ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်ရှိ ထိခိုက်ခံစားရသူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အရေးပေါ်သုံးကယ်ဆယ်ရေးပစ္စည်းများဆက်လက် ထောက်ပံ့

စစ်တွေ မေ ၂၈

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ပြည်သူများအတွက် အရေးပေါ်သုံးကယ်ဆယ်ရေးပစ္စည်းများကို ကူညီထောက်ပံ့ပေးဝေလျက်ရှိသည်။

စစ်တွေမြို့နယ် မြစ်နားကျေးရွာနှင့် ညိုရောင်ချောင်းကျေးရွာများရှိ ဒေသခံပြည်သူ များအတွက် အသင်းမှ ထောက်ပံ့သောပစ္စည်းများကို ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေး၊ ရခိုင်ပြည်နယ်စီမံချက်များ စီမံခန့်ခွဲရေးယူနစ် ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းတို့ ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ ကြက်ခြေနီဝန်ထမ်းများနှင့် ဒေသခံကြက်ခြေနီ စေတနာလုပ်အားရှင်များသည် မေ ၂၆ ရက် နံနက်ပိုင်းတွင် အဆိုပါကျေးရွာများသို့ သွားရောက်ထောက်ပံ့ပေးခဲ့သည်။

ထိုသို့ ပစ္စည်းများ‌ ထောက်ပံ့ ပေးဝေရာတွင် မြစ်နားကျေးရွာမှ အိမ်ထောင်စု(၁၀၇)စု အတွက် မိသားစုသုံးပစ္စည်း(၃၃)ပုံး၊တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁၀၇)အိတ်၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁၀၇)အိတ်၊ မီးဖိုချောင်သုံးပစ္စည်း(၇၄)စုံ၊ တာပေါ်လင်(၁၄၈)စ၊ ခြင်ထောင် (၇၄)လုံးတို့ကို ထောက်ပံ့ပေးခဲ့ပြီး၊ ညိုရောင် ချောင်းကျေးရွာမှ အိမ်ထောင်စု(၁၃၀)စု အတွက် မိသားစုသုံးပစ္စည်း(၅၄)ပုံး၊ တစ်ကိုယ် ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁၃၀)အိတ်၊ အမျိုးသမီး တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း(၁၃၀)အိတ်၊ မီးဖိုချောင်သုံးပစ္စည်း(၇၆)စုံ၊ တာပေါ်လင်(၁၅၂)စ၊ ခြင်ထောင် (၇၆) လုံးတို့ကို ထိခိုက်ခံစားရသူများလက်ဝယ်အရောက် သွားရောက်ကူညီထောက်ပံ့ပေးခဲ့သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အကူအညီလိုအပ်နေသည့် ယာယီခိုလှုံ ရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူများ‌အတွက် စားနပ်ရိက္ခာများ၊ ရေနှင့် တစ်ကိုယ် ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမိုးအကာများ ဆက်လက်ထောက်ပံ့နိုင်ရန်နှင့် အရေး ပေါ် ငွေသားထောက်ပံ့နိုင်ရန်အတွက် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းအောင်(ကြက်ခြေနီ)