ဆန္ဒပြလှုပ်ရှားမှုတွေမှာ မျက်နှာဖုံးတပ်ဆင်ခြင်းကို ပိတ်ပင်မယ့်ဥပဒေ

ကလျာမိုးမြင့်

 

ဟောင်ကောင်မှာဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေနဲ့ အများပြည်သူစုဝေးချီတက်မှုတွေမှာ မျက်နှာဖုံးတွေတပ်ဆင်ခြင်းကို တားမြစ်ပိတ်ပင်တဲ့ အမိန့်တစ်ရပ်ကို ကြေညာဖို့ ဟောင်ကောင်အစိုးရက စီစဉ် နေတယ်လို့ ဒေသသတင်းမီဒီယာတွေမှာဖော်ပြတာကို တွေ့လိုက်ရပါတယ်။

 

အရေးပေါ် ဥပဒေ

အစိုးရကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို နှိမ်နင်းဖို့ ရည်ရွယ်တဲ့အနေနဲ့ မျက်နှာဖုံး တပ်ဆင်မှုကို ပိတ်ပင်တားမြစ်ဖို့အတွက် အာဏာပိုင်တွေဟာ အရေးပေါ် ဥပဒေတစ်ရပ် ကို အသုံးပြုဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဟောင်ကောင်မှာ ရာဇဝတ်မှုကျူးလွန်သူ တရားခံတွေကို တရုတ်ပြည်မကြီးသို့ လွှဲပြောင်းပေးဖို့ အဆိုပြုခဲ့တဲ့ဥပဒေကို မကျေ နပ်တဲ့အတွက် ဆန္ဒပြမှုတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ကနေ စတင်လာလိုက်တာ ယခုအချိန်အထိ ပါပဲ။

 

သဘောထားကွဲလွဲသူတွေကို ထိခိုက်စေ

နိုင်ငံရေးဆိုင်ရာ ဝေဖန်သူတွေက လူထု စုဝေးချီတက်မှုတွေမှာ မျက်နှာဖုံးစွပ်တပ်ဆင် တာကို ပိတ်ပင်ခြင်းက ဟောင်ကောင်မြို့ရဲ့ တရားစီရင်ရေးလွတ်လပ်ခွင့်ကို ထိခိုက်စေ မယ့်အရေးနဲ့ သဘောထားကွဲလွဲကြတဲ့သူတွေ ကို ထိခိုက်မှုဖြစ်လာစေနိုင်တဲ့အရေးကို စိုးရိမ် ခဲ့ကြပါတယ်။

 

အဲဒီဥပဒေကို အတည်ပြုပြဋ္ဌာန်းဖို့အတွက် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်က ၎င်းရဲ့ အစိုးရဝန်ကြီးများအဖွဲ့နဲ့ အထူးအစည်း အဝေးတစ်ရပ် ပြုလုပ်ပြီးတဲ့နောက်မှာ အစိုးရ က မျက်နှာဖုံးတပ်ဆင်ခြင်းကို ပိတ်ပင်တဲ့ အမိန့်ကို ကြေညာဖွယ်ရှိတယ်လို့ ဒေသ သတင်းမီဒီယာတွေမှာ ဖော်ပြနေပါတယ်။ ဒီဥပဒေကို ၁၉၆၇ ခုနှစ်မှာ ပြင်းထန်တဲ့ အဓိက ရုဏ်းဖြစ်ပွားမှုတွေကို နှိမ်နင်းဖို့ နောက်ဆုံး အသုံးပြုခဲ့ပါတယ်။

 

အခွင့်အာဏာပေး

ဒီဥပဒေက ဟောင်ကောင်အကြီးအကဲ ကယ်ရီလမ်ကို အများပြည်သူအကျိုးစီးပွားအတွက် လိုအပ်တယ်လို့ ယူဆရတယ် ဆိုရင် ဘယ်လိုစည်းကမ်းမျိုးမဆို ထုတ်နိုင်တဲ့ အခွင့်အာဏာကို ပေးအပ်လိုက်ရာရောက် သွားနိုင်တယ်လို့ ဝေဖန်သူတွေက ပြောကြားခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်က နောက်ဆုံးအသုံးပြုခဲ့တဲ့ အရေးပေါ်ဥပဒေထုတ်ပြန်မှုမှာ အစိုးရဟာဖမ်းဆီးခွင့်၊ ဆင်ဆာတည်းဖြတ်နိုင်ခွင့်နဲ့ ရှာဖွေစစ်ဆေးခွင့်တွေ ပြုလုပ်ပိုင်ခွင့် ရရှိခဲ့ပါတယ်။

 

မကြာသေးမီ ရက်သတ္တပတ်များအတွင်း က ဆူပူဆန္ဒပြမှုတွေဟာ ပိုပြီးအကြမ်းပတမ်း ဖြစ်လာတဲ့အနေအထားမျိုးတွေ ဖြစ်လာပါတယ်။ အင်ဒိုနီးရှားဂျာနယ်လစ်တစ်ဦးဟာ ရဲကပစ်ခတ်လိုက်တယ်လို့ဆိုရတဲ့ ရော်ဘာ ကျည်ဆန်ထိမှန်မှုကြောင့် ညာဘက်မျက်စိ ကွယ်ခဲ့ရပါတယ်။ ပြီးတော့ ယခုရက်သတ္တပတ် အတွင်းမှာလည်း အသက် ၁၈ နှစ်အရွယ် ဆန္ဒပြ လူငယ်တစ်ဦးကို ရဲအရာရှိက သေနတ်နဲ့ပစ်ခတ် လိုက်တဲ့အတွက် ရင်အုပ်မှာ ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့ပြီး အရေးပေါ်ခွဲစိတ်ကုသမှု ပြုလုပ် ခဲ့ရပါတယ်။

 

အကူအညီဖြစ်

ဆန္ဒပြပြည်သူတွေအနေနဲ့ မျက်နှာဖုံးစွပ် တွေ တပ်ဆင်ပြီး လူစုလူဝေးထဲ ရှိနေတဲ့အခါ ၎င်းတို့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို လွယ်လွယ်ကူကူမခွဲခြားနိုင်တဲ့အတွက် အာဏာ ပိုင်တွေဖမ်းဆီးတာကို မခံရစေဖို့ အကူအညီ ဖြစ်စေပါတယ်။ မကြာသေးခင်အတော အတွင်း ဖြစ်ပွားခဲ့တဲ့ ဟောင်ကောင်ဆန္ဒပြမှု တွေမှာ လုံခြုံရေးဆောင်ရွက်တဲ့ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေ ကိုယ်ပေါ်ခြယ်ထားတဲ့ အပြာ ရောင်ဆိုးဆေးတွေကို ရေပိုက်တွေနဲ့ဖျန်းပြီး ဖယ်ရှားခဲ့တာကြောင့် နောက်ပိုင်း ဘယ်သူ ဘယ်ဝါဆိုတာ ခွဲခြားဖို့ လွယ်ကူသွားပါ တယ်။
ကောလာဟလထွက်ပေါ်နေတဲ့ အရေးပေါ် ဥပဒေထဲမှာ ဘယ်လိုအကြောင်းအရာတွေ ပါဝင်မလဲဆိုတာကို ကျွန်ုပ်တို့ အခုထိ မသိရ သေးဘူး။ ဒါပေမယ့် ဆန္ဒပြသူတွေကတော့ သောကြာနေ့မှာ ထွက်ပေါ်လာနိုင်ဖွယ်ရှိတဲ့ အဲဒီကြေညာချက်နဲ့ ပတ်သက်ပြီး အတော်လေး နိုးနိုးကြားကြားနဲ့ သတိထားပြီးနေနေကြတယ် လို့ သိရပါတယ်။ အချို့ကတော့ ဆန္ဒပြမှုတွေ ဆက်လုပ်ဖို့နဲ့ ဘယ်လောက်ကြံ့ကြံ့ခံနေတယ် ဆိုတာကို ပြသဖို့ တိုက်တွန်းနေဆဲပါပဲ။

 

ရဲတပ်ဖွဲ့ အကြမ်းဖက်နေသလား

ပြီးခဲ့တဲ့ လေးလကျော်အကြာလောက်က ကြီးမားတဲ့ ငြိမ်းချမ်းတဲ့ လူထုအမြောက်အမြား စုဝေးချီတက်ပွဲအချို့ကို စီစဉ်ခဲ့တဲ့ ပြည်တွင်း လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့က မျက်နှာဖုံးစွပ် တပ်ဆင်မှုကို တကယ်တမ်းပိတ်ပင်တဲ့အခါ ရဲတွေကို အရင်ဆုံးပိတ်ပင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်မှသာလျှင် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်တဲ့ အရာရှိတွေကို အရေးယူ ဆောင်ရွက်နိုင်တယ်ဆိုတာမျိုး ဖြစ်လာမှာလို့ ၎င်းတို့က ပြောကြားပါတယ်။ ဟောင်ကောင် ရဲတွေကတော့ ဆန္ဒပြမှုတွေကို ဖြိုခွင်းရာမှာ လူမဆန်စွာလုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက် တွေကို အကြိမ်ကြိမ်ငြင်းဆန်ထားပါတယ်။

 

မေးခွန်းထွက်ပေါ်

အမှန်တကယ်အားဖြင့် လူထုစုဝေးမှုတွေ မှာ မျက်နှာဖုံးစွပ်တပ်ဆင်ခြင်းကို ပိတ်ပင်တဲ့ ဥပဒေဟာ ဆန္ဒပြမှုတွေကို ဘယ်လိုဘယ်ပုံ သက်ရောက်မှုရှိလာမလဲဆိုတာနဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီးထွက်ပေါ်နေပါတယ်။ ပြီးတော့ လိုတာထက်ပိုပြီး အင်အားဖြန့်ကြက် ထားတဲ့ ရဲတပ်ဖွဲ့ကရော ဒါကို ဘယ်လိုဆောင် ရွက်သွားမလဲဆိုတာကိုလည်း ရှင်းရှင်းလင်း လင်း မသိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက အရာရှိတွေအတွက်တော့ သတင်း ကောင်းတစ်ခု ဖြစ်ချင်ဖြစ်နေမှာပါ။

 

တရားမျှတမှုမရှိနိုင်

တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကို ကန့်ကွက်ဆန့်ကျင်သူတွေက ဒီကိစ္စဟာ ဟောင်ကောင်ဒေသခံတွေကို ကြားနာစစ်ဆေး မှုတွေမှာ တရားမျှတမှုမရှိတဲ့ အခြေအနေ ဖြစ်လာစေနိုင်တယ်လို့ တွေးထင်စေခဲ့ပါ တယ်။ သို့သော်လည်းပဲ ဆန္ဒပြမှုတွေ အတော မသတ်နိုင်အောင်ဖြစ်ပြီးနောက် ဇူလိုင်လမှာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်က ဒီဥပဒေ အသက်မဝင်တော့ဘူးလို့ ကြေညာ ခဲ့ပါတယ်။ သို့သော်လည်းပဲ ဆန္ဒပြသူတွေကို စိတ်ကျေနပ်အောင် မလုပ်ဆောင်နိုင်ခဲ့ ပါဘူး။


ဒီဥပဒေ ပြန်ပြီးအသက်ဝင်လာမှာကို ကြောက်ရွံ့တဲ့အတွက် ပြည်သူတွေ ဆက်လက် ဆန္ဒပြခဲ့ကြပြီး တရားခံလွှဲပြောင်းရေးဥပဒေကို အပြီးဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ အဲဒီဥပဒေကို စက်တင်ဘာ လမှာ အပြီးဖျက်သိမ်းခဲ့ပါတယ်။ သို့သော်လည်း ရဲတွေနဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွေကတော့ မူလအတိုင်း အရှိန်အဟုန် မပျက် ဆက်ရှိနေပြီး အာဏာပိုင်တွေက ဆန္ဒပြ မှုတွေကို နှိမ်နင်းဖို့ ဆက်လက်ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

 

စွဲချက်တင်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားလူငယ်တွေအပါအဝင် ၉၆ ဦးကို ဆူပူမှုနဲ့ တရားရုံးက တရားစွဲဆိုဆောင်ရွက်ခဲ့ ပါတယ်။ သေနတ်ထိမှန်ဒဏ်ရာရခဲ့တဲ့ အသက် ၁၈ နှစ်အရွယ်ကျောင်းသားကိုလည်း ဆူပူမှု၊ ရဲအရာရှိကို စော်ကားမှုတွေနဲ့ စွဲချက်တင်ခဲ့ပါ တယ်။ ဒီကိစ္စကြောင့် မကျေမနပ်ဖြစ်ရမှုတွေက ပိုလို့တောင် ကျယ်ပြန့်လာပါတယ်။


၁၉၉၇ ခုနှစ်မတိုင်မီက ဟောင်ကောင်ဟာ ဗြိတိသျှလက်အောက်ခံ နယ်နိမိတ်တစ်ခုအဖြစ် ကျရောက်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုပြန်ဖြစ်လာ ပေမယ့် ကိုယ်ပိုင်အစိုးရတစ်ရပ်နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပိုင်ဆိုင်တဲ့ နယ်နိမိတ်တစ်ခုအနေနဲ့ ရပ်တည်နေပါတယ်။ လွတ်လပ်စွာ ချီတက်စုဝေး ခွင့်နှင့် လွတ်လပ်စွာဝေဖန်ပြောဆိုခွင့် စတဲ့ အခွင့်အရေးတွေကိုလည်း အကာအကွယ်ပေး ထားပါတယ်။
သို့သော်လည်းပဲ အဲဒီလွတ်လပ်ခွင့်တွေကို ကာကွယ်ပေးထားတဲ့ အခြေခံဥပဒေဟာ ၂၀၄၇ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလနောက်ပိုင်းမှာ ဟောင်ကောင် ရဲ့ ရပ်တည်မှုအခြေအနေ ဘယ်လိုဆက်ဖြစ်လာ မလဲဆိုတာကိုတော့ မသိနိုင်သေးပါဘူး။

ကိုးကား- သည်ဂါဒီယန်၊ ဘီဘီစီ