ခာဖူလုံရေး အားသွန်ခွန်စိုက် ဆောင်ရွက်

 

ထို့အတူ နေပြည်တော်သတင်းဟူသော ခေါင်းစဉ်ဖြင့် (အထက်မှ ဆက်လာသော ဆင်ဖြူတော်ကို လမ်းဘက်ဝဲယာ တူရိယာတီးမှုတ်၍ ရတနာတင်းကုပ်သို့သွင်းခြင်း) “ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော သကျာဝတ၊ အဂ္ဂိပဝရ၊ မြက်မြွာနဝက တို့၏ အသျှင်၊ မင်းတွင်မင်းခေါင်၊ လင်းပြောင်ချီရှိန်၊ သိရိန္ဒြေ၊ ဖြိုးဝေ မြင့်မား၊ မင်းတရားကြီးဘုရားသည် ဆယ်ပါးရာဇ၊ မြတ်ဓမ္မနှင့်၊ သင်္ဂဟလေး၊ နှောင့်နှေးမယွင်း၊ ဖြည့်တင်းဆောက်ဦ၊ ကျင့်တော်မူသောကြောင့်၊ ရာဇူစက္ကရတ်၊ ဘေးလောင်းမြတ်ဝယ်၊ ဥဂ္ဂဋ္ဌ်စကြာ၊ ဖူးဆိုက်လာသကဲ့သို့၊ ထက်ရွာမြို့နယ်၊ အောင်မယ်အောင်ချက်၊ ဘူမိနက်မှ၊ နှင်းဆက်ပဏ္ဏာ၊ သွင်းပို့လာသော၊သာခွာ ငွေကျူ၊ ရေတူနှိုင်းလျော်၊ ဆင်ဖြူတော် ပေါက်လှကို ၁၂၃၈ ခု၊ ရတုဝဿန္တ၊ လသီတင်းကျွတ်၊ ဝင်းလွတ်မြန်းတက်၊ ဆန်း ၆ ရက်နှိုက်၊ လမ်းဘက်ဝဲယာ၊ ပဉ္စင်ငြာ၍၊ ရတနာတင်းကုပ်သို့ သွင်းတော်မူကြောင်းများကို ကြားသိတွေ့မြင်ရလေသည်”ဟူ၍ ဖော်ပြထားသည်။ ဤအထောက်အထားများကို ရေးသားဖော်ပြရခြင်းမှာ ရှေးမြန်မာမင်းများအဆက်ဆက် ဆင်ဖြူတော်ကို အလေးအနက် တန်ဖိုးထားသည်ကို စာဖတ်သူများ သိစေလို၍ ဖြစ်ပါသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်သာယာဝပြောရေး၊ စားရေ ရိက္ခာဖူလုံရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးခြင်း၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထား ဆောင်ရွက်ခြင်း စသည်တို့အပြင် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအောင် တည်ဆောက်လျက်ရှိသည်။

 

မင်္ဂလာသတင်းကို ပြည်သူများ ကြားမြင်သိရှိပြီးဖြစ်

 

နိုင်ငံတော်အတွက် ကောင်းသော အကြောင်းအရာများ စွမ်းဆောင်နေခြင်းကြောင့် ၂၀၂၂ ခုနှစ် ဇူလိုင်၂၃ ရက်နေ့တွင် ဒသမမြောက် ဆင်ဖြူတော်တစ်စီး ပေါ်ပေါက်လာခဲ့သည်။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် (၃၃) နှစ်က ဆင်ဖြူတော် (အထီး) ကလေးတစ်စီးအား ၂၃-၇-၂၀၂၂ ရက်နေ့ နံနက် မင်္ဂလာအချိန် ၀၆:၃၀ နာရီတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်ကလေး မှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံးလုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန်ပေါင် ၁၈၀ ခန့်ရှိကြောင်း မင်္ဂလာသတင်းကို ပြည်သူများ ကြားမြင်သိရှိပြီးဖြစ်သည်။

 

အဆိုပါ ဆင်ဖြူတော်ကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ရှစ်ချက်အနက် မျက်လုံးပုလဲ ရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက် ကိုက်ညီသော ဆင်ဖြူတော်ကလေး ဖြစ်သည်။

 

အထက်ပါဆင်ဖြူတော်ကလေးမှာ အသက် ၃ လ ၇ ရက်သားအရွယ်တွင် အရပ်အမြင့် ၂ ပေ ၁၀ လက်မ၊ ကိုယ်လုံး လုံးပတ် ၄ ပေ ၂ လက်မ၊ ကိုယ်အလေး ချိန် ၂၆၅ ပေါင်ရှိလာပြီး မိခင်ဆင်မကြီး နှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ ကြောင်း သိရသည်။

 

ယခုအခါ နေပြည်တော်ကောင်စီ နယ်မြေသို့ ရောက်ရှိနေပြီး ဥပ္ပါတသန္တိ စေတီတော်၏ အရှေ့ဘက်မုခ်တွင် ဆင်ဖြူတော် ရတနာနားနေဆောင်များ ဆောက်လုပ်၍ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။ ဆင်ဖြူတော်များ သဘာဝအတိုင်း နေထိုင်ကျက်စားနိုင်စေရန် ဆင်ဖြူတော်ရတနာဥယျာဉ်ကို ဘုရားဝတ္ထုကံမြေအတွင်း ပြုပြင်ထားရှိပါသည်။

 

ဆင်ဖြူတော်၏ ဘွဲ့အမည်မှာ ရဋ္ဌနန္ဒက ဖြစ်

 

ဆင်ဖြူတော်ကလေးကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၀ ရက် (မြန်မာသက္က ရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက်) တနင်္ဂနွေနေ့၊ နံနက်ပိုင်းတွင် အမည်တော်ပေး မင်္ဂလာအခမ်းအနား ကျင်းပသည်။ ဆင်ဖြူတော်၏ ဘွဲ့အမည် မှာ ရဋ္ဌနန္ဒက (ရဋ္ဌ = တိုင်းပြည်၊ နိုင်ငံ။ နန္ဒက = ချစ်ခင်မြတ်နိုးခြင်း၊ သာယာ ပျော်ရွှင်ခြင်း) (မြန်မာအဓိပ္ပာယ် အပြည့် အစုံမှာ - တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြော ပျော်ရွှင် ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူ ရတနာ)ဖြစ်ကြောင်း သိရှိရသည်။အဆိုပါ ဒသမမြောက် ဆင်ဖြူတော် ရဋ္ဌနန္ဒက (တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံ တော်၏ သာယာဝပြောပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ) ထူးခြားစွာ ပေါ်ထွန်းလာခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တိုင်းကျိုးပြည်ပြုလုပ်ငန်းများ အောင်မြင် ပြီးမြောက်၍ တိုင်းပြည်သာယာ ဝပြော စည်ပင်တော့မည်ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ဘေးဆိုးကပ်ဆိုး ရောဂါဆိုး ကွယ်ပျောက်ပြီး နိုင်ငံတော်၏ ဂုဏ် သိက္ခာကျက်သရေမင်္ဂလာတို့ ပြည့်ဝလာတော့မည်မှာ အမှန်ပင်ဖြစ်သည်။

 

mdn

 

ဆင်ဖြူတော်ကလေးမှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်ကလေးဖြစ်ပြီး ဆင်ဖြူတော်၏ ကြန်အင်လက္ခဏာများနှင့်အညီ ယဉ်ကျေးသိမ်မွေ့ကာ ချစ်ခင်နှစ်လိုဖွယ်ရာလည်း ကောင်းသည်။ ဆင်ဖြူတော်၏ အမည်သည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်အပြင် တိုင်းပြည်ငြိမ်းချမ်းသာယာဝပြော ပျော်ရွှင်မှုကို ဖော်ဆောင်ပေးသော အတိတ်နိမိတ်ပင် ဖြစ်သည်။

 

ထို့ကြောင့် “ရဋ္ဌနန္ဒက” (တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြောပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ) အမည်ရသည့် ရတနာဆင်ဖြူတော် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အနာ ရောဂါကင်းပါစေ၊ အသက်ရာကျော် ရှိပါစေ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကြီးသည်လည်း ဘေးဘယာ ဝေးကွာ၍ သာယာဝပြောဖွံ့ဖြိုးတိုးတက် အောင်မြင်ပါစေ၊ တိုင်းသူပြည်သားများသည်လည်း ပျော်ရွှင်ချမ်းမြေ့ကြပါစေဟု ဆုမွန်ကောင်းတောင်းကာ ကြိုဆို ဂုဏ်ပြုရေးသားလိုက်ရပေသည်။ ။