ဆက်ပြီး မိုက်တွင်းနက်နေဦးမှာလား အကြမ်းဖက်အဖွဲ့တွေ … . .

ကိုပြည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ အကြမ်းဖက်မှုဆိုင်ရာ နိုင်ငံအလိုက်အစီရင်ခံစာ ၂၀၂၂ (Country Reports on Terrorism 2022) နဲ့ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပ မီဒီယာတချို့မှာ ဖော်ပြလာတာတွေ့ရပါတယ်။ ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့အဖွဲ့အစည်းတွေနဲ့ သူတို့ကို ဦးဆောင်မှုပေးနေသူတွေအတွက် အတော်လေးတုန်လှုပ်စရာ ဖြစ်သွားပုံရပါတယ်။ အစီရင်ခံစာမှာ အခြားသောအကြောင်းကဏ္ဍတွေ ပါဝင်ပေမယ့် အခုကတော့ သူတို့ရဲ့ အစီရင်ခံစာပါအတိုင်း အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်လို့ပဲ ထောက်ပြရေးသားဖော်ပြသွားပါမယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်မှုဆိုင်ရာ နိုင်ငံအလိုက် အစီရင်ခံစာ ၂၀၂၂ ထုတ်ပြန်ရတာနဲ့ပတ်သက်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ အရေးကြီးကိစ္စရပ်တွေမှာ တိတိကျကျနဲ့ လေးလေးနက်နက် နားလည်နိုင်ဖို့၊ ကမ္ဘာတစ်ဝန်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး စွမ်းဆောင်ရည်နဲ့ ခံနိုင်ရည်ရှိမှု တည်ဆောက်ရာမှာ အရင်းအမြစ်ခွဲဝေပေးနိုင်မှု၊ မူဝါဒချမှတ်ရာမှာလည်း ခိုင်မာပြည့်စုံတဲ့ သတင်းအချက်အလက်တွေအပေါ်မှာ အခြေခံပြီး ချမှတ်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်မှု ၃၉၁ မှုဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထား

Country Reports on Terrorism – CRT အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှု ၃၉၁ မှု ဖြစ်ပွားခဲ့ပြီးတော့ သေဆုံးသူ ၂၁၃၀ (ကမ္ဘာ့သေဆုံးမှုစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း) ရှိတယ်လို့ ဖော်ပြထားပါတယ်။ အကြမ်းဖက်မှု ဖြစ်စဉ်တွေအနက် ၁၉၈ မှု (ဖြစ်စဉ်အားလုံးရဲ့ ၅၀ ရာခိုင်နှုန်း)ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အမည်ခံအကြမ်းဖက်အဖွဲ့တွေက ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ချင်းပြည်ကာကွယ် ရေးတပ်ဖွဲ့ (CDF) က ၂၉ မှု (၇ ရာခိုင်နှုန်း)၊ ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ၂၇ မှု (၇ ရာခိုင်နှုန်း)၊ ဘယ်အဖွဲ့က ကျူးလွန်မှန်း တိကျစွာမသိတဲ့ အကြမ်းဖက်မှု ၁၄ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ အများဆုံးတွေ့ရတဲ့ အကြမ်းဖက်မှုအမျိုးအစားတွေကတော့ ပစ်ခတ်မှု ၃၈ ရာခိုင်နှုန်း၊ မြေမြှုပ်မိုင်း သို့မဟုတ် Improvised explosive device (IED) ၂၁ ရာခိုင်နှုန်းနဲ့ ဗုံးခွဲမှု ၁၉ ရာခိုင်နှုန်း ဖြစ်ပွားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ အကြမ်း ဖက်မှုအများဆုံးဖြစ်တဲ့ ဒေသတွေကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့ဖြစ်ပြီးတော့ စစ်ကိုင်း တိုင်းဒေသကြီးမှာ ၁၀၇ မှု (၂၇ ရာခိုင်နှုန်း)၊ ရန်ကုန်တိုင်းဒေသကြီးမှာ ၄၂ မှု (၁၁ ရာခိုင်နှုန်း) နဲ့ ကချင်ပြည်နယ်မှာ ၃၆ မှု (၉ ရာခိုင်နှုန်း)တို့ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု အများဆုံး ၁၀ နိုင်ငံစာရင်းကို ဖော်ပြရာမှာတော့ မြန်မာနိုင်ငံဟာ နံပါတ် (၈) နေရာ မှာရှိတယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ အပေါ်မှာတော့ နံပါတ် (၁) ကနေ နံပါတ် (၇) အထိ ကွန်ဂို၊ ဆီးရီးယား၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ အိန္ဒိယ၊ အီရတ်နဲ့ ယီမင်နိုင်ငံတို့ကို အသီးသီးဖော်ပြထားတာ တွေ့ရပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေ တွေနဲ့ပတ်သက်လို့ လက်ရှိနိုင်ငံတော်တာဝန်ကိုယူထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကိုပဲ တစ်ဖက်သတ်ပြောဆိုနေတာမျိုးကိုသာ တွေ့ခဲ့ရပြီးတော့ တစ်ဖက်က လက်နက်ကိုင်ပြီး စစ်ရေးပစ်မှတ်မဟုတ် တာတွေကို ပစ်ခတ်တိုက်ခိုက်တာတွေ၊ အကြမ်းဖက်မှု ကျူးလွန် နေတာတွေနဲ့ ပတ်သက်လို့ တစ်ကြိမ်တစ်ခါမှ ထုတ်ပြန်ပြောဆိုတာမျိုး မတွေ့ခဲ့ရသေးပါဘူး။

စောင့်ကြည့်မှတ်တမ်းယူနေ

အခုတစ်ကြိမ်မှာတော့ ၂၀၂၂ ခုနှစ်အတွက် Country Reports on Terrorism – CRT ရဲ့ အစီရင်ခံစာမှာ ဖော်ပြလာတာတွေ့ရပါတယ်။ ဒါက ဘာကိုရည်ညွှန်းနေသလဲဆိုရင် တစ်ဖက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)လို့ အမည်ခံထားတဲ့ အဖွဲ့အစည်းအမျိုးမျိုးဟာ စစ်ရေးနဲ့မဆိုင်ဘဲ အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကို သူတို့ သတိထားပြီး စောင့်ကြည့်မှတ်တမ်းယူနေတယ်ဆိုတာကို ပြသ လိုက်တာပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန်နိုင်ငံဟာ ခဲမှန်ဖူးတဲ့ စာသူငယ်လို အကြမ်းဖက်မှုရဲ့ဒဏ်ကို ကောင်းကောင်းခံစားရဖူးတဲ့ နိုင်ငံဖြစ်ပါတယ်။ 
၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက် ခံရမှုဖြစ်ရပ်က အမေရိကန်တွေအတွက် အခုထိခြောက်လှန့်နေဆဲ အိပ်မက်ဆိုးတစ်ခု ဖြစ်နေပါတယ်။ အဲဒီကတည်းက အကြမ်းဖက်မှု ကိုစောင့်ကြည့်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးကို အာရုံစိုက် လုပ်ဆောင်လာခဲ့တာဖြစ်တယ်။ စက်တင်ဘာလ ၁၁ တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူဟာ တစ်ချိန်က အမေရိကန်ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA က မွေးထုတ်ထားတဲ့ အိုစမာဘင်လာဒင် ဖြစ်နေတာပါပဲ။ ကိုယ်မွေးတဲ့မျောက်က ကိုယ့်ပြန်ခြောက်ရုံတင်မဟုတ်ဘဲ ပြန်ပြီးတော့ ကိုက်သွားခဲ့တာဆိုတော့ အမေရိကန်တို့အတွက် နာကြည်းခံပြင်းမယ်ဆိုလည်း ဖြစ်စရာပါပဲ။

အမေရိကန်အစိုးရက ထုတ်ပြန်ထားတဲ့ Burma Act မှာလည်း “technical and non-lethal support for the EAOs, PDFs, and pro-democracy movement organizations” ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ အဲဒီမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အမည်ခံ အကြမ်းဖက်အဖွဲ့တွေကို နည်းပညာပိုင်းဆိုင်ရာနဲ့ လူကိုသေစေနိုင်လောက်တဲ့ အရာတွေနဲ့မဆိုင်တဲ့ အထောက်အပံ့တွေပေးမယ်လို့ ထည့်သွင်းထားပါတယ်။ အခုတော့ အမေရိကန်အစိုးရကိုယ်တိုင်က သူတို့ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေဟာ အကြမ်းဖက်မှုတွေ ကျူးလွန်နေကြောင်း အစီရင်ခံစာမှာ ထည့်သွင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းများ

ကမ္ဘာမှာ အကြမ်းဖက်အဖွဲ့အစည်းတွေ အများအပြားရှိပါတယ်။ အဲဒီအထဲက လူသိထင်ရှားရှိတဲ့ အဖွဲ့အစည်းတွေကတော့ Al-Qaeda၊ ISIS (Islamic State of Iraq and Syria)၊ Boko Haram ၊ Al-Shabaab၊ Hamas၊ Hezbollah၊ FARC (Revolutionary Armed Forces of Colombia)၊ Abu Sayyaf Group (ASG)၊ Lashkar-e-Taiba (LeT)၊ Jaish-e-Mohammed (JeM)၊ Al-Nusra Front ၊ Houthi Rebels ၊ New People's Army (NPA) ၊ PKK (Kurdistan Workers' Party)၊ Tehrik-i-Taliban Pakistan (TTP)၊ Tehrik-i-Taliban Pakistan (TTP)၊ Jihadist နဲ့ LTTE (Liberation Tigers of Tamil Eelam) စတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

တစ်ဖွဲ့နဲ့တစ်ဖွဲ့တော့ ရည်ရွယ်ချက်ချင်း မတူကြပါဘူး။ တချို့က ဘာသာရေးအခြေခံတဲ့ အကြမ်းဖက်အဖွဲ့တွေဖြစ်ပြီးတော့ တချို့ကတော့ လူမျိုးစုကိုအခြေခံတဲ့ အကြမ်းဖက်အဖွဲ့တွေဖြစ်ပါတယ်။ ဘယ်လိုကြောင့်ပဲ အကြမ်းဖက်မှုကို ကျူးလွန်သည်ဖြစ်စေ စံနှုန်းတွေအရ လက်မခံနိုင်တဲ့ အကြမ်းဖက်မှုကို ကျူးလွန်ရင် အကြမ်းဖက် အဖွဲ့ဖြစ်သွားတာပါပဲ။ အခုလည်း မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်မှု ကျူးလွန်နေတဲ့ အဖွဲ့အစည်းတွေကို နာမည်၊ အကြမ်းဖက်မှု ကျူးလွန်တဲ့အကြိမ်အရေအတွက်၊ ရာခိုင်နှုန်းနဲ့တကွ ထုတ်ပြန်လိုက်တာဟာ အကြမ်းဖက်အဖွဲ့အစည်းလို့ ပြောလိုက်တာပါပဲ။

အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ PDF ၊ CDF ၊ KNDF အမည်ခံ အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာလိုက်ခြင်းပါပဲ။ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခံရပြီဆိုရင်တော့ အဲဒီအကြမ်းဖက်အဖွဲ့ အစည်းတွေနဲ့ သူတို့ကို ထောက်ခံအားပေးနေတဲ့သူတွေအတွက် နောက်ဆက်တွဲအကျိုးဆက်တွေ လာပါလိမ့်မယ်။ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ ဒီပြစ်မှုတွေဟာ နောက်ကနေ ထက်ကြပ်မကွာ လိုက်နေမှာဖြစ်ပါတယ်။

အစီရင်ခံစာထဲမှာတော့ အကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့ အမျိုးအစားကို ဖော်ပြရာမှာ ပစ်ခတ်မှု၊ မိုင်းခွဲမှုနဲ့ ဗုံးခွဲမှုဆိုပြီး သုံးမျိုးလောက်သာ ဖော်ပြထားပေမယ့် တကယ်တော့ မြန်မာနိုင်ငံမှာ PDF တွေ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ အမျိုးအစားခွဲဖို့ ခက်လောက်အောင်ကို ရှုပ်ထွေးများပြားပါတယ်။ PDF လက်နက်ကိုင်အဖွဲ့အစည်းထဲ ရောက်နေတဲ့သူတစ်ယောက်က သူနဲ့ပုဂ္ဂိုလ်ရေး အဆင်မပြေတဲ့သူကို တပ်မတော်ကို သတင်းပေးနေတဲ့ ဒလန်ဆိုပြီး ခေါင်းစဉ်တပ် သတ်ဖြတ်တာမျိုး၊ ငွေလိုရင် ပြန်ပေးဆွဲ ငွေတောင်းတာမျိုး၊ တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို email၊ SMS ပေးပို့ ခြိမ်းခြောက်တာမျိုး၊ လူမှုမီဒီယာကနေ ကြေညာချက်ထုတ်ပြီး ဘယ်နေ့ ဝန်ထမ်း အဖြစ်ကနေ အပြီးနုတ်ထွက်၊ ဘယ်ဒေသကနေထွက်ခွာစတဲ့ အကြမ်းဖက်မှုမျိုးတွေ နည်းပေါင်းစုံနဲ့ ကျူးလွန်နေကြတာဖြစ်ပါတယ်။

အစီရင်ခံစာပါ အချက်တွေဟာ ၂၀၂၂ ခုနှစ်အတွက်သာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ထဲမှာ PDF အမည်ခံအဖွဲ့အစည်းတွေ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေ အများကြီးရှိပါသေးတယ်။ အဲဒီ အထဲက မှတ်မိသလောက် တချို့ကိုပြောရရင် အဆိုတော်လီလီနိုင်ကျော် ပစ်ခတ်သတ်ဖြတ်ခံရမှု၊ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသန်းထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု၊ လောင်းလုံးမြို့နယ် စခန်းကြီး ကျေးရွာရှိစိုက်ပျိုးရေးသိပ္ပံကျောင်း (ထားဝယ်)မှ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ခုနစ်ဦးဖမ်းဆီးခံရပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးတစ်ဦး ပစ်သတ်ခံရမှု၊ သန်လျင်မြို့နယ် ဥပဒေအကြံပေး ဦးမင်းတေဇာညွန့်တင် သတ်ဖြတ်ခံရမှု၊ လွိုင်ကော်တက္ကသိုလ်မှာလည်း ပါမောက္ခချုပ်အပါအဝင် ဆရာ ဆရာမများ၊ ဝန်ထမ်းများကို ဖမ်းဆီးခေါ်ဆောင်မှုစတဲ့ အမှုတွေဟာလည်း ခွင့်လွှတ်လို့မရနိုင်တဲ့ အကြမ်း ဖက်မှုတွေဖြစ်ပါတယ်။ လက်နက်မဲ့ အရပ်သားကို ပစ်ခတ်သတ်ဖြတ်တာကို ဘယ်နိုင်ငံက ဘယ်စံနှုန်းနဲ့ပဲ တိုင်းတာတိုင်းတာ လက်ခံလို့မရနိုင်ပါဘူး။

တစ်နည်းအားဖြင့်တော့ အမေရိကန်ဟာ Burma Act အရ PDFs ကို technical and non-lethal support အရပါ ထောက်ခံအားပေး နေခြင်းမျိုးကနေ နောက်ဆုတ်တော့မယ်ဆိုတာကို အချက်ပြလိုက်တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက်ရော၊ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုအတွက်   ဘာမျှအကျိုးမရှိနိုင်တော့ဘူးဆိုတာ ကောင်းကောင်းတွက်မိသွားပုံရပါတယ်။ စာရေးသူထင်မြင်ချက်အရ ပြောရရင် အမေရိကန်လိုချင်တဲ့ China Containment အရ တစ်စုံ တစ်ရာ အကျိုးရှိမလားဆိုတဲ့ မျှော်မှန်းချက်နဲ့ ထောက်ခံအားပေးခဲ့ ပေမယ့် ဒီအဖွဲ့တွေဟာ အကြမ်းဖက်မှုတွေကိုသာ တွင်တွင်ကြီး ကျူးလွန်လာခဲ့တာ တွေ့လာရတော့ အမေရိကန်တန်ဖိုး (America Value)အရ လက်မခံနိုင်တဲ့ အခြေအနေလည်း ဖြစ်လာပုံရပါတယ်။

နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေ ရောက်လာပါလိမ့်မယ်

အမေရိကန်နိုင်ငံဆိုတာကလည်း သိချင်ရင် ဘာမဆိုသိနိုင်တဲ့ နိုင်ငံမျိုး၊ မသိချင်ယောင် ဆောင်ချင်ရင်လည်း ဆောင်နေနိုင်တဲ့ နိုင်ငံမျိုးပါ။ အခုတော့ မြန်မာနိုင်ငံမှာ သူတို့ ထောက်ခံအားပေးပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေက အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကို မသိချင်ယောင်ဆောင်နေလို့ မရတော့တဲ့အချိန်ကာလတစ်ခုကို ကျော်လွန်လာခဲ့ပြီဖြစ်တာကြောင့် အခုလိုထုတ်ဖော်လာခဲ့တာ ဖြစ်ပါလိမ့်မယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလိုထုတ်ပြန် လာပြီဆိုရင်  အီးယူလို အဖွဲ့အစည်းတွေလည်း နောက်ကနေ ကပ်လိုက်လာကြတော့မှာဖြစ်ပါတယ်။ အကြမ်းဖက်မှု ကျူးလွန်နေတဲ့ ဒီအဖွဲ့အစည်းတွေကို အမေရိကန်မှာနေပြီး ရန်ပုံငွေရှာပေးနေတဲ့ လူပုဂ္ဂိုလ်တွေ၊  အဖွဲ့အစည်းတွေအတွက်လည်း နောက်ဆက်တွဲ 
အကျိုးသက်ရောက်မှုတွေ ရောက်လာပါလိမ့်မယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့မူဝါဒဆိုင်ရာ အစိတ်အပိုင်းတချို့ ပြောင်းလဲလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ Strategic Studies at the New Delhi-based Center for Policy Research and Fellow at the Robert Bosch Academy in Berlin ရဲ့ ပါမောက္ခတစ်ဦးဖြစ်တဲ့ Brahma Chellaney ဘန်ကောက်ပို့စ်မှာ America's Myanmar policy is simply all wrong ဆောင်းပါးထဲမှာ ရေးထားသလိုပါပဲ။ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေဟာ မှားယွင်းနေပါတယ် ။ အဲဒီအတွက် အပြောင်းအလဲတစ်ခုခု လုပ်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေဟာ လက်တွေ့မှာ အလုပ်မဖြစ်ပါဘူး။ အမေရိကန်တို့ရဲ့ မူလတန်ဖိုးတွေနဲ့လည်း မကိုက်ပါဘူး။

အချုပ်ပြောရရင်တော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ အကြမ်းဖက်မှုဆိုင်ရာ နိုင်ငံအလိုက်အစီရင်ခံစာ ၂၀၂၂ (Country Reports on Terrorism – CRT)ဟာ အချက်ပြမှု တစ်ခုပဲ ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေအတွက် မီးစာကုန် ဆီခန်းဖြစ်မယ့်အချိန်ဟာ မကြာမီရောက်လာတော့မှာ ဖြစ်ပါတယ်။ သတိမူရင် မြူကိုတောင် မြင်နိုင်သလို သတိမမူရင် ဂူကိုတောင် မမြင်နိုင်ဘူးဆိုတာလိုပါပဲ။ အကြမ်းဖက်သမားဟာ တစ်သက်တာ အကြမ်းဖက်သမား ဖြစ်နေရမှာမဟုတ်ဘဲ သတိမူမိတဲ့အချိန်မှာ အကျိုးမရှိတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို စွန့်လွှတ်လိုက်ကြဖို့ပါပဲ။ ရိုးရှင်းတဲ့သတင်းစကားပါးရမယ်ဆိုရင်တော့ ဆက်ပြီး မိုက်တွင်းမနက်ကြဖို့နဲ့ ဆက်ပြီးတော့ မအကြတော့ဖို့ သတိပေးလိုက်ပါရစေ။     ။