ဆင်ခြင်တုံတရားနှင့် ယုံကြည်လက်ခံမှု . . .

နေပြည်တော် ၁ ဒီဇင်ဘာ

 

နည်းပညာတိုးတက်ဖွံ့ ဖြိုးမှု အရှိန်အဟုန်မြင့်မားလာသည့်အခါ သတင်းပျံ့နှံ့မှုနှုန်းက အလွန်လျင်မြန်လာပါသည်။ အထူးသဖြင့် ဆိုရှယ်မီဒီယာများပေါ်ကတစ်ဆင့် မိမိ၏သဘောဆန္ဒနှင့် အယူအဆယုံကြည်မှုတို့ကို မျှဝေဖြန့်ဖြူးမှုများသည်လည်း အချိန်တိုအတွင်း တယ်လီဖုန်းခလုတ်တစ်ခု နှိပ်ရုံမျှဖြင့် လွယ်ကူစွာ ဆောင်ရွက်နိုင်နေသည်။

 

အခြေခံလှူအခွင့်အရေးအရ မည်သူမဆို မိမိသဘောဆန္ဒအလျောက်ယုံကြည်ချင်ရာကို ယုံကြည်နိုင်ခွင့်ရှိ၏။ မိမိယုံကြည်လိုရာကို ယုံကြည်နိုင်သကဲ့သို့ မိမိမယုံကြည်ရာကို မယုံကြည်နိုင်ခွင့်ကိုလည်း ဥပဒေကပေးထား၏။ လူတစ်ယောက်၏ မွေးရာပါအခွင့်အရေးဟု ခေါ်ရပါမည်။ သို့သော်မိမိ၏ယုံကြည်မှုကိုသော် လည်းကောင်း၊ မယုံကြည်မှုကိုသော် လည်းကောင်းအခြေပြု၍ သူတစ်ပါးကို မထိခိုက်မနစ်နာရအောင်လည်း ဥပဒေက ထိန်းသိမ်းစောင့်ရှောက်ပေးထားပါ၏။

 

ထို့ပြင် ယနေ့ကာလ မြန်မာနိုင်ငံရှိ လူတစ်ယောက်၏ မိမိယုံကြည်ရာကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ဆိုသည်ကလည်း ယခင်ကာလများနှင့်နှိုင်းစာလျှင် အလွန့်အလွန် ကွာခြားလှစွာ ပွင့်လင်းသည့်အချိန်ဟု ဆိုရပါမည်။

 

အမှောင်ခေတ်ကာလများတုန်းကလို စိုးရိမ်ထိတ်လန့်စရာမလိုတော့သည့်အတွက် တစ်ခါတစ်ရံ၌ ပြင်းထန်သောအရေးအသားများ၊ ဝေဖန်ပြစ်တင်မှုများ၊ အချို့ဆိုလျှင် အလွန်တရာရက်စက်ကြမ်းကြုတ်မှု ဓာတ်ပုံနှင့် စာသားများ ဖြန့်ဖြူးလာကြသည်ကိုပင် တွေ့သိရပါသည်။ပညာတတ်များဟုယူဆရသော အဝန်းအဝိုင်းအတွင်းမှာပင် အထောက်အထားမရှိ မည်သို့မျှ ယုံကြည်နိုင်စရာမရှိသည့် ယုံတမ်းစကားများ၊ သတင်းများနှင့် ရွှေပေလွှာများကို အားရပါးရ ယုံယုံကြည်ကြည်ဖြန့်ဝေနေသည်ကို တွေ့ရသည်။ ခေါင်းငါးလုံးနှင့် မြွေ၊ အနှစ် ၈၀ဝ ကျော်ကြာမှ တစ်ခါကြုံရသည့် စနေ၊ တနင်္ဂနွေ၊ တနင်္လာ ငါးရက်စီရှိသော ဒီဇင်ဘာလ၊ ဆုတောင်းပြည့်သစ်ကိုင်းခြောက် ဓာတ်ပုံစသည် စသည်....။

 

ဤနေရာ၌ လူတစ်ယောက်၏ မွေးရာပါအခွင့်အရေးအရ မိမိယုံကြည်လိုသည့်အတိုင်း ယုံကြည်နိုင်ခွင့်ရှိသော်လည်း နေ့စဉ် လူမှုဘဝတွင်းကအချို့သောကိစ္စများတွင်မူ ဆင်ခြင်တုံတရားနှင့် စဉ်းစားဉာဏ်ဖြင့် ယုံကြည်လျှင် ပိုမိုသင့်လျော်ကောင်းမွန်မည်ဟု ယူဆစရာများလည်း တွေ့ မြင်ရပါသည်။

 

အထူးတလည် အားစိုက်စရာမလိုဘဲ အနည်းငယ်ဆင်ခြင်ကြည့်လျှင်ပင်ယုံကြည်လောက်စရာမရှိသည်တို့ကို ယုံကြည်နေကြခြင်းက လောဘ ဒေါသ မောဟ တိမ်သလ္လာတို့ ကွယ်ဆီးထားသည်လားဟု တွေးမိရပါသည်။ လိုချင်စိတ်ပြင်းပြလွန်းနေ၍ သို့မဟုတ် မုန်းတီးစိတ်လွန်နေ၍ ဘာကိုမှအမှန်တိုင်းမြင်၍မရတော့သည့် အတ္တ မာနတို့က ဦးဆောင်နေ၍။  

 

သို့တည်းမဟုတ် အခြားအကြောင်းတစ်ခုခုဖြင့် တမင်ပင် မမှန်သတင်းများကို ယုံကြည်ယောင်ပြုနေကြရော့လားဟု တွေးမိနေပါသည်။ ထို့အတူကိုယ်ကျိုးစီးပွားပေါ်အခြေခံပြီး မဟုတ်မမှန်မှုများကို ကျင့်ဝတ်သိက္ခာမဲ့စွာဖန်တီးရေးသား ဖြန့်ဝေနေမှုများကို သိမြင်နားလည်နိုင်ရန်လည်း လိုပါမည်။

 

အချုပ်အားဖြင့်ဆိုရပါလျှင် နိုင်ငံသားများ၏ ဆင်ခြင်တွေးတောမှု၊ဉာဏ်ပညာပါသော ယုံကြည်လက်ခံမှုတို့က နိုင်ငံနှင့် လူမျိုး၏ တိုးတက်မြင့်မားရေးနှင့် ဂုဏ်သိက္ခာတို့အတွက် အရေးပါသောလိုအပ်ချက်များဖြစ်ပါမည်ဟု ယုံကြည်ကြောင်း တင်ပြလိုက်ရပါသည်။ ။

 

မြန်မာ့အလင်း