ဆောက်တည်ကြရမယ့် အဂတိလိုက်စားမှုကင်းစင်ခြင်း ယဉ်ကျေးမှု

နေပြည်တော် ၆ မေ

 

 

လူတို့၏သဏ္ဌာန်၌ ကုသိုလ်ပြုခြင်းနှင့် အကုသိုလ်ပြုခြင်းတို့သည် ဒွန်တွဲ၍ တည်ရှိနေပါ၏။ ကောင်းတာလုပ်လျှင် (သို့) ကျင့်ဝတ်၊ နီတိနှင့် သီလမြဲလျှင် ကုသိုလ်ရသည်။ မကောင်းတာလုပ်လျှင် (သို့) ကျင့်ဝတ်၊ နီတိနှင့် သီလမမြဲလျှင် အကုသိုလ်တိုးပွားပါမည်။ ထိုကုသိုလ်နှင့် အကုသိုလ်ပြုခြင်း နှစ်မျိုးကြောင့် လူ့အဖွဲ့အစည်းတွင် သာယာဝပြောတိုးတက်စည်ပင်ခြင်း၊ အမှုအခင်းများဖြင့် ရှုပ်ထွေးနေ၍ ဆုတ်ယုတ်ပျက်ပြားလာခြင်းတို့ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေရပါ၏။

 

လူတို့၏ စိတ်အစဉ်သည် မကောင်းမှုတွင် ပျော်မွေ့ဖို့ အလွန်လွယ်ကူသလောက် ဖြူစင်သန့်ရှင်းသော စိတ်ကို တည်ဆောက်ရန်မှာ အားယူ၍ လှည့်ပြောင်းရလေ့ ရှိပါ၏။ လူမှုအဖွဲ့အစည်းတစ်ရပ်မှသည် တစ်နိုင်ငံလုံး ကောင်းကျိုးဝေဖြာ၍ တိုးတက်စည်ပင်ရန်မှာ လူတို့၏ စိတ်နေစိတ်ထားကောင်းကောင်းဖြင့် ကျရာတာဝန်တို့ကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ပင်ဖြစ်ပါ၏။နိုင်ငံတွင် မှီတင်းနေထိုင်ကြသူများအားလုံး၌ အတ္တနှင့် ပရကို ဆောင်ရွက်နေကြရသော တာဝန်ဝတ္ထရားမှာ ကိုယ်စီကိုယ်ငရှိကြပါ၏။ အများက နှစ်သက်လက်ခံသော လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှသည် နိုင်ငံတော်က ကန့်သတ်ထားသောဥပဒေ၊ စည်းမျဉ်းများနှင့်ကိုက်ညီ၍ အများက စက်ဆုပ်ရွံရှာဖွယ်ရာ ရုန့်ရင်းကြမ်းတမ်းသော ရန်သတ္တရုပြုသော အပြုအမူဆိုးများသည် ဥပဒေစည်းမျဉ်းဘောင်တို့ကို ချိုးဖျက်၍ ကျူးလွန်နေခြင်းပင်ဖြစ်ပါ၏။ နိုင်ငံတွင် တစ်စုံတစ်ရာသော အခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်ရှိသူတို့က ကျင့်ဝတ်နီတိတို့ကို ချိုးဖောက်ကာလုပ်ပိုင်ခွင့်အာဏာတို့ကို တလွဲသုံးခဲ့ခြင်းတို့ကြောင့် မကောင်းမှုဒုစရိုက်တို့ဖုံးလွှမ်းကာ ဝန်းကျင်တစ်ခွင်လုံးတွင် မငြိမ်မသက်ဖြစ်စေပါ၏။ ဥပဒေ၏အထက်တွင် မည်သူမျှ မရှိရဟု ဆိုထားသော်လည်း ဥပဒေကို သားရေပင်ကဲ့သို့ အလျော့၊ အတင်းလုပ်ကာ လိုသလို အသုံးချခြင်းကြောင့် တရားဥပဒေစိုးမိုးမှုမှာ ပျက်ယွင်းခဲ့ရသည် အမှန်ပင်ဖြစ်ပါတော့၏။ ယနေ့လက်ရှိကာလတွင် တရားဥပဒေစိုးမိုးမှုရှိရေးအတွက် အလေးထားကာ ပြုပြင်နေကြပါ၏။ဤသည်မှာ နိုင်ငံအစိုးရနှင့် ပြည်သူလူထုအတွက် ကြီးမားသော စိန်ခေါ်မှုကြီးတစ်ခုဖြစ်ကာ နိုင်ငံတော် တည်ဆောက်ရေးအတွက် အထူးလိုအပ်လှပါ၏။

 

လူတို့တွင် တည်ရှိရမည့် စိတ်ထားမှာ ရိုးရိုးကျင့်မြင့်မြင့်ကြံ၊ မှန်တာလုပ်၊ဟုတ်တာပြောရန်အတွက် စိတ်ကောင်းစိတ်မြတ်ကို အသီးသီးမွေးမြူကြရမည်ပင် ဖြစ်ပါ၏။ ကောင်းသောစိတ်ကို မွေးခြင်းမှာ အခြားမဟုတ်ပါပေ။ မိမိတို့၏စိတ်သန္တာန်၌ တည်ရှိနေသော စိတ်ယုတ်မာများဟု ခေါ်အပ်သည့် အကုသိုလ်စိတ်ထားတို့ကို ဖယ်ထုတ်ရန်သာဖြစ်၏။ မိမိ၏စိတ်ကို မိမိသာလျှင်ဆေးကြောနိုင်သည်ဖြစ်၍ အခြားမည်သူတစ်ဦး တစ်ယောက်ကမျှ လုပ်ဆောင်ပေးနိုင်မည်မဟုတ်ပါပေ။ လူတို့တွင် မကောင်းမှုစိတ်သန္တာန်သည် အဂတိတရားလေးပါးဖြင့် ကပ်ညိနေပါ၏။ အဂတိတရားဟူသည်မှာ လူတို့ကို ကောင်းကျိုးလုံးဝမပေးသော တရားဆိုးတစ်ခုဖြစ်၍ ဤတရားကြောင့် လူ့ပတ်ဝန်းကျင်တစ်ခွင်လုံး၊ မတည်မငြိမ် ယောက်ယက်ခတ်ရသည်ဖြစ်ရာ ဤတရားဆိုးကိုပယ်ထုတ်ရန်အတွက် အဂတိတရားလေးပါးကို ရှောင်ကြဉ်ကြရမည်ပင်ဖြစ်ပါ၏။ ထိုမလိုလားအပ်သော အဂတိတရားလေးပါးမှာ ဆန္ဒာဂတိ၊ လောဘဂတိ၊ ဘယာဂတိ၊ မောဟဂတိတို့ပင် ဖြစ်ပါ၏။

 

“အဂတိလိုက်စားတယ်ဆိုတာ ပိုက်ဆံစားတယ်လို့ပဲ ထင်ကြတယ်။လာဘ်ပေးလာဘ်ယူအဂတိဆိုတာ ဒါပဲလို့ထင်ကြတယ်။ ကျွန်မတို့အစဉ်အလာအရ ယုံကြည်ခဲ့တာက အဂတိတရားဆိုတာ လေးပါးရှိတယ်။ ဆန္ဒ၊ ဒေါသ၊ ဘယာ၊မောဟ အဲဒါ အင်မတန်ပြည့်စုံတယ်လို့ ကျွန်မ ယူဆပါတယ်။ ဆန္ဒအရလုပ်တယ်ဆိုတာ ကိုယ်နဲ့ပတ်သက်တဲ့သူတွေကို ညှာပြီးတော့ လုပ်တာ၊ သူတို့ရဲ့အကျိုးကိုဦးစားပေးပြီးတော့လုပ်တာ၊ အဲဒါလည်း အဂတိတရားပဲ။ ဒေါသဆိုတာ ကိုယ်မကြိုက်တဲ့သူတွေ၊ ကိုယ်စိတ်ကွက်နေတဲ့သူတွေ၊ ကိုယ်မုန်းတဲ့သူတွေ အပေါ်မှာ မတရားသဖြင့်လုပ်တာလည်း အဂတိပဲ။ ပိုက်ဆံယူတာ၊ ပေးတာနဲ့ပဲအဂတိဖြစ်တာမဟုတ်ပါဘူး။ ဘယာဆိုတာ ကြောက်လို့၊ ကိုယ့်ကိုတစ်ယောက်ယောက်က ငြိုငြင်မှာ ကြောက်လို့၊ ကိုယ့်ရဲ့ အထက်အရာရှိက ကိုယ့်ကိုပြဿနာရှာမှာ ကြောက်လို့၊ ဒါမှမဟုတ် ကိုယ့်အပေါ်မှာ တစ်နည်းနည်းနဲ့ ဩဇာရှိတဲ့သူတွေ မကြိုက်မှာ ကြောက်လို့၊ လုပ်သင့်တာကို မလုပ်ဘူး၊ မလုပ်သင့်တာကိုလုပ်တယ်ဆိုတာလည်း အဂတိပါပဲ။မောဟဆိုတာက သိသင့်သိထိုက်တာကို မသိခြင်း၊ တရားဥပဒေနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်များဟာ တရားဥပဒေကို အသေအချာ မသိဘူးဆိုရင် ဒါလည်း အဂတိပဲ။ ဘာဖြစ်လို့လဲဆိုတော့ တရားဥပဒေကို အသေအချာနားမလည်လို့ တရားဥပဒေကို မှားယွင်းပြီးတော့ နားလည်သွားလို့လုပ်တဲ့ ကိစ္စတွေဟာ ဒါလည်း အဂတိမြောက်ပါတယ်။ ဒါကြောင့် ကျွန်မတို့ အစဉ်အလာအရ လက်ခံထားတဲ့ အဂတိတရားလေးပါးဟာ အင်မတန်မှ ပြည့်စုံပါတယ်။ အဂတိလိုက်စားမှုကို ကင်းစင်စေကြရပါမယ်။ ဘာကြောင့်လဲဆိုတော့ အဂတိလိုက်စားမှုကင်းစင်ခြင်းဆိုတာ ယဉ်ကျေးမှုတစ်ရပ်ပါပဲ”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်မှ ၈ ရက်နေ့အထိ ကျင်းပခဲ့သော တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးညီလာခံတွင် မြွက်ကြားခဲ့သည့် မိန့်ခွန်းကို အပြည့်အဝထောက်ခံကြောင်း တင်ပြလိုက်ရပါသည်။ ။

 

ကြေးမုံ