စာသင်ကျောင်းများအနီး ကိုက် (၁၀ဝ)အတွင်း တည်ရှိသော ယစ်မျိုးဆိုင် (၅)ဆိုင်အား မတ်လကုန်အတွင်း အပြီးပိတ်သိမ်းသွားမည်

ရန်ကုန် ၂၆ ဖေဖော်ဝါရီ

 

လှိုင်မြို့နယ် အမှတ်(၉)ရပ်ကွက်အတွင်းရှိ စာသင်ကျောင်းအနီး ဝန်းကျင်တွင် တည်ရှိသော ယစ်မျိုးဆိုင် (၅)ဆိုင်အား ယစ်မျိုး သက်တမ်းကုန်ဆုံးသည့် မတ်လကုန်အတွင်း အပြီး ပိတ်သိမ်းရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

“လှိုင်မြို့နယ် အမှတ်(၉)ရပ်ကွက်  ရန်ကုန်-အင်းစိန် လမ်းမကြီးဘေးရှိ အမက(၂) မူလွန်ကျောင်းအနီး ကိုက်(၁၀ဝ) အတွင်းရှိ ၂၀ဝ၇ ခုနှစ်ခန့်မှစ၍ ဖွင့်လှစ်ထားသော ဦးသော်ဇင်လတ်၏ Super Light အမည်ဖြင့် FL-17 ဆိုင်၊ ၂၀ဝ၇ ခုနှစ်ခန့်မှစ၍ ဖွင့်လှစ်ထားသော ဒေါ်စန္ဒာဝင်း၏ ရွှေဗန်ဒါအမည်ဖြင့် FL-17 ဆိုင်၊ ၂၀ဝ၃ ခုနှစ်ခန့်မှ စတင်ဖွင့်လှစ်သော ဦးသန်းကြွယ်ဌေး၏ Kyaw အမည်ဖြင့် FL-17 ဆိုင်၊ လှိုင်မြို့နယ် အမှတ်(၉)ရပ်ကွက် အမက(၂၀)အနီး ကိုက်(၁၀ဝ) အတွင်းရှိ ၂၀ဝ၇ ခုနှစ်မှ စတင်ဖွင့်လှစ်ထားသော ဦးထွန်းမင်းသန်း၏ ရွှေပင်လုံအမည်ဖြင့် FL-17 ဆိုင်၊ လှိုင်မြို့နယ် အမှတ်(၇)ရပ်ကွက်၊ ကျောင်းကုန်း(၂)လမ်းထိပ် အမက(၆)မျက်စောင်းထိုး ကိုက်(၁၀ဝ)အတွင်းရှိ ၂၀ဝ၇ ခုနှစ်ခန့်မှစ၍ ဖွင့်လှစ်ထားသော ဦးမင်းစိုးအောင်၏ ယူနန်အမည်ဖြင့် CS-2A ဆိုင်၊ စုစုပေါင်း ယစ်မျိုးဆိုင်(၅)ဆိုင်တို့သည် ဖွင့်လှစ်ရန် မသင့်လျော်ကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့” လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောသည်။

 

လှိုင်မြို့နယ်အတွင်း အခြေခံပညာ ကျောင်းများနှင့် ကိုက်(၁ဝဝ)အတွင်းတွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်၊ အရက်ပါရောင်းချသော စားသောက်ဆိုင်၊ အရက်ဆိုင်များအား ပိတ်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိကို ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်မာဋ္ဌေးက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆိုင်ဖွင့်လှစ် လုပ်ငန်းလိုင်စင်နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ယစ်မျိုးရောင်းချခွင့်လိုင်စင် လျှောက်ထား၍ တရားဝင် ယစ်မျိုးလိုင်စင်ဖြင့် ဖွင့်လှစ်ရောင်းချသော ယစ်မျိုးဆိုင် (၂၀၂)ဆိုင်ရှိကြောင်း သိရသည်။

 

MDN