ဆီဆိုင်မြို့နယ်၌ ကျေးလက်အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဖွင့်

ဆီဆိုင်   ၁၅  ဇွန်

 

ကျေးလက်နေပြည်သူများ၏ လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ကျေးလက်အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား၊ ပန်းရံ သင်တန်းဖွင့်ပွဲအခမ်းအနားကို နောင်ကျောကျေးရွာ အုပ်စု၊ ဘုရားဖြူကျေးရွာခန်းမဆောင်၌ ဇွန် ၁၅ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်က  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဟာ ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်၊ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် ဆင်းရဲမှုလျော့ချရေး လမ်းစဉ်(၈)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ နိုင်ငံ၏(၇၀)ရာခိုင်နှုန်းမှာလည်း ကျေးလက်ဒေသများတွင် နေထိုင်ကြသည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမှု လျော့ချရေး၊ မြို့ပြနှင့် ကျေးလက်ကွာဟချက်များ ကျဉ်းမြောင်းစေရေး တို့ကို အလေးထားဆောင်ရွက်ပေးနိုင်မှသာ နိုင်ငံတော် ရည်မှန်းချက်နှင့် မျှော်မှန်းချက်၊ ပန်းတိုင်များ ပြည့်ဝအောင်မြင်နိုင်မှာ ဖြစ်ပါကြောင်း အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်း နှင့်ပတ်သက်သောအကြောင်းအရာများအားလည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နောင်ကျောကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ယခုလိုအသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းတစ်ခုဖြစ်တဲ့ လက်သမား၊ ပန်းရံသင်တန်း ဖွင့်လှစ်ပေးခြင်းသည် ပြည်သူတွေအတွက် နိုင်ငံတော်မှ ကောင်းမွန်တဲ့စေတနာပဲဖြစ်ပါကြောင်း၊ ယခုလိုပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် တစ်ဦးချင်းမိသားစုဝင်ငွေ တိုးပွားလာစေရန်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းကို ဖွင့်လှစ်ပေးတဲ့အတွက် များစွာကျေးဇူးတင်ပါကြောင်း ပြန်လည် ပြောကြားပြီး သင်တန်းအထောက်အကူပြုပစ္စည်းများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်းသိရသည်။

 

အဆိုပါသင်တန်းသို့ ဆီဆိုင်မြို့နယ်အတွင်းရှိ နောင်ကျောကျေးရွာအုပ်စုနှင့် ပင်စုံကျေးရွာအုပ်စုတို့မှ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်ပြီး သင်တန်းနည်းပြ (၃)ဦးဖြင့် သင်တန်းကာလမှာ ဇွန် ၁၅ ရက်မှ ဇူလိုင် ၄ ရက်နေ့ထိ ၂၀ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)