စားဖိုချောင်သီးနှံများအနက်  ဇီးပင်ကွေ့ကျေးရွာတွင် ငရုတ်စိုက်သူများ ယခင်နှစ်ထက် ငရုတ်သီးစိမ်း ဈေးကျဆင်း

တံတားဦး  ၁၃   ဇွန်

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာတွင် စားဖိုချောင် သီးနှံများဖြစ်သော ကြက်သွန်၊ ခရမ်းသီး၊ ကစွန်းရွက်၊ ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ ချဉ်ပေါင်ရွက် စသည်တို့အနက်မှ ငရုတ်စိုက်တောင်သူများ ငရုတ်သီးဈေးကောင်းရရှိသဖြင့် အဓိကစိုက်ပျိုးကြောင်းသိရသည် ။

 

ငရုတ်ကို နိုဝင်ဘာလတွင် စတင်ပျိုးထောင်ရပါကြောင်း၊ ပျိုးထောင်ပြီး ဒီဇင်ဘာလကုန်ပိုင်းတွင် မိမိတို့ စိုက်ပျိုးမည့် မြေနေရာသို့ ပြောင်းရွေ့စိုက်ပျိုးရပါကြောင်း၊ ငရုတ်စိုက်ပျိုးစရိတ်အတွက် မြေတစ်ဧကို ငွေကျပ် (၃) သိန်းလောက် ကုန်ကျပါကြောင်း ငရုတ်ပြောင်းရွေ့ စိုက်ပျိုးသည့်ရက်အပါဝင် နှစ်လကျော်ကျော် (သို့မဟုတ်) ဖေဖော်ဝါရီလထဲတွင် ငရုတ်သီးစိမ်း စတင်ခူးဆွတ်ရပါကြောင်း၊ မိမိတို့ စိုက်ပျိုးသည့် ငရုတ်မျိုးများသည် ဒေသမျိုးမစိုက်ပျိုးဘဲ နိုင်ငံရပ်ခြားမျိုးများကိုသာ အဓိကစိုက်ပျိုးခြင်းကြောင့် နှစ်လအတွင်း ခူးဆွတ်ရပါကြောင်း၊ ငရုတ်စတင်ခူးဆွတ်ချိန်တွင် အထွက်နည်းပါကြောင်း၊ ငရုတ်သီးများကို  ၁၅ ရက်တစ်ကြိမ်တွင် တစ်ဧက ငရုတ်ပိဿာချိန် ၁၅၀၀ ရရှိပါကြောင်း၊ စတင်ခူးဆွတ်သည့် အချိန်မှ ဩဂုတ်လအထိ ခူးဆွတ်ရပါကြောင်း၊ ငရုတ်စားသုံးသူ များပြားလာသည့်အတွက်  ယခုလက်ရှိ ငရုတ်သီး၏ တစ်ပိဿာဈေးနှုန်းမှာ ငွေကျပ် ၁၅၀၀ ရရှိပြီး ဖောက်သည်များက အိမ်အရောက် လာဝယ်ယူပါကြောင်း ယခင်နှစ်တွင် တစ်ပိဿာကို ငွေကျပ် ၂၀၀၀ မှ ၂၅၀၀ အထိ ဈေးရရှိခဲ့ပါကြောင်း ငရုတ်စိုက်ပျိုးခြင်းကြောင့် မိသားစု စားဝတ်နေရေး တစ်ဘက်တစ်လမ်းမှ အထောက်ပြုပြီး စီးပွားရေးအရလည်း ကောင်းမွန်ပါကြောင်း ငရုတ်စိုက်တောင်သူ ဦးနေဇော်အောင်၏ ပြောပြချက်များအရသိရသည် ။

 

ငရုတ်စိုက်တောင်သူများသည် နိုင်ငံရပ်ခြားငရုတ်မျိုးများဖြစ်သော သာမို ၁၁ ၊ ရွှေကိုးလေးလုံ၊ ပန်ကျောက်စိမ်းနှင့် အခြားဒေသမျိုးများကို အဓိကစိုက်ပျိုးကြသည်။ ငရုတ်ခူးဆွတ်ပြီးသည့် အချိန်တွင် အခြားသီးနှံများကိုလည်း ဆက်လက်စိုက်ပျိုးကြကြောင်း စိုက်ပျိုးရေး ဝါသနာပါသူများအနေဖြင့် မိမိတို့အိမ်ဝိုင်းအတွင်း ငရုတ်ကို အနည်းဆုံး (၁၀) ပင်လောက်စိုက်ထားရင် အိမ်တွင်းမီးဖိုချောင်အတွက် တစ်ဘက်တစ်လမ်းမှ ကုန်ကျစရိတ်သက်သာကြောင်း သိရှိရသည် ။

 

ရဲတင့်(တံတားဦး-ပြန်/ဆက်)