မုံရွာ၊ ၂၀ မေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအနက်မှ ဆောင်ရွက်ရန်ကျန်ရှိသော လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၂၀ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁) မုံရွာမြို့တွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေး၊ ဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ တင်ဒါညွှန်ကြားချက် (၁/၂၀၁၇) ထုတ်ပြန်ပေးပြီးဖြစ်ကြောင်း၊ လက်ရှိ ဘဏ္ဍာနှစ်အတွက် အသုံးစရိတ်များ ပိုလျှံငွေများ ပြန်လည်အပ်နှံရေးကိစ္စကို အချိန်မီအပ်နှံကြရန် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများကို မကုန်သင့်တာ မကုန်ရလေအောင် စိစစ်သုံးစွဲခြင်း ခြိုးခြံချွေတာ သုံးစွဲခြင်းများဖြင့် ဥစ္စာရင်လို၊ ဥစ္စာရင်ခဲ စိတ်ဓာတ်ဖြင့် စနစ်တကျလုပ်ကိုင်ကြရန် လိုအပ်ပါကြောင်း၊ တင်ဒါလုပ်ငန်းများအနက်မှ သတ်မှတ်သည့်အချိန်တွင် လုပ်ငန်းများမပြီးနိုင်ပါက ညွှန်ကြားချက် (၁/၂၀၁၇)နှင့်အညီ စိစစ်ပြီး ပြန်လည်အပ်နှံကြရန်လိုကြောင်း တာဝန်ရှိသူများမှ အောက်ခြေလုပ်ငန်းခွင်များသို့ မပျက်သွားရောက်စစ်ဆေးကြရန် လိုအပ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများ၊ ဝယ်ယူရေးလုပ်ငန်းများ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား အသီးသီးဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များမှ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်များမှ အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်အကြံပြု ဆွေးနွေးကြသည်။

ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအနက်မှ အားရကျေနပ်ဖွယ် လုပ်ငန်းများရှိသကဲ့သို့ ဆောင်ရွက်မှုရာခိုင်နှုန်း အနည်းငယ်သာရှိသည့် လုပ်ငန်းများလည်း တွေ့ရှိရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးအခြေအနေများကြောင့် နှောင့်နှေးခဲ့ရသည်ဟု သိရှိနားလည်ပါကြောင်း၊ ကျန်ရှိသည့်ကာလအတွင်း တင်ဒါလုပ်ငန်းများကို စံချိန်စံညွှန်းမီအဆင့် ဖြစ်စေရန်နှင့် အရည်အသွေး ကောင်းမွန်စေရန် သက်မှတ်အချိန်ကာလတွင် ပြီးမြောက်စေရန် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ကုမ္ပဏီများကို တွန်းအားပေး ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ကုမ္ပဏီများကိုလည်း အခတ်အခဲမဖြစ်စေရန် တိုင်းဒေသကြီးအဆင့် တာဝန်ခံများက တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ ပိုလျှံငွေများကိုလည်း သတ်မှတ်ပေးထားသည့် ကာလများအတွင်း ပေးသွင်းနိုင်ရေး အလေးထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

mdn