စစ်ကိုင်းပြတ်ရွေ့ငလျင်အပိုင်းများကို သတ်မှတ်နိုင်ရန် ဒရုန်းများအသုံးပြုကာ လေ့လာမှတ်တမ်းတင် သွားမည် 

မန္တလေး ၁၁ နိုဝင်ဘာ 

 

မြန်မာနိုင်ငံရှိ စစ်ကိုင်းပြတ်ရွေ့ငလျင်အပိုင်းများကို အတိအကျသတ်မှတ်နိုင်ရန် ကောင်းကင်ဓါတ်ပုံနှင့် ဒရုန်းများအသုံးပြုကာ လေ့လာမှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီထံမှ သိရသည်။

 

စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောတွင်ရှိသော ပြတ်ရွေ့အပိုင်းများကို ယခင်က လေးကြိမ်ခန့် ဒရုန်းများ အသုံးပြုကာ လေ့လာမှတ်တမ်းတင်ခဲ့သော်လည်း ကွဲလွဲမှုများရှိနေခြင်းကြောင့် ယခုအခါတွင် အတိအကျ ပြန်လည်မှတ်တမ်းတင်နိုင်ရန်အတွက် ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“ ကွဲလွဲမှုအနည်းငယ်ရှိနေတဲ့အတွက် ပြတ်ရွေ့ပိုင်းတွေကို ပြန်လည်လေ့လာပြီး မှတ်တမ်းတင်တာပါ။ ကောင်းကင် ဓါတ်ပုံရိုက်ပြီးလေ့လာမယ်။ ပြီးရင် စစ်ကိုင်းပြတ်ရွေ့ပိုင်းနေရာတွေကို လေ့လာမယ်။ အနာဂတ်မှာ လှုပ်ခတ်နိုင်တဲ့ ငလျင်တွေရဲ့ အချက်အလက်ကို သိချင်ရင် အတိတ်က ငလျင်တွေကို လေ့လာရတယ်။ အဲ့တာကြောင့် စစ်ကိုင်းပြတ်ရွေ့မှာ ကျန်နေတဲ့ ငလျင်အပိုင်းတွေကို သုတေသနလုပ်တာပါ ” ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ဒုဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်ကပြောသည်။

 

အဆိုပါ စစ်ကိုင်းပြတ်ရွေ့ အပိုင်းတစ်ခုချင်းစီ၏ လေ့လာမှတ်တမ်းတင်မှုကို ယခုလအတွင်းတွင် စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင် သိရသည်။

 

လက်ရှိတွင် အနာဂတ်ငလျင်များကို ခန့်မှန်းတွက်ချက်နိုင်ရန် အတိတ်မြေငလျင်သုတေသနများကို စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် ပဲခူးအပိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတို့တွင် လုပ်ဆောင်ခဲ့ပြီး သပိတ်ကျင်းတွင်လည်း သုတေသနလုပ်ဆောင်နေသည်။ 

 

မြန်မာနိုင်ငံသည် ကမ္ဘာ့ငလျင်ကြောကြီးတစ်ခုဖြစ်သည့် အယ်လ်ပိုက်ငလျင်ကြောပေါ်တွင် တည်ရှိနေပြီး ငလျင်ပြင်းထန်ဇုန်တွင် ပါဝင်လျင်ရှိကာ ယင်းငလျင်ကြောကြီးသည် မြန်မာနိုင်ငံမြောက်ပိုင်း မြစ်ကြီးနားမြို့မှအစပြုပြီး စစ်ကိုင်း၊ ဂန့်ဂေါတောင်တန်း၏အနောက်ဘက်ခြမ်း၊  ပဲခူးရိုးမ၏ အရှေ့ဘက်ခြမ်းကိုဖြတ်ကာ မုတ္တမပင်လယ်ထိ ကီလိုမီတာ ၁၀၀၀ ခန့်ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့ကြောအဖြစ် တစ်နှစ်လျှင် ပျမ်းမျှ ၁၈ ဒသမ ၅ မီလီမီတာခန့် ရွေ့လျားနေကြောင်း ဘူမိပညာရှင်များက လေ့လာသုံးသပ်ထားသည်။

 

သူရိန်လင်း