စစ်ကိုင်း ၁၀ ဇူလိုင်
စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရှိ ဆွမ်းဦးပုညရှင်စေတီ "မိုးရာသီအလှ'' ဖိတ်ခေါ်ဓါတ်ပုံပြိုင်ပွဲဆုရွေးချယ်ပွဲကို ဇူလိုင် ၉ ရက်နှင့် ၁၀ ရက် နံနက်ပိုင်းက ဆွမ်းဦးပုညရှင်စေတီတော်ရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းဓာတ်ပုံအသင်းထံက သိရသည်။
အဆိုပါ ဖိတ်ခေါ်ဓါတ်ပုံပြိုင်ပွဲကို ဆွမ်းဦးပုညရှင်ဂေါပကအဖွဲ့နှင့် စစ်ကိုင်းဓါတ်ပုံအသင်းတို့ ဦးစီး၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်ဓာတ်ပုံများသည် ၂၀၁၈ ခုနှစ်၊ ၂၀၁၉ ခုနှစ်အတွင်းက မည်သည့်နေရာမှမဆို ဆွမ်းဦးပုညရှင်စေတီပေါ်လွင်အောင် ရိုက်ကူးထားသော ပြိုင်ပွဲဝင်ဓာတ်ပုံများနှင့် ဘုရားရင်ပြင်တော်မှ မြင်ကွင်းပြိုင်ပွဲဝင်ဓာတ်ပုံများကို ဆုရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"စစ်ကိုင်းတောင်၊ ရာသီအလိုက် ဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲတွေ ပြုလုပ်ပါတယ်။ ဒီအကြိမ်နဲ့ဆို စတုတ္ထအကြိမ် ရှိပါပြီ၊ အခု စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်စေတီ "မိုးရာသီအလှ'' ဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ဓာတ်ပုံ ၆၈၅ ပုံရှိပါတယ်။ ပြိုင်ပွဲဝင်ဓာတ်ပုံ ၁၃ ပုံကိုတော့ သတ်မှတ်ထားတဲ့ နေရာတွေလွဲတဲ့အတွက် ဂေါပက ပယ်ခဲ့ပြီး၊ ကျန်ပြိုင်ပွဲဝင်ဓာတ်ပုံ ၆၇၂ ပုံကို ဆုအဖြစ်ရွေးချယ်ခဲ့တာပါ"ဟု စစ်ကိုင်းဓာတ်ပုံအသင်းမှ အတွင်းရေးမှူး ဦးအောင်ကျော်တင်က ပြောသည်။
အဆိုပါ ဖိတ်ခေါ်ဓါတ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ဓာတ်ပုံပညာရှင် ၇၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင် ဓာတ်ပုံအရေအတွက် စုစုပေါင်း ၆၇၂ ပုံရှိကြောင်းနှင့် ထိုပြိုင်ပွဲဝင် ဓာတ်ပုံများကို ဆုရွေးချယ်ရာတွင် အကဲဖြတ်ဒိုင်များအနေဖြင့် ဦးမျိုးသန့် (စိန်)၊ ဦးကျော်ဝင်း(လှဂုဏ်ရည်)၊ ဦးမြတ်ရွှေ (ပန်းချစ်သူ)၊ ဦးမင်းမင်းထွန်း၊ ဦးမောင်မောင်လေး (ငွေလှိုင်း)တို့က တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း စစ်ကိုင်းဓာတ်ပုံအသင်းမှ သိရသည်။
ဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲတွင် ပထမဆုကို အောင်မျိုးထွန်း(ရွှေပြည်သစ်)၊ ဒုတိယဆုကို ဌေးလွင်(အမရပူရ)၊ တတိယဆုကို မြင့်သန်း(ကျောက်ဆည်)တို့က ရရှိခဲ့ပြီး နှစ်သိမ့်ဆုများအနေဖြင့် နှစ်သိမ့်ဆု (၁) ကြည်သာဦး(စစ်ကိုင်း)၊ နှစ်သိမ့်ဆု (၂) မျိုးထက်လင်း၊ နှစ်သိမ့်ဆု (၃) နေမျိုးအောင် (ကောင်းလမ်းဖွင့်)၊ နှစ်သိမ့်ဆု (၄) မျိုးထက်လင်း၊ နှစ်သိမ့်ဆု (၅) သိန်းလင်း(စစ်ကိုင်းတောင်)တို့က ရရှိခဲ့ကြောင်း သိရသည်။
ဆွမ်းဦးပုညရှင် ဘုရားဂေါပကအကြိုက်ဆုများအနေဖြင့် တူးတူး(အမရပူရ)၊ အောင်ကိုလတ်(စစ်ကိုင်း)၊ ဝေလင်းအောင်(လင်း-ပြင်ဦးလွင်)၊ အောင်အောင်မိုး(တမ္ပဝတီ)၊ ထွန်းမင်းဦး(ရွှေစင်)၊ ဖိုးလပြည့်(စစ်ကိုင်း)၊ အေးကျော်(ဟေမာန်)၊ ကျော်မျိုးထွန်း(ရွှေပြည်သစ်)၊ လှိုင်မျိုး(စစ်ကိုင်း)၊ အောင်အောင်(စစ်ကိုင်း)တို့က ရရှိခဲ့ကြောင်း သိရသည်။
ဆုကြေးများအနေဖြင့် ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိဆု ငွေကျပ် သုံးသိန်း၊ တတိယဆု ငွေကျပ် နှစ်သိန်း၊ နှစ်သိမ့်ဆု (၅)ဆုအတွက် တစ်ဆုလျှင် ငွေကျပ်တစ်သိန်းနှင့် ဂေါပကအဖွဲ့အကြိုက်ဓာတ်ပုံဆု ၁၀ ဆုအား ငွေကျပ် ငါးသောင်းစီ ချီးမြှင့်မည်ဖြစ်ကြောင်းနှင့် ဆုချီးမြှင့်မည့်နေ့ရက်ကို ပြန်လည်ကြေညာပေးမည် ဖြစ်ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)


