နေပြည်တော် မတ် ၁၄
ရခိုင်ပြည်နယ် စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်နှင့် အဘယရာဇမုနိ ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူ ကိန်းဝပ်စံပယ်တော်မူသည့် စံကျောင်းတော်နှစ်ဆောင်အား စိန်ဖူးတော် တင်လှူပူဇော်ခြင်းနှင့် အောင်မြေ ဌာပနာထည့်သွင်းပူဇော်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် လောကာ နန္ဒာစေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း၌ ကျင်းပရာ စစ်တွေမြို့ ကြွဖြူဘုန်းတော်ကြီးကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ တေဇဝန္တ အမှူးပြုသည့် သံဃာတော်များ ကြွရောက်တော်မူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးနှင့် တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် မြို့မိ/မြို့ဖများ တက် ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြွဖြူကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများထံ စိန်ဖူးတော်နှင့် ဌာပနာတော်များ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် စိန်ဖူးတော်များကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် စံကျောင်းတော်နှင့် အဘယရာဇမုနိဗုဒ္ဓရုပ်ပွားတော် စံကျောင်းတော်သို့ အသီးသီးပင့်ဆောင်ပူဇော်ကြပြီး လောကာ နန္ဒာစေတီတော်မြတ်ကြီး ရင်ပြင် ထက်ရှိ အောင်မြေနေရာတွင် ဌာပနာတော်များ ထည့်သွင်းပူဇော်ကြသည်။
ယင်းနောက် စစ်တွေမြို့ ကန်တော်ကြီးအနီးရှိ ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော် ဓာတ်စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်များအား ပြန်လည်ပြုပြင်ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း၊ မင်္ဂလာအခမ်းအနားကို အဆိုပါ စေတီတော်မြတ်ကြီးရှိ ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြွဖြူကျောင်းတိုက် ပဓာနနာယက ဆရာတော်အမှူးပြုသော သံဃာတော်များထံ စိန်ဖူး တော်၊ ငှက်မြတ်နားတော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက် ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်များအား ပင့်ဆောင်၍ တင်လှူပူဇော်ခဲ့ကြသည်။
ထို့နောက် ကြွရောက်လာကြသည့် သံဃာတော်များက ဗုဒ္ဓါဘိသေကအနေကဇာတင်ကြပြီး ဗုဒ္ဓါဘိသိက် သွန်းလောင်း ပူဇော်ကာ စစ်တွေမြို့ ရွှေစေတီကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ အရိယ ဝံသက ဗြဟ္မဟိ ပါဠိ ဘာသာဖြင့် ဇေယျသိဒ္ဓိဓာမ်ဂါထာ ရွတ်ပွားပူဇော်သည်။
ယင်းနောက် အလှူရှင်များက ရွှေသင်္ကန်း ကပ်လှူနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြပြီး စစ်တွေမြို့ တပ်ဦးဆုတောင်း ပြည့်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဉာဏဝံသထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်