စာတတ်သူတိုင်း စာဖတ်ရေး အားလုံးပါဝင် ကူညီပေး

 “စာတတ်သူတိုင်း စာဖတ်ရေး” လှုပ်ရှားမှုအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၂ ၌ ယနေ့စတင် ကျင်းပနေပြီဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးရှိ စာတတ်မြောက်သူတိုင်း စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပိုမိုတိုးတက် လာစေရေးအတွက် အားပေးလှုံ့ဆော်သည့် ဤလှုပ်ရှားမှု အခမ်းအနားကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။

“စာတတ်သူတိုင်း စာဖတ်ရေး အားလုံးပါဝင်ကူညီပေး” ခေါင်းစဉ်ဖြင့် ကျင်းပသည့် လှုပ်ရှားမှုသည် နှစ်ရက်တာအချိန်မျှသာ ဖြစ်သည်ဆိုသော်ငြားလည်း ယင်းလှုပ်ရှားမှုမှအစပြု၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် တိုးတက်ဖြစ်ထွန်း လာမည်ဆိုပါက စာတတ်မြောက်သူတိုင်း စာပေဖတ်ရှုလေ့လာသည့် အလေ့အထကောင်းတစ်ခု ပြန်လည်အသက်ဝင်လာ လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။

စာတတ်သူဟုဆိုရာ၌ အရေး၊ အဖတ် အခြေခံတတ်မြောက်ထားသူမှ ဘွဲ့ရပြီးသူ အားလုံးအထိကို ဆိုလိုပါသည်။ စာတတ်တိုင်း လည်း အသိပညာ ဗဟုသုတ ကြွယ်ဝသူဟု မဆိုလိုနိုင်ချေ။ စာတတ်ပြီး စာဖတ်မှသာ အသိအမြင် ဗဟုသုတကြွယ်ဝသူ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် စာတတ်သူတိုင်း စာဖတ်ကြရန် အသိပေး နှိုးဆော်လာရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်ချိန်သောကာလက အရေး၊ အဖတ်မတတ်သော စာမတတ်သူများ များများစားစား ရှိခဲ့သည်။ ၁၉၆၃ ခုနှစ် ကာလတွင် စာတတ်မြောက်ရေးကို အားပေးခဲ့သဖြင့် မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာ ၅၇ ရာခိုင်နှုန်းရှိရာ ရှေးခေတ် ကာလက စာမတတ်သူ ထိုထက်မက များခဲ့သည်။ မျက်မှောက်ကာလတွင် စာတတ်မြောက်ရေးလှုပ်ရှားမှု အကျိုးကျေးဇူး များကြောင့် ၂၀၁၂-၂၀၁၃ တွင် တစ်မျိုးသားလုံး စာတတ်မြောက်မှုနှုန်း ၉၄ ဒသမ ၈၁ ရာခိုင်နှုန်းနှင့် အမျိုးသမီး စာတတ်မြောက်မှုနှုန်း ၉၅ ဒသမ ၆၁ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။

မျက်မှောက်ကာလ ပညာခေတ်တွင် ပညာဖြင့် နိုင်ငံ၏အနာဂတ်ကို ပုံဖော်နေကြသည်။ ပညာသည်သာ အရာရာကို ပြုပြင် ပြောင်းလဲပုံဖော်နိုင်သည်။ စာတတ်မြောက်ရုံမျှဖြင့် ပညာခေတ်ကို မတက်လှမ်းနိုင်။ စာဖတ်မှသာ ပညာဖြင့် မိမိဘဝ၊ မိမိ ပတ်ဝန်းကျင်၊ မိမိနိုင်ငံတော်၏ ကောင်းမွန်သော အနာဂတ်ဘဝကို ပုံဖော်နိုင်မည်ဖြစ်သည်။ ယနေ့ကာလတွင် လူတိုင်း လူတိုင်းနီးပါး စာတတ်နေကြပြီ။ ၎င်းတို့တတ်မြောက်သည်မှာ အသိပညာ စစ်စစ်မဟုတ်၊ အသိသညာဖြစ်သည်။ အသိပညာ စစ်စစ် ရနိုင်ရန်အတွက် စာကောင်းပေမွန်များကို ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။

ခေတ်မီတိုးတက်လာသော ယနေ့ကာလတွင် တိုးတက်မှုအမျိုးမျိုး လွှမ်းမိုးမှုကြောင့် စာပေဖတ်ရှုသည့် အလေ့အထများ တိမ်ကောလာသည်။ စာတတ်သူများ စာမဖတ်ကြဖြစ်လာကြသည်။ မအားလပ်သောကြောင့်၊ ဆိုရှယ်မီဒီယာများ ရှိလာသော ကြောင့်ဟု ဆိုကြသည်။ မည်သည့် အကြောင်းကြောင်းကြောင့်ဖြစ်စေ စာအုပ်စာပေ ဖတ်ရှုခြင်းသည်သာ မိမိဘဝ၊ မိမိတို့ ပတ်ဝန်းကျင်အတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ဖန်တီးဖော်ဆောင်ပေးနိုင်သည်ကို အသိပညာ ပေးကြရမည်ဖြစ်သည်။

စာတတ်မြောက်ရန်အတွက် စာတတ်မြောက်ရေး လှုပ်ရှားမှုများကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ စာတတ်မြောက်ပြီး စာဖတ်ရန်အတွက် ယခုကဲ့သို့ စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှုများကို ဝိုင်းဝန်းကူညီ အားပေးကြရမည်ဖြစ်သည်။ နေပြည်တော်တွင် ယနေ့ကျင်းပသော စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှုသည် ရှေ့ဆောင် လမ်းပြပေးလိုက်ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာတို့ အားလုံးနီးပါး စာတတ်ကြပါသည်။ စာမဖတ်ကြပါ။ စာဖတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးတရားများ၊ စာအုပ်စာပေမှပေးသော အသိအမြင်များအား ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိမြင်လာအောင်၊ နားလည် သဘောပေါက်လာအောင် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှုများတွင် အားလုံးပါဝင် ကူညီဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းအပ်ပါသည်။    ။
(ကြေးမုံ)