စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့အတွင်း  တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်   ၁၃   မတ်

 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ မတ် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့သည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ရွှေပြည်အေး - နတ်နန်းသွားလမ်း၊ နတ်နန်းချောင်း တောင်ဘက်(၃)မိုင်ခန့်အကွာနှင့် တုံစီကျေးရွာ၏ အနောက်တောင်ဘက် (၆)မိုင်ခန့် အကွာနေရာတို့မှ တရားမဝင် အင်/ လုံးပတ်၃ပေအောက် သစ်(၇၈)လုံး တန်ချိန် (၁၇ ဒသမ ၆၂၆၀) အားလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် သမင်ကတုတ် ကျေးရွာ အနောက်ဘက် (၁)မိုင်ခွဲခန့်အကွာ၊ မူးချောင်းဘေး နေရာတွင် တရားမဝင် အင်ခွဲသား (၁၈၉)ချောင်း တန်ချိန်(၂ ဒသမ ၈၈၉၀) အားလည်းကောင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ထီးလင်း-ကျောက်ထု သွားကားလမ်း၊ မိုင်တိုင် အမှတ်-၂၃/၅နှင့်၂၃/၆ကြား ထီးလင်းမြို့၏ တောင်ဘက်နေရာ၌ မော်တော်ယာဉ် (၃ခ/-----) Nissan Diesel အမျိုးအစား(၆)ဘီး(ဖြူ/စိမ်းကြား) ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၇၅) ချောင်း တန်ချိန် (၈ ဒသမ ၂၀၅၈) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ရေထွက်ကျေးရွာ၏ အရှေ့မြောက်ဘက် (၂)ဖာလုံခန့် အကွာနေရာတွင် တရားမဝင်သစ်စက်ဆက်စပ်ပစ္စည်းများနှင့် သစ်မျိုးစုံ(၁) တန်ခန့်(ခန့်မှန်း)နှင့် အတူ သစ်စက်ပိုင်ရှင်(၁)ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး သီးခြားပိုင်ရှင်များအား (စိစစ်ဆဲ) စုံစမ်းရှာဖွေ ဖော်ထုတ်ခြင်းနှင့် တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်