စေ့စပ်ဆွေးနွေးခြင်းကသာ 

သူရ(ပန်းဧရာ)၊ ဝဏ္ဏ(တောင်ကြီး)

 

မနေ့ကနံနက်ခင်းတွင် မမျှော်လင့်သောငယ်ပေါင်းသူငယ်ချင်းနဲ့ လမ်းလျှောက်ရင်း စကားစမြည်ပြောဖြစ်ကြသည်။ 

သက်ရှည် ။ သူငယ်ချင်း မတွေ့ဖြစ်တာကြာပြီနော်။

စွမ်းရည် ။ ဟုတ်ပါ့ သူငယ်ချင်း။

သက်ရှည် ။ အလုပ်ကနားတော့ မြေးထိန်းပေါ့ကွာ။

စွမ်းရည် ။ ဟုတ်ပါ့၊ ဟုတ်ပါ့၊ ရောဂါကတစ်မျိုး၊ ကောလာဟလက တစ်မျိုးနဲ့ ဘာကိုယုံရမလဲ မသိကွာ။

သက်ရှည် ။ သူငယ်ချင်းကလဲ ကောလာဟလဆိုတာကလဲ မှန်တဲ့သတင်း အခြေအမြစ်ပေါ်မှာ မမှန်ကန်တဲ့ သတင်းအချက်အလက်တွေနဲ့ လုပ်ကြံဖန်တီးယူပြီး ကိုယ်လိုချင်တာ၊ ပြောချင်တာတွေကို ဝါဒဖြန့် ပြောတာမျိုးပဲမဟုတ်လား သူငယ်ချင်းရာ။

စွမ်းရည် ။ လတ်တလောဖြစ်နေတဲ့ မောင်ရင့်အမြင်ကို ပြောပါအုံးကွ။ ဘာတွေ ဖြစ်ပျက်နေတာလဲ။ သူငယ်ချင်းကနှံ့စပ်တော့ မသိတာတွေ သိအောင်တော့ ပြောပြပေးပါကွာ။

သက်ရှည် ။ ကောင်းပါပြီ သူငယ်ချင်း၊ လာ ရှေ့ခုံတန်းမှာထိုင်စကားပြော ရအောင်။

စွမ်းရည် ။ အေး အေး။ လတ်တလောကွာ ဒီမိုကရေစီနဲ့ပတ်သက်ပြီး အဖြစ်အပျက်တွေ၊ Attention တွေနဲ့ သူငယ်ချင်းရဲ့အမြင်ကို ပထမဆုံးသိချင်တယ်ကွ။

သက်ရှည် ။ အေး သူငယ်ချင်း သည်အကြောင်းတွေမပြောခင် မြန်မာ့တပ်မတော်အကြောင်းကို ပြောချင်တယ်ဟေ့။ တပ်မတော်အနေနဲ့ ခေတ်အဆက်ဆက်မှာ ပြည်သူ့အရေးနဲ့ပတ်သက်ပြီး ပြည်သူသာအမိ၊ ပြည်သူသာ အဖဆိုတာကို လက်ကိုင်ထားတာကွ။ ပြည်သူတွေလိုလား တောင့်တတဲ့ ပါတီစုံဒီမိုကရေစီ စနစ်ကိုလဲ တပ်မတော်အစိုးရကပဲ ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းတွေ၊ ဥပဒေလုပ်ထုံးလုပ်နည်းတွေအရ ဆောင်ရွက်ခြင်း နည်းလမ်းတွေအတိုင်း နိုင်ငံရေးယဉ်ကျေးမှုအပြည့်နဲ့ တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်း အသွင်ကူးပြောင်းပေးခဲ့တာ အားလုံး အသိပဲလေ။ 

စွမ်းရည် ။ အေး သူငယ်ချင်းပြောမှ သတိထားမိတယ်ဟေ့။ ဆက်ပါဦး ကွ။ 

သက်ရှည် ။ ဒို့နိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းပြီး ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် ရွေးကောက်ပွဲလုပ်တာ ၄ ကြိမ်ရှိပြီလေ။ သည် ရွေးကောက်ပွဲတွေကိုလဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာ အများအသိပဲလေ။

စွမ်းရည် ။ ဟုတ်တယ်လေ၊ သူငယ်ချင်းရာ၊ ရွေးကောက်ပွဲတိုင်း အငြင်းပွားမှု ရှိနေတာပဲ၊ ခုကရောကွ။

သက်ရှည် ။ မတူဘူး သူငယ်ချင်းရဲ့။ ပြီးခဲ့တဲ့ အငြင်းပွားမှုတွေက သာမန် အငြင်းပွားဖွယ်ရာအဆင့်တွေ။ အငြင်းပွားမှုတွေ၊ ကန့်ကွက်မှုတွေကိုလဲ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နဲ့ တာဝန်ရှိသူတွေက ဥပဒေနဲ့အညီပွင့်လင်းမြင်သာစွာနဲ့ ဖြေရှင်းပေးခဲ့တယ်ကွ။ အဲဒီလို ဖြေရှင်းပေးခဲ့လို့လဲ တိုင်ကြားတဲ့သူရော၊ စောဒကတက်တဲ့သူပါ ကျေနပ်လက်ခံခဲ့ကြတယ်လေ။

စွမ်းရည် ။ အခုတို့နိုင်ငံကသွားနေတဲ့ ပါတီစုံဒီမိုကရေစီစနစ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဟာ ဒီစနစ်ရဲ့အသက်ပဲ မဟုတ်လားကွ။

သက်ရှည် ။ သိပ်မှန်တာပေါ့ သူငယ်ချင်းရာ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှသာ ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်ကို ထင်ဟပ်ပေါ်လွင်မှာပေါ့ကွာ၊ ဒို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄ မှာလဲ နိုင်ငံတော်၏အချုပ်အခြာ အာဏာဟာ နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတစ်ဝှမ်းလုံး၌ တည်သည်လို့ ပြဋ္ဌာန်းထားတယ် မဟုတ်လား။

စွမ်းရည် ။ အခု ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာရော လွတ်လပ်ပြီး တရားမျှတမှုရှိတယ် မဟုတ်ဘူးလား သူငယ်ချင်း။

သက်ရှည် ။ သူငယ်ချင်း ငါပြောပြမယ်။ ရွေးကောက်ပွဲပြီးလို့ ရရှိတဲ့မဲစာရင်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲစာရင်းတွေ ထုတ်ပြန်ကြေညာတယ်။ အဲဒီလိုကြေညာတဲ့ မဲစာရင်းတွေကို တပ်မတော်က တိုက်ဆိုင်စစ်ဆေးကြတဲ့အခါမှာ နိုင်ငံမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၈ သန်းရှိတဲ့အထဲမှာ ၁၀ သန်း ၄ သိန်းကျော် မဲပေးတဲ့လူဦးရေအားဖြင့် ဆိုရင်တော့ ၄ ပုံ ၁ ပုံ ရာခိုင်နှုန်းနဲ့ ဆိုရင် ၂၅ ရာခိုင်နှုန်းကျော်လောက်ထိကို မဲမသမာမှု ဖြစ်နိုင်တယ်လို့ တပ်မတော်က ပြောနေတာတွေ့ရတယ် သူငယ်ချင်း။

စွမ်းရည် ။    ဟာ သူငယ်ချင်းရ၊ မဲစာရင်းမသမာမှုအရေအတွက်က အဲဒီလောက်အထိတောင် မှားရလားကွ။

သက်ရှည် ။ အေးကွ၊ အဲဒါကြောင့်မို့လို့လဲ တပ်မတော်ဘက်က ဒီလိုမှားယွင်းမှုဟာ သာမန်မဖြစ်နိုင်ဘူးလို့ ပြောနေတာပေါ့။
စွမ်းရည် ။ ဒီလောက်ပမာဏဆိုရင်တော့ တပ်ကပြောနေတာဟာ မှန်တာပေါ့ သူငယ်ချင်းရယ်၊ အဲဒီလောက်အထိ အရေအတွက်ရှိမှတော့ သာမန်မှားတာတော့ ဘယ်ဟုတ်ပါ့ မလဲကွ။ ရည်ရွယ်ချက်ရှိရှိ လုပ်သလိုကိုဖြစ်နေပြီဟေ့။

သက်ရှည် ။ အေးကွ။ ဒါ့ကြောင့်လည်း တပ်မတော်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက်တွေကို ရွေးကောက်ပွဲမကျင်းပမီမှာ ၂ ကြိမ်ထုတ်ပြန်ခဲ့သလို ရွေးကောက်ပွဲ ကျင်းပပြီးချိန်မှာလည်း ၄ ကြိမ်နဲ့ စုစုပေါင်း ၆ ကြိမ်အထိ တရားဝင် ထုတ်ပြန်ခဲ့တာပေါ့။ ရွေးကောက်ပွဲအပြီးမှာလည်း မဲစာရင်းနဲ့ပတ်သက်လို့ သူတို့ရဲ့စစ်ဆေးတွေ့ရှိချက်တွေကို စာရင်းဇယားတွေနဲ့ အကြိမ် ၃၀ အထိ အကြိမ်ကြိမ်အလီလီ ထုတ်ပြန်ခဲ့တာ သူငယ်ချင်း သတိမထားမိဘူးလားကွ။

စွမ်းရည် ။ သူငယ်ချင်းအပြောအရဆိုရင်တော့ တပ်မတော်က သူ့မှာ အထောက်အထား အခိုင်အလုံတွေရှိလို့ ထုတ်ပြန်နေတာတော့ သေချာတာအမှန်ပဲလို့ ဆိုနိုင်ပါရဲ့ကွာ။

သက်ရှည် ။ ဒါတင်ဘယ်ကမလဲ သူငယ်ချင်းရယ်၊ မကြာသေးခင်ကမှ လုပ်ခဲ့တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့သတင်းစာ ရှင်းလင်းပွဲမှာလဲ စာအုပ်စာတမ်းပေါင်း ၁၃၄၁ အုပ်၊ မဲစာရင်းစစ်ဆေးခဲ့တဲ့ ကွန်ပျူတာစနစ်စတာတွေကို ပြည်တွင်း မီဒီယာတွေသာမက၊ ပြည်ပမီဒီယာ ၅၀ ကျော်ရဲ့ရှေ့မှောက်မှာ အထောက်အထားတွေနဲ့ ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းခဲ့တာ သူငယ်ချင်းလည်း မြင်ရတာပဲမဟုတ်လား။

စွမ်းရည် ။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်/မဖြစ်ဆိုတာ ဘယ်အချက်တွေ၊ ဘာတွေနဲ့ကြည့်ရင် သိနိုင်မလဲ သူငယ်ချင်းရဲ့။
သက်ရှည် ။ သူငယ်ချင်းပြောသလို လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်/မဖြစ်ဆိုတာ ရွေးကောက်ပွဲကျင်းပတဲ့ ရက်တစ်ရက်ထဲကို ကြည့်ယုံနဲ့ဘယ်သိနိုင်မှာလဲကွာ။ ရွေးကောက်ပွဲအကြို လှုပ်ရှားမှုကာလ၊ ရွေးကောက်ပွဲကျင်းပပြီးတဲ့ ကာလတွေမှာလဲ လွတ်လပ်ပြီး တရားမျှတမှုတွေရှိ/မရှိ၊ သံသယကင်းစွာနဲ့ သန့်ရှင်းမှုရှိ/မရှိ တွေကို သုံးသပ်ကြည့်ရှုနိုင်မှပဲ သိနိုင်မှာပေါ့ကွာ။

စွမ်းရည် ။ မဲမသမာမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေဘက်ကလည်း ထုတ်ပြန်မှုတွေမရှိဘူးလား။ ဒါသူတို့နဲ့ဆိုင်တာလေ မဟုတ် ဘူးလား။

သက်ရှည် ။ ရှိတာပေါ့ သူငယ်ချင်းရဲ့၊ နိုင်ငံရေးပါတီ ၂၀ က ကြေညာချက် ၂၆ စောင် ထုတ်ပြန်ပြီးတော့ ခုလိုမဲမသမာမှုဖြစ်နေတဲ့ စာရင်းတွေကို မရှင်းလင်းနိုင်သေးတဲ့ ကာလမှာ တတိယအကြိမ် လွှတ်တော် ကျင်းပရေးကို ဆိုင်းငံ့ထားပေးဖို့ တောင်းဆိုခဲ့ကြတယ်လေ။

စွမ်းရည် ။ အော် အဲဒီလိုလား၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲရလဒ်တွေအပေါ်မှာ မဲပေးတဲ့ ပြည်သူတွေကရော မတုန့်ပြန်ကြဘူးလား သူငယ်ချင်း။

သက်ရှည် ။ ရှိတာပေါ့ သူငယ်ချင်းရဲ့၊ ရွေးကောက်ပွဲအပြီး ၁၀-၁၁-၂၀၂၀ ရက်ကနေ ၂၈-၁-၂၀၂၁ ရက်အထိ မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရှိတဲ့မြို့နယ် ၉၇ မြို့နယ်မှာ ဆန္ဒဖော်ထုတ်မှု ၁၁၇ ကြိမ် ပြုလုပ်ခဲ့ကြတာကို တွေ့ရတယ်ကွ။

စွမ်းရည် ။ အော် အဲဒီလောက်တောင်လား၊ သေချာတောင်သတိ မထားမိပါဘူးကွာ၊ မဲစာရင်းနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ထုတ်ပြန်ချက်တွေ အပေါ် သူငယ်ချင်း ဘယ်လိုယူဆသလဲ။

သက်ရှည် ။ တပ်မတော်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာမယ်၊ ဒါ့အပြင်ရွေးကောက်ပွဲကိုလဲ လွတ်လပ်ပြီးတရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့အတွက် ဥပဒေပြဌာန်းချက်တွေကို အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးခဲ့တယ်ကွ။ သူတို့ရဲ့ ထုတ်ပြန်ချက်တွေကိုလည်း မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာနဲ့ သတင်းစာ၊ ရုပ်မြင်သံကြား၊ တပ်မတော် သတင်းမှန်ပြန်ကြားရေး Website နဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း တရားဝင် ထုတ်ပြန်ပေးနေတာတွေ တွေ့ရတယ်။ 

စွမ်းရည် ။ မီဒီယာတွေကရော အခုလိုကာလမှာ ထုတ်ပြန်ချက်တွေ မလုပ်ကြ ဘူးလားကွ။

သက်ရှည် ။ ထုတ်ပြန်ချက်တွေတော့လုပ်တာပေါ့ကွာ၊ ဒါပေမယ့် သူတို့က သူတို့လိုရာဆွဲပြီး သတင်းရဲ့ရည်ရွယ်ချက်နဲ့ အချက်အလက် အမှားတွေကို ထုတ်ပြန်ခဲ့ကြတာ တွေ့ရတယ်ကွ။ VOA သတင်းဌာနဆိုရင် တပ်မတော်အနေနဲ့ ရွေးကောက်ပွဲရလဒ်တေွ ပြောင်းသွားစေဖို့အတွက် အင်အားသုံး မခြိမ်းခြောက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောတယ်ဆိုပြီး ဖော်ပြထားပေမဲ့ အမှန်တကယ် ပြောကြားခဲ့ခြင်းမရှိတဲ့ မမှန်သတင်းကို ထုတ်လွှင့်ခဲ့သေးတယ်လေ။

စွမ်းရည် ။ တပ်မတော်ရဲ့ထုတ်ပြန်ချက်တွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် သဘောထားရော ပါရဲ့လား သူငယ်ချင်း။ 

သက်ရှည် ။ ပါတာပေါ့ သူငယ်ချင်း။ တပ်မတော်ရဲ့ ပထမဆုံး Statement ကို ရွေးကောက်ပွဲမကျင်းပမီ ၂-၁၁-၂၀၂၀ ရက်မှာ ထုတ်ပြန်ခဲ့တယ်။ အဲဒီ ထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲ အကြိုကာလမှာဖြစ်ပေါ် နေတဲ့အခြေအနေတွေ၊ ရွေးကောက်ပွဲကော်မရှင်က တည်ဆဲ ဥပဒေတွေကိုကျော်လွန်ပြီး ညွှန်ကြားချက်အမျိုးမျိုးထုတ်ပြန် ဆောင်ရွက်နေမှုတွေ၊ ကြိုတင်မဲပေးတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ ဥပဒေနဲ့မညီညွတ်မှုတွေ တွေ့ရလို့ ဒါနဲ့ပတ်သက်ပြီး UEC နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို သဘောထားထုတ်ပြန်ခဲ့တယ်။ အဲဒီနေ့မှာပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း သဘောထား ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သေးတယ်ကွ။ တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ကတော့ ဒေသခံ တိုင်းရင်းသားပြည်သူတွေအပေါ် မခြိမ်းခြောက်ဖို့ သူတို့နဲ့ Inline မဖြစ်တဲ့ပါတီ၊ သဘောထား မတိုက်ဆိုင်တဲ့ နိုင်ငံရေးပါတီတွေကို သူတို့နယ်မြေအတွင်း ဝင်ရောက်မဲဆွယ်စည်းရုံး လှုပ်ရှားခွင့်ရရှိရေး ဆောင်ရွက်ပေးဖို့အတွက် သဘောထား ထုတ်ပြန်ကြေညာခဲ့တာ တွေ့ရတယ် သူငယ်ချင်း။

စွမ်းရည် ။     တပ်မတော်က ရွေးကောက်ပွဲကော်မရှင်ကို ဘာအကြောင်းကြောင့် မဲစာရင်းကူးယူခွင့် တောင်းခံတာလဲကို သိလား သူငယ်ချင်း၊ ပြောပါအုံးဟ။

သက်ရှည် ။ အဓိကပြည်သူတွေအတွက် ရှေးရှုတယ်လို့ပြောရမယ်ကွ။ မဲစာရင်း ကူးယူခွင့်တောင်းတာကလဲ သက်သေခံဥပဒေပုဒ်မ ၇၄ နဲ့ ၇၆ အရ မဲစာရင်းစာရွက်စာတမ်းတွေ ကူးယူခွင့်ကိုပဲ တောင်းခံခဲ့တာပဲ။ တပ်မတော်သားတွေဟာ ပြည်သူတစ်ယောက်အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်ကိုတိကျစွာ လိုက်နာ ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ တပ်တွင်း မဲရုံတွေမထားဘဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်အတိုင်း တပ်ပြင်ပမှာရှိတဲ့မဲရုံတွေမှာပဲ မဲပေးခဲ့ကြတယ်လေ။ ဒါ့ကြောင့်လဲ နိုင်ငံသားတစ်ဦးရဲ့ရပိုင်ခွင့်ကို ဥပဒေနဲ့အညီ တောင်းခံခဲ့တယ်လို့ တပ်မတော်ကပြောခဲ့တာ။ အဲဒီလို တောင်းခံတဲ့စာရွက်စာတမ်းတွေဟာ လျှို့ဝှက်စွာသိမ်းဆည်းထားရမဲ့ စာရွက်စာတမ်းမဟုတ်ဘူး သူငယ်ချင်း။ သက်ဆိုင်ရာ မဲရုံအလိုက် ကြေငြာသင်ပုန်းတွေမှာ အများပြည်သူသိရှိအောင် ကပ်ထားရတဲ့ စာရွက်စာတမ်းတွေကွ။ ထူးပြီးတောင်းခံတာ မဟုတ်ပါဘူး သူငယ်ချင်းရာ။

စွမ်းရည် ။ သူငယ်ချင်းအပေါ်မှာပြောခဲ့သလို တတိယအကြိမ်လွှတ်တော် ကျင်းပဖို့ခေါ်ယူတာကို ခေတ္တဆိုင်းငံ့ထားဖို့တင်ပြခဲ့သလို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူပေးဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေကလဲ တင်ပြ ခဲ့တယ်လို့ ကြားမိသေးတယ်ကွ။

သက်ရှည် ။ မှန်တယ် သူငယ်ချင်း၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေအပါအဝင် နိုင်ငံရေးပါတီတွေက လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၂၀၃ ဦး တို့ဟာ အခြေခံဥပဒေနဲ့အညီ ၁၁-၁-၂၀၂၁ ရက်မှာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ အထူးအစည်းအဝေးကို ခေါ်ယူပေးဖို့တင်ပြခဲ့ကြတယ်။ အဲလို တောင်းဆိုတာဟာ အခြေခံဥပဒေပြဌာန်းချက်နဲ့အညီ လွှတ်တော် အမတ် ၄ ပုံ ၁ ပုံက တောင်းဆိုလာပါက ကျင်းပပေးရမည် (Must Be) လို့ပြဌာန်းထားတာကို တောင်းဆိုခဲ့တာပဲ သူငယ်ချင်းရဲ့။

စွမ်းရည် ။ တပ်မတော်သားတွေနဲ့ မှီခိုသူမိသားစုဝင်တွေ ဘယ်လိုမဲပေး ခဲ့ကြတယ်ဆိုတာကို ရှင်းပြပါအုံး သူငယ်ချင်း။
သက်ရှည် ။ ဒီနေရာမှာ တပ်မတော်သားတွေနဲ့ မှီခိုသူမိသားစုဝင်တွေဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ တပ်တွင်း မဲရုံတွေမှာပဲ လွတ်လပ်တရားမျှတစွာ မဲပေးခဲ့ကြပေမဲ့၊ ၂၀၂၀ ရွေးကောက်ပွဲကြတော့ တပ်တွင်းမဲရုံတွေကို တပ်ပြင်ပထုတ်ပေး ရမယ်ဆိုတဲ့ UEC ရဲ့တောင်းဆိုချက်အတိုင်း တပ်မတော်သားတွေနဲ့ မှီခိုသူ မိသားစုဝင်တွေဟာ တပ်ပြင်ပမဲရုံတွေမှာ ပြည်သူတွေနဲ့ အတူ လွတ်လွတ်လပ်လပ် မဲပေးခဲ့ကြတယ် သူငယ်ချင်း။

စွမ်းရည် ။ မဲစာရင်းတောင်းခံတာနဲ့ပတ်သက်ပြီး ဆက်ရှင်းပြပါအုံး သူငယ်ချင်း။

သက်ရှည် ။ ဒီလိုကွ။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ-၁၅ အရဆိုရင် မဲပေးခဲ့တဲ့မည်သူမဆို မဲစာရင်းကူးယူခွင့်အား တစ်စောင်လျှင် ၂၅ ကျပ် နှုန်းဖြင့် ကူးယူခွင့်ပြုရမည်ဆိုပြီး အရင်ထဲက ပြဌာန်းထားတာရှိတယ်ကွာ၊ အဲဒါကြောင့် မဲစာရင်း ကူးယူခွင့်တောင်းဆိုတာဟာ တပ်မတော်သားတစ်ဦးအနေနဲ့ရော၊ မဲဆန္ဒရှင် တစ်ဦးအနေနဲ့ပါ ဥပဒေနဲ့အညီ တောင်းဆိုတာ ဖြစ်တယ်လို့ ပြောတာပေါ့။

စွမ်းရည် ။ သူငယ်ချင်း အခုလိုရှင်းပြမှပဲ သဘောပေါက်တော့တယ်၊ ဒါနဲ့ တပ်မတော်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာပါတဲ့ ဖော်ပြချက်တွေကိုလဲ ထပ်ရှင်းပြပါအုံး သူငယ်ချင်းရဲ့။

သက်ရှည် ။ ဒီနောက်ဆုံးထုတ်ပြန်ချက်ကတော့ အရေးအကြီးဆုံး ထုတ်ပြန်ချက်တစ်ခုလို့ ငါထင်တယ် သူငယ်ချင်း။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုလုံးကို ပြန်သုံးသပ် ထားတဲ့ တပ်မတော်ရဲ့ သဘောထားကို ကွက်ကွက်ကွင်းကွင်း သိမြင်နိုင်လို့ပဲ။ အဲဒီသဘောထားထုတ်ပြန်ချက်မှာ အချက် ၄ ချက်ရှိတယ်လို့ ငါတော့ထင်တယ်။ ပထမဆုံးအချက်ကတော့ တပ်မတော်ရဲ့ရွေးကောက်ပွဲအပေါ် စိစစ်တွေ့ရှိမှုတွေအရ မဲမသမာမှု ဖြစ်နိုင်တဲ့ စာရင်းတွေထုတ်ပြန်ရခြင်းဟာ လွတ်လပ်ပြီး တရားမျှတတဲ့၊ ပွင့်လင်းမြင်သာတဲ့ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို သံသယကင်းရှင်းစွာ အသိအမှတ်ပြုလိုတဲ့အတွက်  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖြေရှင်းပေးဖို့ ဆိုတာရယ်၊ ဒုတိယအချက်အနေနဲ့ လွတ်လပ်ပြီးတရား မျှတပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲရလဒ်ဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြသပေးနိုင်မယ်ဆိုရင် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်စေမှာ ဖြစ်တဲ့အတွက် တပ်မတော်နဲ့ အခြားနိုင်ငံရေး ပါတီတွေကလည်း ပြည်သူ့ဆန္ဒနဲ့အညီ လက်ခံသွားမယ် ဆိုတာရယ်၊ တတိယအချက်အနေနဲ့ တပ်မတော်ဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကိုရှေးရှုပြီး ပြည်ထောင်စု လွှတ်တော် ဒါမှမဟုတ် နိုင်ငံတော်အစိုးရ ဒါမှမဟုတ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နည်းလမ်းရှာ ဖြေရှင်းပေးဖို့ သဘောထား ထုတ်ပြန်တာဖြစ်တယ်ဆိုတာရယ်၊ စတုတ္ထ အချက်အနေနဲ့ကတော့ တပ်မတော်က  နိုင်ငံရေးယဉ်ကျေးမှု၊ ဥပဒေနဲ့အညီ ဥပဒေဘောင်ကို တစ်ခုမှမကျော်လွန်ဘဲ ဥပဒေ ဘောင်အတွင်းကပဲ တောင်းဆိုနေခြင်းဖြစ်တာကို နားလည် သဘောပေါက်ပေးစေလိုတယ် ဆိုတာရယ်ပဲကွ။ တောင်းဆို ချက်တွေကိုလဲ Public မှာ အများပြည်သူသိရှိအောင် တရားဝင်ထုတ်ပြန်ခဲ့တယ်လေ။

စွမ်းရည် ။ ဒါဆိုရင် သူငယ်ချင်းရဲ့အပြောအရ တရားဝင်ထုတ်ပြန်ချက်တွေတင် မကဘဲ အခြားနည်းလမ်းတွေနဲ့လည်း ဆောင်ရွက်ခဲ့တာတွေလည်း ရှိတယ်ဆိုတဲ့သဘောလား သက်ရှည်ရ။

သက်ရှည် ။ အမှန်တကယ်ရှိတာပေါ့ သူငယ်ချင်းရာ၊ အဲဒီထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းမှာပဲ နိုင်ငံတော်အဆင့်တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဆီကို  တပ်မတော်ကအရာရှိကြီး ၂ ဦး စေလွှတ်ပြီး ဖြစ်ပျက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ထပ်မံ တင်ပြပြောဆိုခဲ့တယ်။ အဓိကကတော့ကွာ ပြည်ထောင်စု လွှတ်တော်၊ နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့က ဖြေရှင်းမပေးနိုင်ရင် အခြေခံဉပဒေပြဌာန်းချက်တွေနဲ့အညီ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရတယ်ကွ၊ ဒါကိုလည်း ငြင်းပယ်ခံခဲ့ရတယ်လို့သိရတယ်၊ ဒါကတော့ ဖြစ်စဉ် အကျဉ်းချုပ်လို့ဆိုရတာပေါ့၊ ဒီလောက်ဆိုရင် သူငယ်ချင်းအနေနဲ့ တပ်မတော်ရဲ့ထုတ်ပြန်ချက် ၆ ခုမှာပါတဲ့ အကြောင်းအရာတွေနဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိလောက်ပြီလို့ ထင်ပါတယ်။

စွမ်းရည် ။ တပ်မတော်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ပေးဖို့ တောင်းဆိုချက်ကို ငြင်းဆန်ခံခဲ့ရတော့ နောက်ထပ် ဘယ်လိုဆက်လုပ်သွားမယ် ဆိုတာကို သိချင်သေးတယ် သူငယ်ချင်း။ 

သက်ရှည် ။ တပ်မတော်အနေနဲ့ ဘာဆက်လုပ်သွားမယ်ဆိုတာကို သတင်းစာ ရှင်းလင်းပွဲမှာ ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်သလို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့လည်း ပြောထားခဲ့ပြီးသားကွ။ တပ်မတော်အနေနဲ့ အခြေခံဥပဒေအပါအဝင် အခြေခံဥပဒေနဲ့မဆန့်ကျင်တဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဆောင်ရွက်သွားမယ်လို့ အတိအလင်းပြောကြားထားတယ် သူငယ်ချင်း။

စွမ်းရည် ။ အခုလိုအချိန်ပေးပြီးတော့ တစ်ချက်ချင်းရှင်းပြပေးတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ပြီးတော့ တချို့ပြောဆိုမှု တွေမှာပေါ့ အခြေခံဥပဒေကို ဖျက်သိမ်းဖို့ ပြောဆိုနေတဲ့အတွက် စိုးရိမ်ပူပန်စရာတွေဖြစ်နေတယ်လို့ကြားသိရတယ် သူငယ်ချင်း။

သက်ရှည် ။ ဒါနဲ့ပတ်သက်ပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောကြားချက်ကို မီဒီယာတွေအနေနဲ့ လိုရာဆွဲပြီး ရေးသားကြလို့ စိုးရိမ်ပူပန်ကြတာပါကွာ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားချက်က အခြေခံဥပဒေကို ဖျက်သိမ်းမယ်လို့ ဆိုလိုတာမဟုတ်ဘူးကွ။ တပ်မတော်ဟာ အခြေခံဥပဒေကိုလိုက်နာပြီး ပြည်သူကိုရှေးရှုတဲ့ တင်ပြ တောင်းဆိုချက်တွေကို ဥပဒေနဲ့အညီ လုပ်ဆောင်နေတာဖြစ်တယ်၊ ဒီအချက်အပေါ်မှာ တစ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ အခြေခံဥပဒေကို လျစ်လျူရှုပြီး အဓိပ္ပာယ်ကို လိုသလို ဖွင့်ဆိုနေကြတဲ့အတွက် ဥပဒေအတိုင်း လိုက်နာလုပ်ဆောင်နိုင်ခြင်း မရှိရင် အဲဒီဥပဒေကို ဘာလုပ်ဖို့လိုမလဲ။ ဖျက်ပစ်ဖို့ပဲရှိတော့တာပေါ့လို့ သင်တန်းသားအရာရှိကြီးတွေကို ဥပဒေရဲ့အရေးကြီးပုံနဲ့ ဆက်စပ်ပြီး ရှင်းလင်းပြောကြားခဲ့တာကွ။ 

စွမ်းရည် ။ ငါတို့ကတော့ကွာ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေကိုဖတ်ပြီး တပ်မတော်ရဲ့ သဘောထားကို ခန့်မှန်းနေရတာဟေ့။ အခုတော့ သူငယ်ချင်းရှင်းပြလို့ တော်တော်လေးရှင်းသွားပါပြီ။

သက်ရှည် ။ ကောင်းပါပြီ သူငယ်ချင်း၊ တစ်လက်စတည်းပြောပြီးသား အချက်နှစ်ချက်ကိုပဲ ထပ်ဖြည့်ပြီး ပြောချင်သေးတယ်ကွ။ ပထမအချက်ကတော့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်တွေမှာ ခြိမ်းခြောက်ထားတဲ့ စကားလုံးတစ်ခုမှမပါရှိဘူး၊ ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲ သွားအောင် ဆောင်ရွက်ပေးရမယ်လို့ တောင်းဆိုထားတာလဲမရှိဘူး၊ ဒါ့အပြင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်ဆိုတာကိုပဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပွင့်လင်းမြင်သာစွာနဲ့ ဖြေရှင်းပေးဖို့ကိုပဲ ဦးတည်တောင်းဆိုထားတာ တွေ့ရတယ်ကွ။ ဒုတိယအချက်က တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ခြင်းမရှိတဲ့ တည်ဆဲဥပဒေတွေကို ဆက်လက်လိုက်နာ ဆောင်ရွက်သွားမယ်၊ ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်ကပဲ စတင်လမ်းခင်းပေးခဲ့တာဖြစ်တယ်၊ လက်ရှိဆောင်ရွက်နေမှုတွေဟာ ပါတီစုံဒီမိုကရေစီ စနစ်မယိမ်းယိုင်စေဖို့ ဆောင်ရွက်နေခြင်းဖြစ်တယ်ဆိုတာရယ်။ တတိယအချက်အနေနဲ့ မဲပေးပိုင်ခွင့်ရှိသူ ၃၈ သန်းထဲမှာ ၁၀ သန်းကျော်အထိ အမှားအယွင်းဖြစ်နေတာတွေဟာ နိုင်ငံတကာနဲ့ကမ္ဘာမှာပါ ရွေးကောက်ပွဲရဲ့ပုံရိပ်ကို လွန်စွာထိခိုက်စေတဲ့အတွက် တပ်မတော် အနေနဲ့ဆောင်ရွက်နေရတာဖြစ်တယ်လို့ ပြောထားတာကွ။ 

စွမ်းရည် ။ ဟုတ်ပါပြီ သူငယ်ချင်းရာ၊ အခုလို ထိလွယ်ရှလွယ် အခြေအနေတစ်ခုမှာ အကောင်းဆုံး အဖြေရလဒ်ကို ရှာဖွေနိုင်တဲ့အထိ လမ်းကြောင်းမှန်နဲ့ ဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်သလို အငြင်းပွားမှုတွေဖြစ်လာခဲ့ရင်လဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေ တွေအတိုင်း အေးအေးချမ်းချမ်း ဖြေရှင်းနိုင်ဖို့ မျှော်လင့်မိပါတယ် သူငယ်ချင်း။ အခုလိုအချိန်ပေးပြီးရှင်းပြပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။ အချိန်လဲ တော်တော်လင့် နေပြီ ဆိုတော့ ပြန်ကြဦးစို့ သူငယ်ချင်း။

သက်ရှည် ။ ဟုတ်ပါပြီ သူငယ်ချင်း၊ အခုလိုအချိန်ပေးပြီး နားထောင် ပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။ နောင်လဲအခွင့်ကြုံလျှင် ကြုံသလို ဆွေးနွေးကြတာပေါ့ သူငယ်ချင်းရာ။