စစ်တွေမြို့တွင် တည်ထားလျက်ရှိသည့် ရန်ပြေမာန်ပြေဘုရား အထက်ဌာပနာထည့်ပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တက်ရောက်ပူဇော်

စစ်တွေ ဇန်နဝါရီ ၁၇

 

ကမ္ဘာ့ဗုဒ္ဓသာသနာပြု၊ မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန် ဆရာတော်ကြီး ဦးဆောင်မှုဖြင့် စစ်တွေမြို့၊ ဂစ္ဆပတောင်ရပ်ကွက်၌ တည်ထားကိုယ်ကွယ် အပူဇော်ခံမည့် ရန်ပြေမာန်ပြေဘုရားကြီး၏ အထက်ဌာပနာထည့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဆရာတော်ကြီး၏ တပည့်တကာ၊ တကာမများနှင့် အလှူရှင်များတက် ရောက်ပူဇော်ကြသည်။

 

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး သာဂီမဏ္ဍိုင် ရက္ခိုင်မင်္ဂလာစည်တော်အဖွဲ့က စည်တော်ယွန်း၍ ဖွင့်လှစ်ကြသည်။ ထို့နောက် ပြည်နယ်သံဃနာယ ကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ်ပရိတ် တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ရန်ပြေမာန်ပြေ အရှေ့ဘက် ကိုးနဝင်းဧစေတီအတွက် မြေဧရိယာ ဝ ဒသမ ၁၂၉ ဧကအား လှူဒါန်းရာ ဂေါပကအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်များနှင့် အလှူရှင်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ယဉ်ကျေးမှုအဖွဲ့က ရန်ပြေမာန်ပြေဘုရားဖူးမယ် ယိမ်းအကဖြင့် တင်ဆက်ဖျော်ဖြေကြပြီး သိကြားမင်းနှင့်တကွ နတ်ဒေဝါများအား ပင့်ဖိတ်ကာ ဘုရားကြီး အထက်ဌာပနာထည့်မည့် ဗုဒ္ဓဆင်းထုတော်များနှင့် ရတနာပစ္စည်းများအား ဌာပနာထည့်မည့်နေရာသို့ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်များနှင့် အလှူရှင်များ၊ တာဝန်ရှိသူများက ပင့်ဆောင်ခဲ့ကြသည်။ ထိုသို့ပင့်ဆောင်နေစဉ် သာဂီမဏ္ဍိုင် ရက္ခိုင်မင်္ဂလာစည်တော်အဖွဲ့က တုတ်သိုင်းယိမ်းအကဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြသည်။

 

ရန်ပြေမာန်ပြေဘုရားကြီးကို ၂ဝ၂ဝ ပြည့်နှစ်၊ မတ် ၂၂ ရက်​မှစတင်ကာ ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ဆရာတော်ကြီးက ကျပ်သိန်း ၂ သောင်းခွဲခန့် အကုန်အကျခံကာ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဘုရားကြီး၏ ဉာဏ်တော်အမြင့်မှာ ၇၂ ပေနှင့် ပလ္လင်တော်အမြင့် ၁၁ ပေရှိကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)