စောစောပြော၊ စောစောသိ အားလုံးအကျိုးရှိဖို့ ဝိုင်းဝန်းကူညီကြပါစို့

၃၁  မတ်

လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ဖြစ်ပွားမှုအခြေအနေဟာ တစ်ကမ္ဘာလုံးက နိုင်ငံအသီးသီး ကူးစက်ပြန့်ပွားလျက်ရှိရာ ကျွန်တော်တို့ နိုင်ငံကိုလည်း ဒီရောဂါကူးစက်ရောက်ရှိလာခဲ့ပါပြီ။ COVID-19 ရောဂါ ယခုထက်ပိုပြီး မကူးစက်မပြန့်ပွား အောင် ကာကွယ်ထိန်းချုပ်ဖို့ လိုအပ်လာတာအမှန်ပါပဲ။ ထိန်းချုပ်ဖို့ဆိုရင် ကျွန်တော်တို့တစ်တွေအားလုံး မြို့ပေါ်ရော ကျေးရွာနေ ပြည်သူတွေပါ တစ်ဦးတစ်ယောက်မျှ မကျန်ဘဲ ညီညီညွတ်ညွတ်နဲ့ စုစည်းပူးပေါင်းပါဝင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ အားလုံးပါဝင် ဆောင်ရွက်ပြီး စနစ်တကျ တုံ့ပြန်တဲ့နည်းလမ်းဟာ အထိရောက်ဆုံး၊ အကောင်းမွန်ဆုံး ဖြစ်ပါလိမ့်မယ်။

ကျွန်တော်တို့တစ်တွေ စနစ်တကျ တုံ့ပြန်ဆောင်ရွက် ကြရာမှာ တစ်ဦးချင်းစီကိုယ်တိုင် လိုက်နာလုပ်ဆောင် ရမယ့်အချက်တွေကို မဖြစ်မနေ တိတိကျကျလိုက်နာ ကြရမှာဖြစ်ပါတယ်။ အဲဒါတွေကတော့ နှာချေ၊ ချောင်းဆိုး ပြီးတိုင်း၊ အပြင်က ပြန်လာတိုင်း၊ အများအသုံးပြုတဲ့ အရာဝတ္ထုပစ္စည်းတွေ (တံခါးလက်ကိုင်တို့၊ လှေကား လက်ရန်းနဲ့ ဓာတ်လှေကားခလုတ် စတာတွေ) ကိုင်တွယ်ပြီးတိုင်း လက်ကိုစနစ်တကျဆေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အစားအစာချက်ပြုတ်ရန် ပြင်ဆင်တဲ့အခါ၊ အစာမစားမီနဲ့ အိမ်သာအသုံးပြုပြီးတဲ့အခါ၊ လူနာနဲ့ ထိတွေ့ပြုစုပြီးတဲ့အခါတွေမှာ လက်ကိုဆေးဖို့လိုအပ်ပါတယ်။ စနစ်တကျလည်း ဆေးကြရမှာဖြစ်ပါတယ်။ အဖြစ်သဘောမျိုး ပြီးပြီးရောဆေးတာဟာ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။

နှာချေ၊ ချောင်းဆိုးရင်လည်း နှာခေါင်း၊ ပါးစပ်ကို တစ်ရှူး ဒါမှမဟုတ် တံတောင်ကွေးနဲ့ လုံခြုံအောင် ဖုံးအုပ်ပါ။ သုံးပြီးတစ်ရှူးကိုလည်း အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်ပါ၊ ပြီးရင်လက်ကို စနစ်တကျပြန်ဆေးပါ။ လူစုလူဝေး၊ လူထူထပ်ပြီး လူသူများတဲ့နေရာကို လုံးဝရှောင်ကြဉ်ပါ။ လုံးဝကို မသွားပါနဲ့။

လက်ရှိအခြေအနေအရ အရေးကြီးဆုံးလိုက်နာ ဆောင်ရွက်ကြရမှာက ရောဂါဖြစ်ပွားတဲ့နေရာတွေ၊ နိုင်ငံတွေက ပြန်လာကြတဲ့သူတွေပါပဲ။ သက်ဆိုင်ရာကို သတင်းပို့ ဆက်သွယ်ပေးကြဖို့ပါ။ မိမိနေထိုင်ရာဒေသက အုပ်ချုပ်ရေး အဖွဲ့နဲ့ ကျန်းမာရေးဦးစီးဌာနတွေကို အသိပေးအကြောင်း ကြားကြဖို့လိုပါတယ်။ မဖြစ်မနေကို လုပ်ဆောင်ပေးကြပါ။ ဒါ့အပြင် နိုင်ငံရပ်ခြားက ပြန်ဝင်လာကြတဲ့သူတွေ ကိုယ့်ပတ်ဝန်းကျင်မှာရှိပါက မိမိကိုယ်မိမိ ပိုပြီးဂရုစိုက်ကြဖို့ လိုသလို သံသယဖြစ်စရာ အဖြစ်အပျက်အကြောင်းအရာ တွေ့ရှိရင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နဲ့ အဖွဲ့အစည်းတွေကို သတင်းပေးပို့ကြဖို့ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ အရေးကြီးတာထက်ပိုပြီး အရေးကြီးတယ်လို့ပြောနိုင်တယ်။ ကျွန်တော်တို့ မြို့ရွာနေ ပြည်သူတွေအနေနဲ့ ဒီ COVID-19 ရောဂါနဲ့သက်ဆိုင်တဲ့ သတင်းတွေ ကိစ္စပါပဲ။ မှန်ကန်တဲ့သတင်းတွေကိုသာ ယုံကြည်ကြဖို့၊ ကောလာဟလသတင်းတွေကို အယုံအကြည်မရှိကြဖို့ပါပဲ။

ဒါကလည်း အသိတရားရှိရှိနဲ့ လိုက်နာကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတစ်ဦးချင်းစီကိုယ်တိုင် လိုက်နာဆောင်ရွက်ရမယ့် အချက်တွေနဲ့ တစ်ဆက်တည်း အဲဒီ COVID-19 ရောဂါကူးစက်တတ်တဲ့ နည်းလမ်းတွေ ကိုလည်း သိထားသင့်ပါတယ်။ ရောဂါရှိသူတွေ နှာချေ၊ ချောင်းဆိုးရာက ထွက်လာတဲ့ အမှုန်အမွှားတွေကို တိုက်ရိုက် ရှူရှိုက်မိရင်၊ ရောဂါပိုးကပ်နေတဲ့ အရာဝတ္ထုတွေ၊ ပိုးရှိတဲ့ လူနာကိုင်တွယ်ခဲ့တဲ့ ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်မိရင် ကူးစက်ပြီဖြစ်ပါတယ်။ COVID-19 ရောဂါဟာ လူစုလူဝေးရှိတဲ့နေရာမှာ လူအများကို လျင်မြန်စွာ ကူးစက်ပါတယ်။ ကူးစက်ပြန့်ပွားနှုန်း မြန်ပါတယ်။

ဒီလိုအချိန်တိုအတွင်း ကူးစက်ပြန့်ပွားနှုန်းမြန်တဲ့ ရောဂါဆိုးကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကော်မတီတွေ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိနေပါပြီ။ ကျွန်တော်တို့ ပြည်သူတွေအားလုံးကလည်း စနစ်တကျတုံ့ပြန်တဲ့ နည်းကို တစ်ဦးချင်းစီက ပါဝင်ကူညီလုပ်ဆောင်ကြရတော့မှာ ဖြစ်ပါတယ်။ ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ကြရမယ့် အချိန်ရောက်နေပါပြီ။

တစ်ဦးချင်းစီရဲ့ ပူးပေါင်းပါဝင်လုပ်ဆောင်မှုဟာ ရောဂါကာကွယ်တုံ့ပြန်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတာမို့ မိမိကိုယ်တိုင် ဂရုစိုက်နေထိုင်တုံ့ပြန်ကြဖို့ အရေးကြီးပါတယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ မြို့ရွာနေ ပြည်သူအားလုံးဟာ လတ်တလောဖြစ်နေတဲ့ COVID-19 ရောဂါအတွက် စိုးရိမ်စိတ်တွေ လွန်ကဲမှု မဖြစ်ကြဘဲ ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ "စောစောပြော၊ စောစောသိ အားလုံးအကျိုးရှိ" ဆိုတဲ့ အသိကို လက်ကိုင်ထားပြီး အစွမ်းကုန်ဝိုင်းဝန်းကူညီ လုပ်ဆောင်ကြပါစို့လို့ အသိပေးတိုက်တွန်းလိုက်ရပါတယ်။ ။

ဝင်းထွဋ်ဦး