ဆီးရီးယားတွင် အမြောက်ဖြင့် ပစ်ခတ်မှုဖြစ်ပွား အိုင်အက်စ်စစ်သွေးကြွ ၄၃ ဦး ဒဏ်ရာရ ၊ သေဆုံး 

၂၄ ဇန်နဝါရီ


ယမန်နေ့က အီရတ်လက်နက်ကိုင် ဟာချက် ရှာအာဘီ အမြောက်တပ် က ဆီးရီးယားအတွင်းရှိ အစ္စလာမ်မစ်နိုင်ငံတော် အိုင်အက်စ်စစ်သွေးကြွများကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် စစ်သွေးကြွ ၄၃ ဦးသေဆုံး (သို့မဟုတ်) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


စစ်ဆင်ရေး တစ်ခုတွင် ဆီးရီးယား အယ်လ်ဘတ်ဟုဒ် ရှိ အိုင်အက်စ်စစ်သွေးကြွများ  ပုန်းအောင်းရာနေရာ ကို အမြောက်ဖြင့် ပစ်ခတ်ခဲ့ရာ  စစ်သွေးကြွ ၄၃ ဦး သေဆုံး (သို့မဟုတ်) ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့၏ယာဉ်များ ၊ လောင်စာ သိုလှောင်ရုံများ ကိုဖျက်စီးနိုင်ခဲ့ကြောင်း အီရတ်အနောက်ပိုင်း အန်ဘာ ပြည်နယ်ရှိ ဟာချက် ရှာအာဘီ တပ်ဖွဲ့ခေါင်းဆောင် ကွာဆင်းမ် မူဆလင်း က ပြောကြားခဲ့သည်။


အိုင်အက်စ် စစ်သွေးကြွများက အီရတ် နှင့် ဆီးရီးယားအကြား နယ်စပ်တလျှောက်ရှိ အီရတ်လုံခြုံရေး တပ်ဖွဲ့ကို တိုက်ခိုက်ရန် ပြင်ဆင်နေပြီဆိုသော သတင်းများရရှိပြီးနောက် ယင်းသို့ အမြောက်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


အီရတ်နယ်စပ်အနီး ရှိ ဆီးရီးယားတွင် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့များ၏ စခန်းကို ပြီးခဲ့သည့် နှစ်နှောင်းပိုင်းက အိုင်အက်စ်တို့ သိမ်းပြီးနောက် ဆီးရီးယားနယ်စပ်မျဉ်းအနီးရှိ ၎င်းတို့၏ တပ်ကို အားဖြည့်ခဲ့ကြသည့်ဟာချက် ရှာအာဘီတပ်ဖွဲ့သည် အစောပိုင်းက အီရတ် - ဆီးရီးယား နယ်စပ်အနီး တွင် တပ်ဖြန့်ထားခဲ့ကြောင်း ဖော်ပြထားသည်။


ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို