စာတတ်သူတိုင်း စာဖတ်ရေး အားလုံးပါဝင်ကူညီပေး

သိုက်စိုးထွန်း(နတ်ရွာ)

ဒီဘက်ကာလမှာတော့ စာမတတ်တဲ့သူက တော်တော့်ကိုရှားနေပါပြီ။ အများအားဖြင့် အခြေခံအရေး၊ အဖတ်၊ အတွက်လောက်ကိုတော့ လူတိုင်းနီးပါးတတ်ကြပါတယ်။ တစ်ဖက်မှာ စာတတ် မြောက်မှုနှုန်းတွေ မြင့်မားလာပေမယ့် စာဖတ်နှုန်းကတော့ သိသိသာသာလျော့ကျနေတယ်လို့ ဆိုပါတယ်။ အခြေခံယူဆချက်အရဆိုရင်တော့ စာတတ်မြောက်မှုနှုန်း မြင့်မားလေလေ စာဖတ်နှုန်း မြင့်မားလာလေလေလို့ ယူဆနိုင်မှာပါ။ ဒါပေမယ့် လက်တွေ့မှာ ဒီလိုမဟုတ်ဘဲ ပြောင်းပြန်ဖြစ်နေသတဲ့။

စာကို ဘာကြောင့် သင်ကြသလဲ။ ရေးချင်၊ ဖတ်ချင်လို့ပေါ့။ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ချင်လို့၊ ကိုယ့်အမြင်၊ ကိုယ့်အတွေး၊ ကိုယ့်အသိဉာဏ်လေးတွေကို တခြားသူတွေဆီကို မျှဝေချင်လို့၊ ကိုယ်ကလည်းပဲ သူများအမြင်၊ သူများအတွေး၊ သူများအသိဉာဏ်တွေကို ပြန်လည်မျှဝေခံစားချင်လို့ဆိုပါတော့။ ဒါနဲ့ပဲ စာပေ ပေါ်ပေါက်လာတယ်ဆိုပါတော့။ လူ့သမိုင်းမှာ စာပေဆိုတာကြီးကို ဖျောက်ဖျက်ပစ်လိုက်မယ်ဆိုရင် အခြေအနေတွေက ဇောက်ထိုးမိုးမျှော် ပြောင်းလဲသွားမယ်ထင်ပါတယ်။ စာမဖတ်ရ၊ စာမသင်ရ၊ စာအုပ်ဆိုတာ လုံးဝမရှိစေရဆိုတဲ့ အမိန့်တစ်ရပ်ရပ်ထုတ်ပြန်ပြီး စာအုပ်မှန်သမျှ ဖျောက်ဖျက်၊ စာကြည့်တိုက်မှန်သမျှ တံခါးပိတ်၊ စာသင်ကြားမှုမှန်သမျှ ရပ်ဆိုင်း၊ စာသင်သူ၊ စာဖတ်သူမှန်သမျှ အရေးယူဆိုတာမျိုး လုပ်လိုက်မယ်ဆိုရင် ဘာတွေဖြစ်ကုန်မလဲဆိုတာ စိတ်ဝင်စား စရာပါ။

စာဖတ်နှုန်းက တက်မလာ

အခုတော့ ဘယ်သူကမှလည်း စာမဖတ်ဖို့တားမြစ် ပိတ်ပင်ထားတာမရှိဘူး။ စာဖတ်တာကို မကြိုက်ပါဘူးလို့လည်း ပြောမယ့်သူမရှိဘူး။ စာပေအသိုင်းအဝိုင်းကရော တာဝန်ရှိတဲ့ သူတွေကပါ စာဖတ်ကြပါ၊ စာဖတ်ကြပါဆိုပြီး အမြဲတမ်း တိုက်တွန်းနေကြတယ်။ ဒါပေမယ့် စာဖတ်နှုန်းက တက်မလာ ဘူးတဲ့။ ဒါတွေ ဘာကြောင့်ဖြစ်နေရသလဲဆိုတာကိုလည်း ဝေဖန်ဆန်းစစ်ဖို့လိုလာပြီ ဖြစ်ပါတယ်။ စာအုပ်စာပေနဲ့ ဘာကြောင့် ဝေးဝေးသွားကြသလဲဆိုတာကလည်း အားလုံးစဉ်းစားသုံးသပ် နေပေမယ့် ဒီနေ့အချိန်အထိ အဖြေကောင်းကို မတွေ့နိုင်ကြ သေးဘူး ဖြစ်နေပါတယ်။

စာပေနဲ့ ဝေးကွာစေသည့်အကြောင်း

စာပေနဲ့ ဝေးကွာစေတဲ့ အကြောင်းတရားတွေထဲမှာ တိုးတက်လာတဲ့ နည်းပညာတွေကလည်း ထိပ်တန်းက ပါနေပါတယ်။ စာဖတ်ကြတဲ့သူ တစ်ယောက်ချင်းစီမှာ စာအုပ်စာပေ ထဲကနေ ဘာရလာမလဲဆိုတဲ့ မျှော်လင့်ချက်လေးတွေတော့ ကိုယ်စီကိုယ်စီရှိကြပါလိမ့်မယ်။ အတွေးအခေါ်၊ အသိအမြင်၊ ဗဟုသုတတွေ၊ ဉာဏ်ပညာတွေ ရချင်လို့ ဖတ်တဲ့သူတွေရှိသလို ရသခံစားမှုအနေနဲ့သော်လည်းကောင်း၊ ဖျော်ဖြေမှုအနေနဲ့ အပျင်းပြေ အပျော်တမ်း ဖတ်ချင်လို့သော်လည်းကောင်း ဖတ်ကြတာတွေရှိမှာပါပဲ။

ဟိုတုန်းကတော့ စာ စဖတ်ရင် ကာတွန်း၊ ရုပ်ပြ၊ ဝတ္ထု၊ ပြီးတော့မှ တဖြည်းဖြည်း လေးနက်တဲ့အပိုင်းကို သူ့ဘာသာ ရောက်သွားလေ့ရှိကြတယ်လို့ဆိုတယ်။ ဒါပေမယ့် ဒီလိုပြောတော့ ဝတ္ထုက မလေးနက်ဘူးလားလို့ ငြင်းချက်ထုတ်စရာရှိ လာပြန်တယ်။ ဒါထားလိုက်တော့။ အဓိကတင်ပြချင်တာကတော့ စာဖတ်နှုန်းကျလာတဲ့ အကြောင်းပါ။

ဒီဘက်ခေတ်ကာလမှာက စာအုပ်စာပေနေရာမှာ အစားထိုးဝင်ရောက်လာတဲ့အရာတွေက အများကြီးရှိနေကြပြီ။ ဟိုတုန်းက ကလေးတွေ ကာတွန်းဖတ်တယ်။ အခုကျတော့ ကာတွန်းကားပဲ ကြည့်ချင်ကြတော့တယ်။ စာအုပ်ထဲက ကာတွန်းက ပုံပဲမြင်ရတယ်။ ပုံက အသေ။ ကာတွန်းကားထဲမှာ ကတော့ ပုံကအရှင်၊ ရှင်တဲ့အပြင် အရုပ်ရော အသံရော အကုန် မြင်နေ၊ ကြားနေရတယ်။ ဒီတော့ တဖြည်းဖြည်းနဲ့ ကာတွန်း စာအုပ်ထက် ကာတွန်းကားက နေရာပိုရသွားတယ်။

စိစစ်တည်းဖြတ်မှုမရ

သတင်းကိုသိချင်လို့ သတင်းစာဖတ်ကြတယ်။ သတင်းစာ နေရာမှာ အွန်လိုင်းမီဒီယာပေါ်က သတင်းတွေက အစားထိုး ဝင်ရောက်လာတယ်။ ပုံနှိပ်မီဒီယာနဲ့ အွန်လိုင်းမီဒီယာ။ ဒီနှစ်ခုက တစ်ဖက်နဲ့တစ်ဖက် အားနည်းချက်၊ အားသာချက် တွေလည်း အသီးသီးရှိနေကြပါတယ်။ အွန်လိုင်းမီဒီယာကျတော့ မြန်တယ်။ အချိန်နဲ့ တစ်ပြေးညီ ထုတ်လွှင့်ပေးနိုင်တယ်။ တချို့ဆို တိုက်ရိုက်တောင် လွှင့်ပေးတယ်။ အခုဖြစ်နေတာတွေကို အခုချက်ချင်း ကြည့်နိုင်တယ်။ ဒါတွေက အွန်လိုင်း မီဒီယာရဲ့ အားသာချက်။ သူ့အားနည်းချက်ကတော့ စိစစ်တည်းဖြတ်မှု မရှိသလောက်ပဲ။ အထူးသဖြင့် မီဒီယာ လုပ်ငန်းလိုဟာမျိုးက ထုတ်လွှင့်တင်ဆက်တာမျိုး မဟုတ်ဘဲ ဝါသနာအလျောက်ပဲဖြစ်ဖြစ်၊ ရည်ရွယ်ချက် တစ်ခုခုကြောင့်ပဲ ဖြစ်ဖြစ် အွန်လိုင်းပေါ်ကို ကိုယ့်ဘာသာတင်လိုက်တဲ့ အကြောင်းအရာမျိုးတွေက ဘယ်သူမှ စိစစ်တည်းဖြတ်မှု မရှိဘူး။

စိစစ်တာ မစိစစ်တာက သိပ်အရေးမကြီးသေးဘူးဘဲ ထားပါတော့။ တင်ပြပုံတင်ပြနည်းက အရေးကြီးပြန်တယ်။ တင်ဆက်သူရဲ့အမြင်တွေပါ ထည့်ထည့်ပြောတဲ့အခါကျတော့ ဒါက မှန်ချင်လည်းမှန်မယ်၊ မှားချင်လည်းမှားမယ်။ အလွတ် သဘောတင်ဆက်သူသာ ဖြစ်တဲ့အတွက် မီဒီယာကျင့်ဝတ် ဆိုတာကိုလည်း သိပ်နားလည်မှာ မဟုတ်ဘူး။ တရားဝင်မီဒီယာတွေကတင်ဆက်တဲ့ အွန်လိုင်းသတင်းမျိုးကတော့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိနေတယ်လို့ ပြောရမှာပါ။ ဒါပေမယ့်လည်း အွန်လိုင်းသတင်းတစ်ခုကို တရားဝင်မီဒီယာကတင်တာလား၊ ဘယ်သူကတင်တာလဲ၊ ဘယ်အရင်းအမြစ်ကလာတဲ့ သတင်းလဲဆိုတာမျိုးကို သေသေချာချာစိစစ်ပြီးမှ လက်ခံတဲ့သူက နည်းနေပြန်ပါသေးတယ်။ တချို့ လုံးဝယုတ္တိမတန်တဲ့ အကြောင်းအရာတွေလည်း ကြည့်ရှုသူတွေ၊ နှစ်သက်သူတွေ၊ မှတ်ချက်ပေးသူတွေ၊ ပြန်လည်မျှဝေသူတွေ ထောင်သောင်းချီ နေတာကို ကြည့်ခြင်းအားဖြင့် အကဲခတ်နိုင်မှာပါ။

ဖတ်ရှုအားပေးသူ ကျကျလာ

ပုံနှိပ်မီဒီယာကျတော့ တာဝန်ယူမှု၊ တာဝန်ခံမှုပိုတယ်။ စိစစ်သုံးသပ်ပြီးတော့မှ စာမျက်နှာပေါ်ကို တင်ပေးတယ်။ အယ်ဒီတာအဆင့်ဆင့်က စိစစ်တည်းဖြတ်ပြီးတော့မှ ပုံနှိပ် မီဒီယာပေါ်ကို တင်ပေးလိုက်တာ။ ဒီတော့ အွန်လိုင်းပေါ်က ဟာတွေထက် အမှားနည်းတယ်။ မှားသွားရင်လည်း အမှား ပြင်ဆင်ချက်တွေ နောက်က လိုက်ပေးလေ့ရှိတယ်။ အွန်လိုင်း မီဒီယာထက် ခိုင်မာပါတယ်။ မှန်ကန်ပါတယ်လို့ ဘယ်လိုပဲဆိုဆို ပုံနှိပ်မီဒီယာတွေကတော့ ရပ်တည်ရတာတောင်မှ နည်းနည်းခက်ခဲလာတဲ့ အခြေအနေဘက်ကို ရောက်နေကြပြီဖြစ်ပါတယ်။ ဖတ်ရှုအားပေးသူအရေအတွက် ကျကျလာလို့။

သတင်းစာတင်မကပါဘူး။ ကျန်တဲ့ စာပေအမျိုးအစားတွေလည်း အွန်လိုင်းနဲ့ယှဉ်လိုက်တော့ နောက်တန်းကို ပြတ်ပြတ် ကျန်ခဲ့ကြပါတယ်။ နောက်ကျကျန်တယ်ဆိုတာ အဆင့်အတန်း ကို ရည်ညွှန်းတာမဟုတ်ပါဘူး။ ဖတ်တဲ့ အားပေးတဲ့သူ အရေအတွက်ကို ဆိုလိုတာပါ။ အွန်လိုင်းမီဒီယာ အားကောင်းလာလို့ပဲ ပုံနှိပ်မီဒီယာကြီးတွေတောင်မှ တရားဝင်စာမျက်နှာတွေ ထောင်ပြီးတော့ ဘာတွေထုတ်နေပါတယ်၊ ဘာတွေလုပ်နေပါတယ်ဆိုတာကို တင်ပြနေကြရပြီ ဖြစ်ပါတယ်။ သူနဲ့ကင်းကွာလို့တောင် မရတော့သလို ဖြစ်နေပါတယ်။

အထူးသဖြင့် လူတွေရဲ့နေ့စဉ်ဘဝမှာ ဆိုရှယ်မီဒီယာတွေက လွှမ်းမိုးလာတယ်။ သူသူ ကိုယ်ကိုယ်ပါပဲ။ စာတစ်အုပ်ကောက်ကိုင်ပြီး မဖတ်ဖြစ်လိုက်တဲ့နေ့တွေသာ ရှိချင်ရှိမယ်။ ဆိုရှယ် မီဒီယာ မသုံးဖြစ်တဲ့နေ့ဆိုတာကတော့ တော်တော့်ကို ရှားပါးလိမ့်မယ်။ သုံးဖြစ်တဲ့ နေ့ကျတော့ရော။ ဆယ်မိနစ်လား၊ ဆယ့်ငါးမိနစ်လား၊ နာရီဝက်လား၊ တစ်နာရီလား။ တစ်နေ့ တစ်နေ့ သူ့အပေါ်မှာကုန်နေတဲ့ အချိန်တွေကို ပြန်ပေါင်းကြည့်လိုက်ရင် တော်တော်ကို များနေတယ်ဆိုတာကို တွေ့ရပါလိမ့် မယ်။

ဆိုရှယ်မီဒီယာ မသုံးဖို့ ပြောနေတာမဟုတ်ပါဘူး။ အကျိုးအကြောင်း ချိန်ဆကြည့်ဖို့သာ တင်ပြနေတာဖြစ် ပါတယ်။ တစ်နေ့တစ်နေ့ သူ့အတွက် ကိုယ့်အချိန်တွေထဲက ဘယ်လောက်ပဲ့ပါသွားပြီလဲ ဆိုတာလေးလောက်ကိုသာ ပြန်စစ်ကြည့်စေချင်တာပါ။ ပြီးတော့ ကုန်လွန်ခဲ့တဲ့အချိန်တွေအတွက် ဘာတစ်ခုခု ပြန်ရလိုက်သလဲဆိုတာကိုလည်း ပြန်ကြည့် ရမှာပါ။

သူက မသုံးလို့တော့မဖြစ်ဘူးပေါ့။ ဒီအပေါ်မှာ မိတ်ဆွေတွေရှိတယ်။ ကိုယ်နဲ့မရင်းနှီးပေမယ့် ကိုယ်အားပေး ချစ်ခင်ရတဲ့ အနုပညာရှင်တွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေရှိမယ်။ သူတို့တွေဘာလုပ်နေကြသလဲ၊ ဘာတွေရေးတင်နေကြသလဲ၊ ဘယ်လိုပုံတွေတင်နေကြသလဲ၊ ဘယ်နေရာတွေရောက်နေကြသလဲ၊ ဘယ်လိုအကြောင်းအရာ၊ အသိအမြင်၊ အတွေးအခေါ်တွေကို မျှဝေတင်ပြထားကြသလဲ။ ဒါတွေကိုတော့ ထိုက်သင့်တဲ့ အချိန်လေးပေးပြီး လေ့လာဖို့လိုမှာပါ။ လိုင်းပေါ်မှာ အကျိုးမရှိတာတွေပါသလို အကျိုးများတာ တွေလည်းရှိနေပါတယ်။ အဓိကဆင်ခြင်ရမယ့် အပိုင်းကတော့ ကိုယ်သုံးနေတဲ့ပုံစံ၊ ကိုယ်ကြည့်နေတဲ့ အချက်အလက်တွေက ကိုယ့်အတွက် အကျိုးရှိတာတွေများရဲ့လား၊ အကျိုးမဲ့တာတွေက များနေသလား ဆိုတာပါပဲ။ ဘယ်လိုအရာမျိုးပဲဖြစ်ဖြစ် အကျိုးရှိအောင် သုံးတတ် စွဲတတ်ရင်တော့ အကျိုးရှိမှာပါပဲ။

ပုံနှိပ်မီဒီယာအားပျော့လာ

တစ်ဖက်က ဆိုရှယ်မီဒီယာအားကောင်းလာတာနဲ့အမျှ ပုံနှိပ်မီဒီယာပိုင်းက အားပျော့လာတယ်။ ပုံနှိပ်စာပေကို ဖတ်ရှုတဲ့နှုန်းက ကျကျလာတယ်။ စာတတ်သူတွေများများ လာပေမယ့် စာဖတ်သူကျတော့ ပါးပါးသွားတယ်။ ဒါက ဘာ့ကြောင့် လဲ။ နည်းပညာကြောင့်လား၊ တခြားအကြောင်းတွေ ကြောင့်လား။

နည်းပညာတိုးတက်မှုကြောင့် စာဖတ်နှုန်းကျဆင်းရခြင်း ဖြစ်တယ်လို့တော့ တရားသေ ကောက်ချက်ဆွဲနိုင်ဦးမှာ မဟုတ် ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဆီထက် တိုးတက်မှုအလွန်သာတဲ့ နိုင်ငံတချို့မှာကျတော့ စာဖတ်နှုန်းက မြင့်မားနေဆဲပဲလို့ သိရတဲ့အတွက်ပါ။ ဒီတော့ စာပေဖတ်ရှုမှု အရှိန်လျော့နည်း သွားရတဲ့အကြောင်းရင်းကို ရှာရတာက သိပ်တော့မလွယ်ပြန်ပါဘူး။

ပြီးတော့ တိုးတက်တဲ့နိုင်ငံတွေမှာကျတော့ စာဖတ်နှုန်း မကျဘဲ ကိုယ့်ဆီကျမှ ဘာဖြစ်လို့ စာဖတ်နှုန်းကျရသလဲ။ သူတို့ဆီကလူတွေရေးတဲ့စာနဲ့ ကိုယ့်ဆီကလူတွေရေးတဲ့စာက ဘာတွေကွာနေသလဲ။ နိုင်ငံတကာက စာရေးဆရာတွေက ဘယ်လိုဟန်တွေနဲ့ရေးကြသလဲ။ စာတစ်အုပ်ရေးဖို့ ဘယ်လို အချက်အလက်တွေယူပြီးမှ ရေးလေ့ရှိကြသလဲ၊ ဘယ်လောက် အချိန်ယူပြီးရေးလေ့ရှိကြသလဲ။ ဒါတွေလည်း ထပ်ပြီး လေ့လာ ကြရဦးမှာ ဖြစ်ပါတယ်။

ဒီအကြောင်းတွေကို လေ့လာတင်ပြသူတွေလည်း အများကြီးရှိခဲ့ပါတယ်။ ကမ္ဘာ့ဂန္ထင်စာပေကြီးတွေ၊ ဒီနေ့ခေတ်မှာ လူကြိုက်များနေတဲ့ နိုင်ငံတကာစာအုပ်စာပေတွေကို ဘာသာပြန်ဆိုတင်ပြနေတဲ့ ဆရာကြီးတွေ အများကြီးရှိပါတယ်။ ဘာသန္တရကျွမ်းကျင်တဲ့သူက မူရင်းဘာသာနဲ့လေ့လာ၊ အားနည်းတဲ့သူက ဘာသာပြန်ဆိုချက်တွေနဲ့လေ့လာပြီးတော့ ဟိုဘက်ဒီဘက်နှိုင်းယှဉ်ပြီး ယူသင့်တာတွေယူရမှာပါ။ ကမ္ဘာ့စာပေလောကနဲ့ မြန်မာ့စာပေလောက နှိုင်းယှဉ်လေ့လာချက်ဆိုတာမျိုး ပြုစုတင်ပြနိုင်ရင်လည်း ကောင်းပါတယ်။ ဒါမှလည်း စာပေလောက ဒီ့ထက်ဒီ့ထက် ပိုမိုတိုးတက်လာပြီးတော့ စာပေတစ်ခေတ် ပြန်လည်ဦးမော့လာနိုင်မှာဖြစ်ပါတယ်။ စာပေဖတ်ရှုနှုန်းတွေ ပြန်လည်မြင့်မားလာနိုင်မှ ာဖြစ်ပါတယ်။

စာပေပွဲတော်ကြီးတွေ ကျင်းပလာ

လက်တွေ့မှာလည်း စာဖတ်ရှိန်မြင့်မားရေးအတွက် အားထည့်လုပ်ကိုင်နေသူတွေ အများကြီးရှိပါတယ်။ အနယ်နယ် အရပ်ရပ်မှာ စာဖတ်ဝိုင်းတွေ၊ စာပေစကားဝိုင်းတွေကျင်းပကြတယ်။ စာပေဟောပြောပွဲတွေ အများကြီး ကျင်းပကြတယ်။ စာအုပ်ဈေးပွဲတော်ကြီးတွေ၊ စာပေပွဲတော်ကြီးတွေ ကျင်းပကြတယ်။ ဒါတွေဟာ တကယ့်ကို ကြိုဆိုဂုဏ်ပြုရမယ့်လုပ်ရပ် တွေဖြစ်ပါတယ်။ တတ်စွမ်းသမျှ ပါဝင်အားဖြည့်ရမယ့် လုပ်ငန်းတွေ ဖြစ်ပါတယ်။ အကြိမ်ရေအားဖြင့် များများပြုလုပ်နိုင်ဖို့လိုသလိုပဲ လုပ်ဆောင်ချက်တိုင်းမှာ လုပ်ဆောင်မှုပီပြင်ဖို့၊ အနှစ်သာရရှိဖို့၊ စာပေစကားဝိုင်းဆိုရင်လည်း စာပေစကားဝိုင်း ပီပီပြင်ပြင်ဖြစ်ဖို့၊ စာပေဟောပြောပွဲဆိုရင်လည်း စာပေအစစ်အမှန်ကို ဟောပြောတဲ့ပွဲမျိုးဖြစ်ဖို့၊ ဒါတွေလည်း အလေးထားကြ ရမှာ ဖြစ်ပါတယ်။

တိုးတက်သောလူမျိုးသည် စာဖတ်၍ စာဖတ်သောလူမျိုးသည် တိုးတက်ကြလေသည်ဆိုတဲ့ အဆိုတစ်ခုရှိပါတယ်။ မဖတ်ရင်တော့ ပြောင်းပြန်ရလဒ် ဖြစ်မှာပေါ့လေ။ စာဖတ်ဖို့၊ စာများများ ဖတ်ကြဖို့အတွက် ကိုယ်စွမ်းနိုင်ရာဘက်ကနေ ဝိုင်းဝန်းကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ စာဖတ်ရှိန်မြင့်မား ရေးအတွက် စာရေးသူတွေမှာ အဓိကတာဝန်ရှိသလို စာဖတ် ပရိသတ်တွေ၊ စာပေလောကမှာ ကျင်လည်ကြသူတွေ၊ စာပေနဲ့ပတ်သက်တဲ့ ဌာန၊ အဖွဲ့အစည်းတွေ အားလုံးအားလုံးမှာ တာဝန်ရှိကြပါတယ်။ ဘာကြောင့် စာဖတ်စေချင်နေရတာလဲ။ ဘာကြောင့်များ အတင်းတိုက်တွန်းနေကြရတာလဲ။ လူသားတွေရဲ့ သင်ယူ လေ့လာမှုနယ်ပယ်မှာစာပေနဲ့ မဟုတ်ဘဲနဲ့ တခြားလမ်းကြောင်းနဲ့လည်း ပညာရပ်ဆိုင်ရာတွေကို လေ့လာလို့ ရနေတာပဲ မဟုတ်ဘူးလားလို့ ပြောစရာရှိပါတယ်။ ရတော့ ရပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်အထိ ပညာရပ်နယ်ပယ် မှန်သမျှ က စာအုပ်စာပေတွေ အပေါ်မှာသာ အဓိကထားပြီး လက်ဆင့်ကမ်းမျှဝေမှုတွေ ပြုလုပ်နေကြတာပါ။ မူလတန်းပညာလောက်ကစပြီး စာအုပ်တွေနဲ့ သင်ကြရသလို ကျော်ပေ့မော်ပေ့ဆိုတဲ့ တက္ကသိုလ်ကြီးတွေမှာလည်း ပညာသင်ကြားရာမှာ သင်ရိုး စာအုပ်တွေနဲ့သာ အဓိကပို့ချနေကြတာကို တွေ့ရမှာပါ။

ပညာအမွေချန်ခဲ့

စာတွေ့မှာ အခြေမခံဘဲ လက်တွေ့မှာသာ အခြေခံပါတယ်ဆိုတဲ့ သိပ္ပံပညာရှင်တွေတောင်မှ သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေကို စာအုပ်စာပေတွေနဲ့ မှတ်တမ်းတင်ထားပြီးတော့ နောက်လူတွေက သူ့ထက်သာတဲ့ လေ့လာစမ်းသပ်မှုတွေ ဆက်လုပ်နိုင်အောင် ပညာအမွေတွေ ချန်ထားခဲ့ကြတာပါ။ လက်တွေ့ကျပါတယ်ဆိုတဲ့ နယ်ပယ်မှာတောင် စာတွေ့ကို လက်လွှတ်လို့ မရသေးပါဘူး။ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး ဘယ်အရေးမဆို စာပေနယ်ရဲ့ပါဝင်အားဖြည့်မှုကို ရရှိမှသာလျှင် ပိုမိုတိုးတက်နိုင်တာ ဖြစ်ပါတယ်။

ဘယ်ပညာရပ်မဆို စာအုပ်စာပေဆိုတဲ့ နယ်ပယ်တစ်ခုကို ဖြတ်သန်းပြီးတော့မှသာလျှင် ပိုမိုပြည့်စုံတဲ့ အခြေအနေတစ်ခုကို ရောက်နိုင်တာ ဖြစ်ပါတယ်။ စာပေကိုလက်လွှတ်ထားလို့ရတဲ့၊ စာပေနဲ့ကင်းကွာတဲ့ တိုးတက်မှုဆိုတာမျိုးက ရှိရင်တောင်မှ တော်တော့်ကို ရှားလိမ့်မယ်ထင်ပါတယ်။

စာတတ်သူတိုင်းစာဖတ်ရေးတဲ့။ အမှန်တကယ် အကောင်အထည်ဖော်နိုင်ဖို့၊ ဒီရည်မှန်းချက်ကြီးအောင်မြင်ဖို့ အတော့်ကို ကြိုးစားယူကြရဦးမှာ ဖြစ်ပါတယ်။ တစ်ယောက်အား၊ နှစ်ယောက်အားနဲ့တော့ မရနိုင်ပါဘူး။ မအောင်မြင်နိုင်ပါဘူး။ ဒီအရွေ့ကို မရွေ့နိုင်ပါဘူး။ တစ်ယောက်အားနဲ့ မရသော် တစ်သောင်းအားဖြင့်ရ၏ ဆိုသလိုပဲ အားလုံး အားလုံး ကျရာတာဝန်ကနေ ဦးထမ်းပဲ့ထမ်း ဝိုင်းဝန်းကြိုးပမ်းကြမှသာ ဒီပန်းတိုင်ကြီးဆီကို အရောက်လှမ်းနိုင်မှာပါ။ မလွယ်ပေမယ့် လုပ်ရမှာပါပဲ။ ပစ်ထားရင် ဒီ့ထက်ဆိုးသွားမှာမို့ပါ။ လက်လျှော့ လို့တော့ မဖြစ်ပါဘူး။

စာဖတ်ဖြစ်အောင် ကြိုးစားသင့်

စာဖတ်သူတွေများလာစေရေး၊ စာဖတ်နှုန်းတွေများလာ စေရေးအတွက် ကိုယ်ဘာတတ်နိုင်သလဲ၊ ဘာလုပ်ပေးနိုင်သလဲ ဆိုတာကို စဉ်းစားပြီးတော့ ကိုယ်စွမ်းနိုင်ရာဘက်က ဝိုင်းဝန်း ကြိုးပမ်းကြရမှာပါ။ စာကြည့်တိုက်တွေကို စာအုပ်တွေ လှူနိုင်သလား၊ ဒါမှမဟုတ် ကိုယ်နဲ့နီးစပ်ရာပုဂ္ဂိုလ်တွေကို စာဖတ်ဖို့ တိုက်တွန်း နိုင်မလား။ ကိုယ်လုပ်နိုင်မယ့် ကိစ္စတွေကတော့ အနည်းနဲ့အများ ရှိနေမှာပါ။ သူများကို မပြင်နိုင်ရင်တောင်မှ အနည်းဆုံး တော့ ကိုယ့်ကိုယ်ကိုယ် ပြင်ယူနိုင်ပါတယ်။

ကိုယ်က စာသိပ်မဖတ်ဖြစ်ဘူးဆိုရင် စာဖတ်နှုန်းများလာအောင် လေ့ကျင့်ပြုပြင်ယူရပါမယ်။ တခြားအချိန်လေး တွေထက် စာဖတ်ချိန်လေးပေးပေးပြီး နေ့တိုင်းစာဖတ်ဖြစ် အောင် ကြိုးစားသင့်ပါတယ်။ တကယ်တော့ စာမတတ်သူနဲ့ စာမဖတ်သူ သိပ်တော့မကွာနိုင်ဘူးလို့ထင်ပါတယ်။ မဖတ်တတ်လို့ မဖတ်ရတာက တော်သေးတယ်လို့ပြောရမယ်။ တတ်ရဲ့သားနဲ့ မဖတ်ဘဲနေတဲ့သူကတော့ ရတနာသေတ္တာကြီး အနားမှာရှိပြီး လက်ထဲမှာလည်း သော့ရှိရဲ့သားနဲ့ ဖွင့်မကြည့်မိတဲ့သူနဲ့ တူနေပါလိမ့်မယ်။ စာမတတ်သူက မျက်စိနှစ်ကွင်း အလင်းမရရှာသူတွေနဲ့တူပြီး စာတတ်ပါလျက်နဲ့ မဖတ်သူကတော့ မျက်လုံးတွေကောင်းပါလျက်နဲ့ ဖွင့်ကြည့်ဖို့ မကြိုးစားမိသူနဲ့တူတယ်လို့ပြောရင် ရနိုင်မယ်ထင်ပါတယ်။ စာတတ်သူတွေက များများလာတယ်။ စာဖတ်သူတွေက ပါးပါးလာတယ်။ ဒီအခြေအနေနှစ်ခုကို မျှခြေရောက်အောင် ဘယ်လို လုပ်ကြမလဲ။ ဘယ်သူတွေ လုပ်ကြမလဲ။ အားလုံး အားလုံး ကိုယ်စီကိုယ်စီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမှသာလျှင် ရည်ရွယ်ရာပန်းတိုင်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စာတတ်သူတိုင်း စာဖတ်ရေးလုပ်ငန်းစဉ်ကြီး အောင်မြင်ရေးအတွက် ကိုယ်စွမ်းနိုင်ရာဘက်ကနေ ဝိုင်းဝန်း ကြိုးပမ်းပေးကြပါဦးလို့ မေတ္တာရပ်ခံလိုက်ရပါတယ်။

မြန်မာ့အလင်း