ဆီဆိုင်မြို့၌ လမ်းမီးများ ပြန်လည်ရရှိ

ဆီဆိုင်၊ မေ ၂၀

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ဒေသလုံခြုံရေးအခြေအနေ  ပြန်လည်ကောင်းမွန်လာပြီဖြစ်၍  ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လမ်းမီးများ ပြန်လည်ထွန်းလင်းနေပြီ ဖြစ်ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဆီဆိုင်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ  မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများက ၁၁ ကေဗွီလိုင်း၊ ၄၀၀ ဗို့ဓာတ်အားလိုင်းကြိုးဆက်ခြင်း လုပ်ငန်းများနှင့် ထရန်စဖော်မာ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ မြို့ပေါ်ရှိလမ်းများတွင် လျှပ်စစ်မီး ပြန်လည် ထွန်းလင်းနေပြီဖြစ်သည်။ ယင်းနောက် ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်ရှိ နေအိမ်များအား လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်ရေးအတွက် လျှပ်စစ်မီးကြိုးသွယ်တန်းခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါလုပ်ငန်းများပြီးစီးပါက ဒေသခံပြည်သူများ လျှပ်စစ်မီး ပြန်လည်ရရှိနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

ဆီဆိုင်မြို့နယ်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေမင်း(ဆီဆိုင်)

 mdn