ဆန်စပါးမျိုးစေ့ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နှင့် Export Zone ဇုန်များ ဖော်ဆောင်ရေး အတွက် အစိုးရ - ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ မတ် ၂၅

“ဆန်စပါးမျိုးစေ့ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် Export Zone များ ဖော်ဆောင်ရေး အစိုးရ-ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲ” ကို ယနေ့တွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဦးလှမိုး၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌနှင့် ညီနောင် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဆန်စပါးပညာရှင်များ၊ မျိုးစေ့ကုမ္ပဏီများမှ ကိုယ်စား လှယ်များ ၊ မျိုးစေ့ထုတ်တောင်သူများ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က တောင်သူလယ်သမားများ သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်း၏ အန္တိမရည်မှန်းချက်ဖြစ်သည့် အကျိုးအမြတ်များများ ရရှိရေး ၊ Export Zone များ တည်ထောင်ပြီး ပိုမိုခိုင်မာသည့် ပြည်ပဈေးကွက်များ ရရှိလာနိုင်ရေးနှင့် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာစေရေးအတွက် မိမိတို့အားလုံး ဝိုင်းဝန်း ကြိုးပမ်းကြပါရန် ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဆန်စပါးမျိုးစေ့ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် Export Zone များ ဖော်ဆောင်ရေး စီစဉ်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်က ဒေသတွင်းနိုင်ငံများ၏ ဆန်တင်ပို့မှုနှင့် ဈေးကွက်အခြေအနေများ၊ နိုင်ငံတကာတွင် မြန်မာ့ဆန် ဈေးကွက်ထိုးဖောက်နိုင်ရေးအတွက် သီးနှံအရည်အသွေးနှင့် မျိုးကောင်းမျိုးသန့်သုံးစွဲစိုက်ပျိုးရန်လိုအပ်ချက်များကို ဆွေးနွေးတင်ပြသည်။

ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များ၊ တောင်သူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်ပသို့ ဆန်တင်ပို့ရောင်းချခြင်းအတွက် စိုက်ပျိုး ထုတ်လုပ်ရန် မျိုးကောင်းမျိုးသန့် ရွေးထုတ်ခြင်း တိုင်းဒေသကြီး ပြည်နယ်အလိုက် လေ့လာဆောင်ရွက်ရန်၊ တကွဲတပြားဖြစ်နေသည့် မျိုးစေ့ထုတ်သူများကို ပြန်လည်စုစည်းရန်၊ ပန်းတိုင်အထွက် ရည်မှန်းချက်နှင့် ဆန်တင်ပို့ခြင်းအတွက် အကျိုးများနိုင်မည့် အထွက်ကောင်းစပ်မျိုး Hybrid Rice စိုက်ပျိုးထုတ်လုပ်မှုကို စဉ်းစားပေးနိုင်ရေး၊ ဆန်စပါးအထူးပြု ကုမ္ပဏီများ၊ ဆန်တင်ပို့ရောင်းချသူများကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် က ဦးဆောင်၍ မျိုးစေ့ထုတ်လုပ်ငန်းများကို ဧရာဝတီတိုင်းဒေသကြီးတွင် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဆန်စပါးအထူးပြုကုမ္ပဏီများက စိုက်ပျိုးထုတ်လုပ်မှုနှင့် တင်ပို့မှုရောင်းချမှု ဟန်ချက်ညီဖြစ်စေရန် လိုအပ်သော အမျိုးအစားအလိုက် စိုက်ဧရိယာ လိုအပ်ချက်များကို တွက်ချက်ပြီး Export Zone များ သတ်မှတ်ရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား မျိုးစေ့ထုတ်လုပ်ငန်းများအတွက် ထိုက်သင့်သည့် ရင်းနှီးမြုပ်နှံမှု ရရှိရေး၊ မျိုးစေ့အခြောက်ခံခြင်း သိုလှောင်ခြင်း ထုပ်ပိုးခြင်း အပါအဝင် လုပ်ငန်းရှင်များ၏ အရင်းအနှီး ချေးငွေရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် ၊ မျိုးစေ့ထုတ် တောင်သူများအား နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် ချိတ်ဆက်ပေးရန်၊ တောင်သူကြီးများအတွက် ကန်ထရိုက်လယ်ယာစနစ် အထူးချေးငွေနှင့် ချိတ်ဆက် ဆောင်ရွက်ပေးရန်၊ တောင်သူနှင့် ဆန်စပါးကုမ္ပဏီများကြား မျိုးစေ့ထုတ်လုပ်ငန်း သတင်းအချက်အလက် ရရှိမှုကောင်းမွန်စွာ စီးဆင်းရန်၊ မျိုးစေ့လုပ်ငန်း ပိုမိုတွင်ကျယ် လာစေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း လိုအပ်ချက်ကို တောင်သူများ စနစ်တကျ အသုံးပြု နိုင်ရေး တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲ ဒုတိယပိုင်း အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က စပါးမျိုးအမည်များကို ဒေသအလိုက် အခေါ်အဝေါ် အမျိုးမျိုးသုံးစွဲနေမှုကို ပြန်လည်စိစစ်ပြီး မျိုးဗီဇကိုအခြေခံသည့် မျိုးအမည်ကို တပြေးညီသုံးစွဲနိုင်ရေး ဆက်လက်ကြိုးပမ်းသွားရန် လိုအပ်ကြောင်း၊ လယ်ယာမြေများတွင် ခွင့်ပြုချက်မရှိပဲ အခြားနည်းပြောင်းလဲသုံးစွဲမှုများ မပြုလုပ်ကြရန်နှင့် အသုံးပြုရန်လိုအပ်ချက် ရှိပါက တည်ဆဲလယ်ယာမြေဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုချက်တောင်းခံရန် လိုမည်ဖြစ်ကြောင်း၊ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ အသင်းအဖွဲ့များ လုပ်ငန်းရှင်များအားလုံးက ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် အခြေခံ ကုန်ကြမ်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လယ်ယာကဏ္ဍဖွံ့ဖြိုးရန် တောင်သူလယ်သမားများ လုပ်ငန်းရှင်များ၏ ရင်းနှီးမြုပ်နှံမှုငွေကြေး လိုအပ်ချက်သည် အလွန်အရေးပါကြောင်း၊ လုပ်ငန်းတူ စိတ်တူ သဘောတူ ဆန္ဒတူညီသူများ စုဖွဲ့ပြီး သမဝါယမအသင်းအဖြစ် လုပ်ကိုင်မည်ဆိုပါက သမဝါယမ ချေးငွေရရှိနိုင်မှုအခွင့်အလမ်းများ ရှိပါကြောင်း နှင့် မျိုးစေ့ထုတ်သမဝါယမအသင်း၊ လယ်ယာကုန်ထုတ်ဝန်ဆောင်မှု သမဝါယမအသင်းများအဖြစ် တည်ထောင်လုပ်ကိုင်လိုပါက ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်၍ စုပေါင်းကြိုးပမ်း ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ဆွေးနွေးပွဲ တက်ရောက်လာကြသူများသည် မျိုးစေ့ထုတ်ကုမ္ပဏီများ၏ မျိုးစေ့နမူနာများ၊ ဆန်နှင့် ထမင်းနမူနာများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်