ဆော်ဒီဘုရင်၏ ကိုယ်ရံတော် ပစ်ခတ်သတ်ဖြတ်ခံရ

၃၀ စက်တင်ဘာ

 

 

ဆော်ဒီဘုရင်၏ ကိုယ်ရံတော် အဘဒူလ် အာဇစ် အယ်လ်ဖာဂမ် သည် ၎င်း၏ သူငယ်ချင်းနှင့်အငြင်းပွားနေစဉ်အတွင်း ပစ်ခတ်သတ်ဖြတ်ခံရကြောင်း ဆော်ဒီသတင်းအေဂျင်စီက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

 

ဂျက်ဒါးမြို့ရှိ ၎င်း၏နေအိမ်သို့ သူငယ်ချင်းတစ်ဉီး လာရောက်လည်ပတ်သည့် စနေနေ့ညနေပိုင်းက ယင်းသို့ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း မက်ကာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က အတည်ပြုပြောကြားခဲ့သည်။

 

 

ထိုသူငယ်ချင်းသည် အယ်လ်ဖာဂမ်နှင့် စကားများ ဒေါသဖြစ်ပြီးနောက် နေအိမ်မှ ထွက်ခွာသွားပြီး သေနတ်တစ်လက်နှင့် ပြန်ရောက်လာကာ စတင်ပစ်ခတ်ခဲ့သဖြင့် အယ်လ်ဖာဂမ်၊ ၎င်း၏အစ်ကို နှင့် ဖိလစ်ပိုင် အလုပ်သမားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ထိုပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

 

 

ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရာ ထိုသေနတ်သမား သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ငါးဦးလည်း ဒဏ်ရာရရှိခဲ့သည်။ ဆေးရုံရောက်ပြီး နောက်ပိုင်းတွင် အယ်လ်ဖာဂမ် သေဆုံးသွားခဲ့သည်။

 

 

အဆိုပါ ဒဏ်ရာရသူ ခုနစ်ဦးမှာ စိုးရိမ်ဖွယ် မရှိကြောင်းနှင့် ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။

 

 

အယ်လ်ဖာဂမ်သည် ယခင် ဆော်ဒီဘုရင် အဗ္ဗဒူလာ ဘင်ဒူအဇစ် အယ်လ်ဆော့ဒ်၏ ကိုယ်ရံတော်လည်း ဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို