ဆိုင်ကယ်ခိုးမှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးစစ်ဆေးရာမှ ခိုးရာပါ ဆိုင်ကယ်(၁၄)စီးအား သိမ်းဆည်းရရှိ

နေပြည်တော်  ၁၃    ဇွန်

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မဈေးပတ်ဝန်းကျင်တွင် ယခုနှစ် ဧပြီလမှစ၍  ဈေးဝယ်လာသူများ၏ ဆိုင်ကယ်များ ဈေးအနီးလမ်းဘေးတွင် ခေတ္တရပ်နားထားရှိရာမှ ပျောက်ဆုံးမှုများ ရှိနေသဖြင့် ပခုက္ကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက မြို့မဈေး၏ပတ်ပတ်လည်တွင် အဖွဲ့ငယ်များခွဲ၍ ဆိုင်ကယ်ခိုးယူသူများအား ဖမ်းဆီးရမိရေးအတွက် နေ့စဉ် စောင့်ကြပ်ကြည့်ရှုခဲ့ကြောင်း၊

ဇွန် ၉ ရက်  နံနက် ၉ နာရီခွဲခန့်တွင် မြို့မဈေးအရှေ့ဘက် ဆိုင်ကယ်များ ရပ်တန့် ထားသည့် နေရာသို့ ဂျင်းဘောင်းဘီရှည်၊ အင်္ကျီတီရှပ်လက်တိုဝတ်ဆင်ထားသော စက်ဘီး စီးလာသူ အမျိုးသားတစ်ဦးက ဆိုင်ကယ်များ အနီးတွင် စက်ဘီးအား ရပ်တန့်ပြီး ဆိုင်ကယ်များပေါ်သို့ တက်ထိုင်ကာ ဇက်သော့ ခတ်၊ မခတ် လိုက်လံကြည့်ရှုနေသည်ကို မသင်္ကာဖွယ်ရာ တွေ့ရသဖြင့် စောင့်ကြည့်နေခဲ့ကြောင်း၊  ထိုစဉ် အမျိုးသမီး(၂)ဦး စီးနင်းလာသည့် ဆိုင်ကယ်မှာ လမ်းဘေး၌ ရပ်တန့်၍ ဈေးဝယ်သွားရာ အဆိုပါအမျိုးသားမှ ဆိုင်ကယ်အား ဇက်သော့ ခတ် မခတ် ကိုင်လှုပ်စစ်ဆေးပြီး ခိုးယူနေသော ကြောင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း၊ ၎င်းအား စစ်ဆေးခဲ့ရာ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်၊ (၁၇)လမ်းနေ ဖြိုးသက်ပိုင် (ခ)ကိုရှိုင်း(၁၉)နှစ် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပခုက္ကူမြို့မ ရဲစခန်းမှ အရေးယူခဲ့သည်။

အမှုမှ တရားခံအား ကွင်းဆက်စစ်ဆေးဖော်ထုတ်ခဲ့ရာ လွန်ခဲ့သည့် ၃ လခန့်ကတည်းက မြို့မဈေးပတ်ဝန်ကျင်မှ ဆိုင်ကယ်များအား နံနက်ပိုင်းတွင် တစ်ဦးတည်း သွားရောက်ခိုးယူခဲ့ကြောင်း၊ ခိုးယူရရှိခဲ့သည့် ဆိုင်ကယ်များအနက် (၅)စီးအား တစ်ရပ်ကွက်တည်းနေ ပြည့်ဖြိုးအောင်(ခ)ကုလားကြီး(၂၅)နှစ်မှ တစ်ဆင့် ရောင်းချခဲ့ကြောင်း၊ ကျန်ရှိသည့် ဆိုင်ကယ် (၉)စီးအား မိမိအစီအစဉ်ဖြင့် ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဆိုင်ကယ်များ ထုခွဲရောင်းချပေးသူ ပြည့်ဖြိုးအောင်(ခ)ကုလားကြီးအား ဇွန် ၉ ရက်တွင် ဖမ်းဆီးရမိကာ  ခိုးရာပါဆိုင်ကယ်(၁၄)စီးအား သိမ်းဆည်းပြီး ပခုက္ကူမြို့မရဲ စခန်းတွင် တစ်စီးချင်းအလိုက် အမှုဖွင့်အရေးယူထားကြောင်း၊ ဆိုင်ကယ်ပိုင်ရှင်များအား ရှာဖွေဆက်သွယ်လျက်ရှိပြီး တရားခံများအား  ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

MDN