၁၇ ဖေဖော်ဝါရီ
ဆီးရီးယားနိုင်ငံတွင် အစိုးရနှင့် အတိုက်အခံအင်အားစုများအကြား ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းများကြောင့် ဆီးရီးယားလူမျိုး ၈၀၀၀၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောကြားသည်။
ရုရှားက ကျောထောက်နောက်ခံပေးထားသော သမ္မတ ဘာရှာ အယ်လ်အာဆတ် အပေါ် သစ္စာရှိသော အင်အားစုများသည် အတိုက်အခံတို့၏ နောက်ဆုံးခံတပ်ဖြစ်ရာ ဆီးရီးယား အနောက်မြောက်ပိုင်းရှိ အလက်ပိုပြည်နယ်နှင့် အီဒလစ်ပြည်နယ်တို့ကိုထိုးစစ်ဆင်နွှဲခဲ့သည်။
တူရကီက ကျောထောက်နောက်ခံပေးထားသည့် အတိုက်အခံတပ်များမှလည်း ပြန်လည်တိုက်ခိုက်လျက်ရှိသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းမှစပြီး တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် အနည်းဆုံး လူ ၈၀၀၀၀၀ မှာ ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂအဖွဲ့များက ပြောကြားခဲ့သည်။
အကူအညီပေးရေး အဖွဲ့အစည်းများအနေဖြင့် လျင်လျင်မြန်မြန် ကူညီမပေးနိုင်ခဲ့မှုကြောင့် လူဆယ်ဉီးတွင် တစ်ဉီးမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူပေါင်း ၈၂၀၀၀မှာ နေရာသစ်သို့ အတင်းအဓမ္မပြောင်းရွေ့ခဲ့ရကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းတွင် တိုက်ပွဲ၏ အခြေအနေများမှာ ဆိုးရွားလျက်ရှိပြီး ဆောင်းရာသီဖြစ်သည့်အတွက် အပူချိန်မှာ အနုတ်တစ်ဆယ်ဒီဂရီ ဆဲလ်ဆီးယပ်အထိ ကျဆင်းသွားခြင်းကြောင့် ပိုမိုဆိုးရွားစေကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
ယမန်နေ့က နှင်းများ ကျဆင်းလျက်ရှိပြီး အလွန်အေးသည့် ရာသီဉတုတွင် ကလေးငယ်အချို့မှာ သေဆုံးသွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အပစ်အခတ်ရပ်စဲရေး တောင်းဆိုရန်နှင့် ရာသီဥတုအခြေအနေနှင့် ကြမ်းတမ်းမှုများကြောင့် အိုးအိမ်စွန့်ခွာနေသည့် ဆီးရီးယားပြည်သူများ၏ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေကြောင်း ကုလသမဂ္ဂက သတိပေးခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်