ဆီထွက်သီးနှံ အထူးဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ချည်မျှင်ရှည်ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဧပြီ  ၂၀
ဆီထွက်သီးနှံ အထူးဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ချည်မျှင်ရှည်ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆီထွက်သီးနှံ အထူးဇုန် တာဝန်ခံများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ဆီထွက်သီးနှံ အထူးဇုန်များအတွက် မျိုးစေ့ ၊ ဓါတ်မြေဩဇာနှင့် လိုအပ်ချက် အပြည့်အဝ ပံ့ပိုးကူညီပေးသွားမည်ဖြစ်၍ မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများ စိုက်ဧက မှန်ကန်ရေး၊ သီးနှံအထွက် မှန်ကန်ရေး၊ ပန်းတိုင် အထွက်နှုန်းရရှိရေးတို့အတွက် ဇုန်တာဝန်ခံများအနေဖြင့် အောက်ခြေအထိ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ မူဝါဒများ စီမံခန့်ခွဲမှုများ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် စိုက်ဧကနှင့် အထွက်နှုန်းဆိုင်ရာ စာရင်းဇယား ကိန်းဂဏန်းများ တိကျမှန်ကန်စေရေးကို သက်ဆိုင်ရာ ဦးစီးဌာနအလိုက် တာဝန်ရှိသူ အဆင့်ဆင့်အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုရှိစွာ ဆောင်ရွက်ကြရန် လိုကြောင်း။
ချည်မျှင်ရှည်ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် ရေလိုအပ်ချက်နှင့် သွင်းအားစု လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကို ဒေသအလိုက် စိစစ်ဆောင်ရွက်ရန်၊ ချည်မျှင်ရှည်ဝါ သီးနှံဆွတ်ခူးချိန်တွင် ဝါအရည်အသွေးအလိုက် ဆွတ်ခူးသိမ်းဆည်းခြင်း နည်းပညာပေးခြင်းကို ပညာရှင်များကိုယ်တိုင် ကွင်းဆင်းဆောင်ရွက်ပေးရန်၊ လက်ရှိ ဝါကြိတ်စက်လုပ်ငန်းများ၏ စက်စွမ်းအားနှင့် ဆွတ်ခူးပြီးနောက် စက်ရုံများသို့ ရောက်ရှိသွားသည့် ဝါဂွမ်းပမာဏအား စနစ်တကျ စာရင်းကောက်ယူ၍ ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်တွင်းသုံးစွဲမှုအခြေအနေမှန်ကို သုံးသပ်ပြီး ပြည်တွင်း သုံးစွဲမှု ဖူလုံစေရန် တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ခြင်းကို ဘဏ္ဍာနှစ်အလိုက် စီမံဆောင်ရွက်သွားမည်ဖြစ်၍ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်စီမံဆောင်ရွက်ကြရန် ပြောကြားသည်။ 
ထို့နောက် ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များနှင့် ဇုန်တာဝန်ခံများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးများက ဖြည့်စွက်ဆွေးနွေး ကြသည်။
ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမှ ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို ကြိတ်ခွဲ၍ စားသုံးဆီ ဖူလုံရေးနှင့် ပြည်ပမှ ဆီတင်သွင်းမှုလျော့ချရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တိုင်းဒေသကြီး ပြည်နယ် (၇) ခု၌ ဆီထွက်သီးနှံ အထူးဇုန်များ သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ဒေသအလိုက် အထွက်နှုန်း ကောင်းမွန်သော မြေပဲ၊ နှမ်း၊ နေကြာမျိုးများကို အသုံးပြု၍ စိုက်ပျိုးနိုင်ရန် ဌာန၊ ပုဂ္ဂလိကနှင့် မျိုးစေ့ထုတ် တောင်သူအစုအဖွဲ့များ ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ပေါင်းစပ်အသုံးပြုနိုင်ရေး အပါအဝင် ဒေသအလိုက်ရေရရှိရေး နည်းလမ်းများ၊ လယ်ယာသုံးစက်ကိရိယာများ အသုံးပြုလုပ်ကိုင်နိုင်ရေး လုပ်ငန်းများနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ ပူးပေါင်းမှုတို့ဖြင့် နည်းပညာပေးလုပ်ငန်းများ ကို အပြည့်အဝဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်