ဆင်ပစ်မုဆိုးသုံးဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းမိ

ဟိုင်းကြီးကျွန်း ဧပြီ ၈

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ညောင်ဝိုင်းကျေးရွာအုပ်စု (မဲခရဲသစ် တောကြိုးဝိုင်းအတွင်း) ဒေသအခေါ် သစ်စိမ့်ချောင်းဝ၌ ဆင်ပစ်မုဆိုးများ ရောက်ရှိနေကြောင်း သတင်းအရ သစ်တောဦးစီးဌာနက တောအုပ် ဦးနိုင်ဝင်းနှင့် ကျုံကူးနယ်မြေရဲစခန်းက ဒုရဲအုပ် လှိုင်ဝင်းတို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဧပြီလ ၈ ရက်နံနက် ၂ နာရီခန့်တွင် သက်သေခံ ပစ္စည်းများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ လိုင်းသာယာ မြို့နယ်တွင် နေထိုင်သူ(၁)ဦးနှင့် ဒေသခံ(၂)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

 

1

 

ဖမ်းဆီးရမိသူ (၃)ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်နေ အောင်လင်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ငါးပြေမကျေးရွာအုပ်စု၊ ဂျိတ်ကွင်းကျေးရွာနေ ဇင်မောင်မောင်(ခ) ပေါက်ရှည်နှင့် စမ်းနားကျေးရွာနေ မင်းဇော် တို့ဖြစ်ကြောင်း သိရှိရသည်။

 

1

 

၎င်းတို့သုံးဦးနှင့်အတူ ပြောင်းဝ(၁)လက်မ၊ လုံးပတ်(၃)လက်မ၊ ပြောင်းအရှည် (၃၆) လက်မ၊ သစ်သားဒင်(၂၈) လက်မ၊ အပါ်ကျည်ရိုက်မီးပါ တူမီးလုပ်သေနတ်(၁)လက်၊ အရိုးအသွား (၁၅)လက်မခွဲခန့် ဓါးတစ်ချောင်း၊ အရိုးအသွား(၁၇)လက်မခွဲခန့် ဆင်ဦးစီးဓါးတစ်ချောင်း၊ အရိုးအသွား(၁၆)လက်မခန့် သစ်သားရိုးတပ် မြားတစ်ချောင်း၊ ကျွတ်စ(၁)ထုတ်၊ ယမ်းအနက်ရောင်အမှုန့်(၁)ထုတ်၊ အဝါရောင်ကန့်မှုန့်(၁)ထုတ်၊ အဖြူရောင် ယမ်းရမ်း စိမ်းမှုန့် (၁)ထုတ်၊ “အမ်ကုန်းကြီး km တံဆိပ်ပါ ယမ်းခွေ(၁)ဗူး၊ အဆပ်ထည့်ထားသော ပင်နယ်စလင် ပုလင်း(၄)လုံး၊ လဲ(၁)ထုတ်၊ ဂွမ်း(၁)ထုတ်၊ ၂လက်မခွဲသံ(၅) ချောင်းနှင့်အဖြူရောင်အပ် ချည်လုံး (၁)လုံး၊ Olyoic တံဆိပ်ပါ အဖြူရောင် ကြွပ်ကြွပ်အိတ်ကြီး တစ်လုံးတို့ကို သက်သေခံ ပစ္စည်းများအဖြစ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးရမိ တရားခံ(၃)ဦးကို ကျုံကူးနယ်မြေ ရဲစခန်းက အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

 

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)