မုံရွာ မတ် ၂

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီးရှိ ပုညရှင်သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး နိုင်ငံတော် ဩဝါဒါစရိယ ရွှေကျင်နိကာယအဓိပတိ သောဠသမ ရွှေကျင်းသာသနာပိုင် သီတဂူအဓိပတိ ဆရာတော် ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 

ထို့နောက် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မုံရွာမြို့ နန္ဒဝန်ရပ်ကွက် သဒ္ဓမ္မဇောတိက သုဗောဓာရုံကျောင်းတိုက် တိုက်အုပ်နာယက  စစ်ကိုင်းတိုင်းဒေသကြီး သံဃနာယကအဖွဲ့(ရွှေကျင်) အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တစန္ဒာဝရက သမ္မောဒနီယဩဝါဒကထာ မြွတ်ကြားချီးမြှင့်တော်မူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သသနာရေးဆိုင်ရာများ လျှောက်ထားသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်၊ အဆောင်အယောင်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးနှင့် စစ်ကိုင်းမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများက ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်၊ အဆောင်အယောင်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ် သုံးဦးအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်နှင့် ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူးက သီတဂူအဓိပတိ ဆရာတော်ကြီးထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လှူဒါန်းသည့် နဝကမ္မအလှူတော်ငွေ ကျပ်သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းသည်။

 

ထို့နောက် သီတဂူအဓိပတိ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြည်ညိုကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

အခမ်းအနားအပြီးတွင် ပင့်သံဃာဆရာတော်ကြီးများ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ လောင်းလှူကြသည်။

 

အဆိုပါ ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲတွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးတစ်ပါး၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ငါးပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး နှစ်ပါး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ငါးပါး၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး တစ်ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး လေးပါး၊ မဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး သုံးပါး၊ မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးတစ်ပါး၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး သုံးပါး၊ သဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ခြောက်ပါး၊ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး တစ်ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး တစ်ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး နှစ်ပါး၊ မဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး တစ်ပါးနှင့် လူပုဂ္ဂိုလ် နှစ်ဦး၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး သုံးပါး၊ သဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး တစ်ပါး စုစုပေါင်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်ရ ၄၁ ပါးနှင့် လူပုဂ္ဂိုလ် သုံးဦးတို့အား သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းခဲ့သည်။

 

နံနက်ပိုင်းကလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သီတဂူ အဓိပတိ ဆရာတော်ကြီး၏ သက်တော်(၈၉)နှစ်ပြည့် မွေးနေ့အလှူတော် ဆွမ်းဆန်စိမ်းလောင်းပွဲသို့ တက်ရောက်ပြီး စစ်ကိုင်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော် အပါး ၁၀၀၀ အား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)