စာပေဗဟုသုတပိုင်းဆိုင်ရာ အသံစာအုပ်တွေ၊ Text file တွေကိုပါ တင်ပေးတဲ့အတွက် မြင်သူ၊ မမြင်သူ အားလုံးအတွက် အကျိုးရှိတဲ့ အပလီကေးရှင်းလေးလို့ ပြောလို့ရပါတယ်

တွေ့ဆုံမေးမြန်း- ရဲခေါင်ညွန့်
ဓာတ်ပုံ - ဖိုးထောင်

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အမြင်အာရုံမသန်စွမ်းသူဦးရေသည် တစ်နိုင်ငံလုံး၏ (၂ ဒသမ ၅ ရာခိုင်နှုန်း) ၁၀ သိန်းကျော် အထိ ရှိနေသည်။ မြန်မာနိုင်ငံရှိ မျက်မမြင်များအတွက်ရည်ရွယ်၍ Siloam & MNAB Myanmar Phone Application ကို နိုဝင်ဘာ ၈ ရက်မှစတင်၍ မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် စမ်းသပ် အသုံးပြုခဲ့သည်။ အဆိုပါ Siloam & MNAB Myanmar Phone Application ကို မြန်မာနိုင်ငံမျက်မမြင်များအသင်း၊ Siloam International နှင့် Korea International Cooperation Agency (KOICA) တို့ ပူးပေါင်း၍ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Siloam & MNAB Myanmar Phone Application တွင် ရသစာပေ၊ သုတစာပေ၊ မသန်စွမ်းမှုပိုင်းဆိုင်ရာ အသိပညာပေးမှု၊ မြန်မာနိုင်ငံမျက်မမြင်များအသင်းနှင့် မသန်စွမ်းအဖွဲ့အစည်း များ၏သတင်းများ၊ စာပေပိုင်းတွင်ပညာရပ်ဆိုင်ရာစာအုပ်များ၊ အတ္ထုပ္ပတ္တိနှင့် သမိုင်းကဲ့သို့စာအုပ်များကို Main menu တွင် ကဏ္ဍအလိုက်ခွဲပြီး ထည့်ပေးထားကြောင်းသိရပြီး အဆိုပါ Application ကြောင့် အမြင်အာရုံမသန်စွမ်းသူများသည် Mobile ဖုန်းကိုအသုံးပြု၍ သတင်းအချက်အလက်နှင့်ဗဟုသုတများ ရယူနိုင်တော့မည် ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံရှိ အမြင်အာရုံမသန်စွမ်းသူများအတွက် ပထမဦးဆုံး ဖုန်းဆော့ဖ်ဝဲလ်အဖြစ်အသုံးပြုနိုင်မည့် Siloam & MNAB Myanmar Phone Application နှင့်ပတ်သက်၍ မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ တာဝန်ရှိသူများကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

ဒေါ်ယမင်းဥမ္မာ (အထွေထွေအတွင်းရေးမှူး)
မြန်မာနိုင်ငံမျက်မမြင်များအသင်း

မေး ။ ။ အမြင်အာရုံ မသန်စွမ်းသူတွေ အတွက် ရည်ရွယ်ပြီးလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးမျက်မမြင် သတင်းစာ Application အကြောင်း ရှင်းပြ ပေးစေလိုပါတယ်။

ဖြေ ။ ။ အခုလက်ရှိ ဆောင်ရွက်နေတာ ကတော့ Information access for the Blind in Myanmar ပါ။ မြန်မာနိုင်ငံသား အမြင်အာရုံမသန်စွမ်းတဲ့ သူတွေအနေနဲ့ သတင်းအချက်အလက် အလွယ်တကူ လက်လှမ်းမီရယူနိုင်ဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်တာပါ။ အမြင်အာရုံမသန်စွမ်းတဲ့ သူတွေ သတင်းအချက်အလက် အဓိကရယူ တဲ့အခါ အသံ၊ နား၊ အကြားအာရုံနဲ့ ရယူတဲ့ အပိုင်းရှိတယ်။ နောက် လက်နဲ့စမ်းပြီး ဖတ်ရတဲ့ မျက်မမြင်စာပေကို မျက်မမြင်လက်စမ်းနဲ့ ယူရတဲ့ အပိုင်းလေးတွေ ရှိပါတယ်။ ကျွန်မတို့ အခုလုပ်နေတဲ့ Information access for the Blind Myanmar စီမံကိန်းက အဲဒီ နှစ်ခုစလုံးကို လုပ်ချင်ပါတယ်။ နှစ်ခုစလုံးကို လုပ်ဖို့အတွက်လည်း ရည်ရွယ်ပါတယ်။

မျက်မမြင်သတင်းစာထုတ်ဖို့ တကယ့် လက်တွေ့ဆန်ဆန် ပြန်စဉ်းစားတော့ မျက်မမြင်စာနဲ့ သတင်းစာထုတ်မယ်ဆိုရင် သတင်းစာတစ်စောင်ကို မျက်မမြင်စာနဲ့ စာရွက်ပေါင်း ၂၀၀ ကျော် ထုတ်ရမယ်။ နောက် သတင်းစာဖြန့်ဝေမှုအပိုင်းမှာလည်း ထင်သလောက် တွင်ကျယ်မှာမဟုတ်ဘူး။ စာက အထုပ်လိုက်ကြီးဖြစ်နေမယ်။ ဒါကြောင့် သတင်းမီဒီယာတွေရဲ့ အသံဖိုင်တွေကို ရယူ ပြီးတော့မှ မျက်မမြင်တွေအတွက် ပြန်ပြီး ဖြန့်ဝေတဲ့အပိုင်းကို အဓိကထားပါတယ်။ အဲဒီလိုဖြန့်ဝေတဲ့အခါ စနစ်တကျဖြစ်ပြီး အချိန်တိုမယ်။ ဒါကြောင့် ထိထိမိမိရှိတဲ့ အပလီ ကေးရှင်း (Application) တစ်ခုကို ကျွန်မတို့ စီမံပါတယ်။ အဲဒါကတော့ Siloam & MNAB Myanmar Phone Application လို့ခေါ်တဲ့ Mobile Library Software တစ်ခုပါ။ ဒါကို တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ Siloam International အဖွဲ့အစည်းရဲ့ နည်းပညာ ပံ့ပိုးမှုနဲ့ ဖော်ဆောင်နေတာပါ။ အဲဒီဆော့ဖ်ဝဲလ် ထဲမှာဆိုရင် သတင်းတွေ တင်ပေးတယ်။ ဗဟုသုတရစေတဲ့စာအုပ်တွေ တင်ပေးတယ်။ နောက် ကျောင်းစာအုပ် ဖိုင်တွေပါမယ်။ မျက်မမြင်တွေအနေနဲ့ ဘယ်နေရာမှာပဲရှိရှိ အဲဒီစာအုပ်ဖိုင်တွေကို ပရင့်ထုတ်လိုက်တာနဲ့ မျက်မမြင်စာအဖြစ် ဖတ်လို့ရအောင်လို့ ဖန်တီးပြီး တင်ပေးပါတယ်။

မေး ။ ။ မျက်မမြင် သတင်းစာ၊ စာစောင် ထုတ်ဝေမယ့်အခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ မျက်မမြင်စာစောင်အဖြစ် ထုတ်ဖို့က လတ်တလောမှာ အင်အားနည်းနည်း လိုသေးတယ်။ တစ်နေ့ကို စောင်ရေ ၁၀၀ လောက်ပဲ ထုတ်မယ်ဆိုရင်တောင် အင်အား လိုတယ်။ မျက်မမြင်စာထုတ်တဲ့ ပုံနှိပ်စက် ကလည်း လျင်လျင်မြန်မြန်မထွက်ဘူး။ အဲဒီလို ခက်ခဲမှုရှိတာကြောင့် အခု လောလောဆယ် တော့ အသံ Audio format နဲ့ ကျွန်မတို့ရဲ့ Mobile application ပေါ်မှာ Upload လုပ်ပြီး မျက်မမြင်တွေကို ဖြန့်ချိနေပါတယ်။ တစ်ခု ဖြည့်စွက်ပြောချင်တာက အခု ကျွန်မတို့ရဲ့ Siloam MNAB Phone Net အပလီကေးရှင်းက မျက်မမြင်တွေအတွက်ပဲ အဓိကမဟုတ်ပါဘူး။ ကျွန်မတို့ရည်ရွယ်တာက အခုခေတ်လူနေမှု ခေတ်ကြီးထဲမှာ ကားတွေပိတ်ကြတယ်။ လမ်းမှာပဲအချိန်ကုန်တယ်။ ဒီလိုမျိုး ပြည်သူ တွေအတွက်လည်း ရည်ရွယ်ပါတယ်။ ကိုယ့်ဖုန်းထဲမှာပဲ ဒီဆော့ဖ်ဝဲလ်လေးကို ဖွင့်ပြီး နားထောင်လိုက်တာနဲ့ သတင်းအစုံသိရမယ်။ သတင်းဌာနအသီးသီးက လင့်ခ်တွေထဲကို ဝင်စရာမလိုဘဲ ဒီဆော့ဖ်ဝဲလ်ထဲမှာပဲ သတင်း အစုံတစ်ခါတည်း ရရှိသွားနိုင်ဖို့အတွက်ရယ်၊ နောက် စာပေဗဟုသုတပိုင်းဆိုင်ရာ အသံ စာအုပ်တွေ၊ Text file တွေကိုပါ တင်ပေးတဲ့ အတွက် မြင်သူ၊ မမြင်သူအားလုံးအတွက် အကျိုးရှိတဲ့ အပလီကေးရှင်းလေးလို့ ပြောလို့ ရပါတယ်။

မေး ။ ။ ဒီဆော့ဖ်ဝဲလ် အပလီကေးရှင်းကြောင့် အမြင်အာရုံမသန်စွမ်းသူတွေ ရလာနိုင်မယ့် အကျိုးကျေးဇူးတွေ အကြောင်း ပြောပြပေးစေလိုပါတယ်။

ဖြေ ။ ။ အခုလက်ရှိမှာ သတင်းမီဒီယာပိုင်းဆိုင်ရာ ဗီဒီယိုချန်နယ်တွေ၊ ရေဒီယို ချန်နယ်တွေ အများကြီးရှိပေမယ့် ဘာကြောင့် အပလီကေးရှင်းတွေကိုထပ်ပြီး ဖော်ဆောင် စီစဉ်ရသလဲဆိုရင် မသန်စွမ်းတွေ၊ မျက်မမြင် တွေအနေနဲ့ လက်လှမ်းမီရရှိနိုင်တဲ့ Information Accessible ဆိုတာ အလွန် အရေးကြီးတဲ့ ကဏ္ဍတစ်ခုပါ။ ဥပမာ- ရုပ်သံ ဆိုရင် ရုပ်ပိုင်းဆိုင်ရာကို အဓိကဖော်ပြသွား တာရှိမယ်။ ရေဒီယိုဆိုရင်လည်း ကျွန်မတို့က အချိန်ပြည့် ရေဒီယိုနားထောင်နိုင်တဲ့ အခြေ အနေမရှိဘူး။ အခုလိုဆော့ဖ်ဝဲလ်နဲ့ တင်ထား ခြင်းအားဖြင့် မိမိကြိုက်နှစ်သက်တဲ့ ဘယ်ရက် ကသတင်းကို ပြန်နားထောင်ချင်တယ်ဆိုရင် ပြန်ရှာပြီးယူလို့ရတယ်။ နောက် Download ဆွဲပြီး သိမ်းထားလို့ရတယ်။ တစ်နေရာမှာ အားလုံးစုပေါင်းပေးထားတာပေါ့။ ဒီ Soft- ware ရဲ့ အနှစ်သာရက သတင်းပိုင်းဆိုင်ရာ ဖြန့်ချိမှုတစ်ပိုင်းတည်း မဟုတ်ပါဘူး။ အသံ ထွက်စာအုပ်တွေ လုပ်တယ်။ စာပေဗဟုသုတ ရစေမယ့် စာကောင်းပေကောင်းတွေကို အသံအလှူရှင်တွေနဲ့ စာဖတ်တယ်။ အသံစတူဒီယိုထဲမှာ တည်းဖြတ်တယ်။ ပြီးရင် အခုပြောတဲ့ ဆော့ဖ်ဝဲလ်ပေါ်မှာ တင်ပေးတယ်။ Siloam MNAB Phone ဆော့ဖ်ဝဲလ် သုံးတဲ့ သူတိုင်းက အဲဒီအသံဖိုင်တွေကို ရယူ နိုင်တယ်။ နောက်ဒီဆော့ဖ်ဝဲလ်ရဲ့ အားသာချက်က မျက်စိမြင်တဲ့ မည်သူမဆို အဲဒီ ဆော့ဝဲလ်မှာ Register လုပ်ထားရင် စာဖတ်ပြ ပေးလို့ရတယ်။ အဲဒီလိုဖတ်ပြရင် ဒီဆော့ဝဲလ်ကို အသုံးပြုသူအားလုံးက နားထောင်လို့ ရတယ်။
စာကောင်းပေကောင်းတွေကို အလွယ်တကူ မျှဝေဖလှယ်လို့ရအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။ အခုခေတ်မှာ သတင်းမီဒီယာ တွေက ပွင့်လင်းတယ်။ ရယူနိုင်ဖို့ အချက် အလက် များပြားတယ်။ ဒါပေမယ့် မျက်စိ မမြင်တဲ့သူတွေအတွက် တစုတစည်းတည်း ရှာယူနိုင်ဖို့ အနည်းငယ်ခက်ခဲပါတယ်။ ဒါကြောင့် ဒီဆော့ဖ်ဝဲလ်ကို အကောင်အထည် ဖော်ရခြင်း ဖြစ်ပါတယ်။

မေး ။ ။ Siloam ဖုန်းဆော့ဖ်ဝဲလ်မှာ ထည့်သွင်းဖို့ သတင်းအချက်အလက် ရယူမှုအပိုင်းကိုပြောပြပေးပါဦး။

ဖြေ ။ ။ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ကျွန်မတို့တွေ့ဆုံပြီးချိန်မှာတော့ အစိုးရကထုတ်လွှင့်တဲ့ အစိုးရပိုင်တဲ့ သတင်းဝက်ဘ်ဆိုက်တွေ ကနေ ယူပါတယ်။ နောက် ပုဂ္ဂလိကသတင်း ဌာနတွေရဲ့ စာမျက်နှာတွေပေါ်ကနေ စုစည်း ပြီးတော့မှ ဒီဆော့ဖ်ဝဲလ်ပေါ်မှာ ပြန်တင်တာ တွေလည်း ရှိပါတယ်။ သတင်းအေဂျင်စီအနေနဲ့တော့ မဟုတ်ဘူး။ အခြားသူတွေ တင်ထားတဲ့ စာမျက်နှာတွေပေါ်ကနေယူပြီး ပြန်စုစည်း၊ တပေါင်းတစည်းတည်း ဒီဆော့ဖ်ဝဲလ်ပေါ် ပြန်တင်ပေးတဲ့ သဘောပါ။ အဲဒီလိုယူတင်တဲ့ အတွက်လည်း ခရက်ဒစ်ပေးပါတယ်။ အခု ယူနေတဲ့ သတင်းမီဒီယာတွေဆီကလည်း မိတ်ဖက်ပါတနာအနေနဲ့ ဆက်လက်ဆောင် ရွက် သွားဖို့ရှိပါတယ်။

မေး ။ ။ အခုလို ဆောင်ရွက်နိုင်ဖို့အတွက် ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့ရတဲ့ အပိုင်းများရှိရင် လည်း သိပါရစေ။

ဖြေ ။ ။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၆ ရက် နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံပြီးနောက် ညွှန်ကြားရေးမှူးတစ်ဦးနဲ့ ဆက်လက် ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ သတင်း တင်ရင် ဘယ်လိုသတင်းတွေ တင်သင့်သလဲဆိုတဲ့ အကြံဉာဏ်တွေ၊ အစိုးရရဲ့သတင်းတွေ ရယူနိုင်ဖို့ သတင်းဝက်ဘ်ဆိုက်လင့်ခ်တွေ ပို့ပေးတာမျိုးတွေ၊ မျက်မမြင်စာနဲ့ သတင်းစာ ထုတ်ချင်တယ်ဆိုရင် အဓိကအရေးကြီးတာက Soft copy (ဆော့ပ်ကော်ပီ)ပါ။ ဘာလို့လဲ ဆိုတော့ သတင်းစာမှာက စာလုံးသေးသေး လေးတွေရေးတာ။ အဲဒါကို ကျွန်မတို့ဆီက မျက်စိမြင်တဲ့ ဝန်ထမ်းတွေက ဒါကိုအစအဆုံး ပြန်ရိုက်ရတာဆိုတော့ တော်တော်လေး ခက်ခဲတယ်။ အချိန်ပေးရတယ်။ ဒါကို ပြန်ကြားရေးဝန်ကြီးဌာနက Soft copy ဖိုင် တွေ ပို့ပေးတယ်။ လိုအပ်တာတွေကို အများကြီး ပံ့ပိုးပေးပါတယ်။ ဆက်လက်ပြီးတော့လည်း ညှိနှိုင်းနေပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန နဲ့ ကျွန်မတို့မျက်မမြင်အသင်း ပူးပေါင်းပြီး တော့ ဆောင်ရွက်လို့ရတဲ့ အသိပညာပေးတွေ ဆောင်ရွက်ဖို့ ဆိုတာမျိုးပါ။

ဦးပြည့်ဖြိုးပိုင်

အမြင်အာရုံမသန်စွမ်းသူများအတွက် သတင်းအချက်အလက်ဆိုင်ရာ စီမံကိန်းမန်နေဂျာ မြန်မာနိုင်ငံမျက်မမြင်များအသင်း
မေး ။ ။ Siloam & MNAB Myanmar Phone Application စတင်နိုင်ဖို့အတွက် တာဝန်ယူဆောင်ရွက်ခဲ့တဲ့အပိုင်းကို သိချင် ပါတယ်။

ဖြေ ။ ။ ကျွန်တော်က မျက်မမြင်များ ဗဟုသုတနဲ့ သတင်းအချက်အလက် အလွယ်တကူလက်လှမ်းမီရရှိရေး စီမံကိန်းမန်နေဂျာ ဖြစ်ပါတယ်။ အခုလုပ်နေတဲ့ Siloam & MNAB Myanmar Phone Application လို့ နာမည်ပေးထားတဲ့ Application က ကျွန်တော်တို့ စီမံကိန်းရဲ့ လုပ်ငန်း တစ်စိတ်တစ်ပိုင်းပါ။ အဲဒီမှာ အကြောင်းအရာ (Contact) တွေ အများကြီး တင်ပေးထားတယ်။ အကြောင်းအရာတွေထဲ ဝင်ကြည့်ရင် အချက်အလက် (Data) များများ ရှိဖို့ စုဆောင်းရတဲ့အပိုင်းက အဓိကကျပါတယ်။ ပြီးရင်ကျွန်တော်တို့ စုဆောင်းထားတဲ့ အချက် အလက်(Data) တွေကို သက်ဆိုင်တဲ့သူတွေက အွန်လိုင်းကနေတစ်ဆင့် မျက်မမြင်တွေဆီ ပြန်ဖြန့်ပေးတာပါ။ ကျွန်တော်တို့ Application ကို မှတ်ပုံတင် (Register) လုပ်ထားပြီးသူတွေ ဆီကို ပို့ပေးတယ်။

မေး ။ ။ ဒီ Application ဆောင်ရွက် ဖြစ်ခဲ့ပုံကို ပြောပြပေးစေလိုပါတယ်။

ဖြေ ။ ။ ဒီ Application ကို စတင် ဆောင်ရွက်ဖြစ်တာက ၂၀၁၆ ခုနှစ်လောက်ကတည်းကပါ။ ကိုရီးယားနိုင်ငံ Siloam Center for the Blind က ကျွန်တော် တို့ကို ဆက်သွယ်ပါတယ်။ အခုလို Application လေးတစ်ခု မြန်မာနိုင်ငံမှာရှိရင် အဆင်ပြေ မယ်။ အဲဒီကနေ သူတို့နဲ့ ကျွန်တော်တို့ ပေါင်းပြီး ဖန်တီးထားတဲ့ အဆိုပြုလွှာကို ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) ကို တင်တယ်။ KOICA က ငွေကြေးပံ့ပိုးတယ်။ Siloam International က နည်းပညာပံ့ပိုးတယ်။ ကျွန်တော်တို့ ၂၀၁၉ ခုနှစ် အောက်တိုဘာလဆန်းမှာ Siloam & MNAB Phone ကို စမ်းသပ်ကာလအဖြစ် စတင်အသုံး ပြုနိုင်တယ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကျွန်တော်တို့ကို သူတို့ဆီက တင်ထားသမျှ အချက်အလက်တွေကို အသုံးပြုခွင့်ပေးခဲ့တယ်။ နောက်ပိုင်းဆိုရင် သတင်းစာကို မျက်မမြင်စာနဲ့ သော်လည်းကောင်း၊ အသံထွက် Audio file နဲ့ သော်လည်းကောင်း ဆက်လက်ဆောင်ရွက်ဖို့တော့ ရှိတယ်။

မေး ။ ။ ဒီဆော့ဖ်ဝဲလ်မှာ အဓိကထား တင်ဆက်ပေးနေတဲ့ အပိုင်းနဲ့ အကြောင်းအရာတွေကို သိချင်ပါတယ်။

ဖြေ ။ ။ အခု လောလောဆယ်တော့ ကျွန်တော်တို့က သတင်းကို အဓိကထား တင်တယ်။ နောက်တစ်ခါ ကျွန်တော်တို့ Audio book (အသံစာအုပ်) တွေလည်း သွင်းနေတယ်။ စာအုပ်တစ်အုပ် ပြီးတိုင်း တင်ပေးတယ်။ ကျွန်တော်တို့က သတင်းတစ်ခုတင်တိုင်း သတင်းရဲ့ခေါင်းစဉ် မှာတင် ဘယ်သတင်းဌာနကနေ ကူးယူ ဖော်ပြတယ်ဆိုတာ တင်ပေးပါတယ်။ နောက် DVB၊ Eleven စတဲ့ သတင်းဌာနတွေကနေ အများသိအောင် You Tube မှာ တင်ပေးထား တဲ့ သတင်းလေးတွေကို ကျွန်တော်တို့က မျက်မမြင်တွေ အလွယ်တကူ နားထောင်လို့ ရအောင် MP-3 ဖိုင်နဲ့ပြောင်းပြီး ရုပ်မပါတဲ့ အသံဖိုင်ယူပြီး တင်ပေးပါတယ်။ အဲဒီလို တင်ရင်လည်း ဘယ်ကနေယူပါတယ်ဆိုတာ သတင်းခေါင်းမှာ ထည့်ပေးပါတယ်။

မေး ။ ။ ဒီ Application ကို မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ မျက်မမြင် တွေ အသုံးပြုနိုင်အောင် ဘာတွေများ ဆက်လက် ဆောင်ရွက်သွားဖို့ရှိမလဲဆိုတာ ပြောပြပေးစေလိုပါတယ်။

ဖြေ ။ ။ အခု လောလောဆယ်တော့ ကျွန်တော်တို့ လက်လှမ်းမီသလောက် အဖွဲ့ဝင်အဖြစ်ဝင်ကြဖို့ ဖိတ်ခေါ် တယ်။ နောက်တစ်ခုကတော့ Application အသုံးပြုနည်း ပြသနိုင်အောင် ဖန်တီးပြီးမှ
Facebook၊ Viber စသည်ဖြင့် တင်ပေးမယ်။ မျက်မမြင်တွေကတော့ Viber အသုံးပြုတာ များပါတယ်။ Viber group ဖွဲ့ပြီးတော့ လုပ်ထားတာတွေရှိတယ်။ သူတို့ Group လေးတွေထဲကို ကျွန်တော်တို့က Share ပြီး ထည့်ပေးလိုက်ရင် ဒါကိုမှတ်ပုံတင်(Register) လုပ်ပြီး အသုံးပြုနိုင်မယ်။ ဒီအတွက် ဆောင်ရွက်ဖို့ရှိပါတယ်။

မေး ။ ။ ဒီ Application အပြင် ဆက်လက် ဆောင်ရွက်မယ့်အခြားအစီအစဉ်တွေ ရှိဦးမလားဆိုတာ သိပါရစေ။

ဖြေ ။ ။ မျက်မမြင်များအနေနဲ့ သတင်း အချက်အလက် ပိုမိုရရှိရမယ်။ မြန်မြန်ဆန်ဆန် ရရှိရမယ်။ နောက် အဲဒီအရာ တွေ သူတို့လက်ထဲအထိရောက်အောင် ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမယ်။ ပြန်ကြားရေးဝန်ကြီးဌာန အကူအညီနဲ့ မျက်မမြင်သတင်းစာနဲ့ Audio file (အသံဖိုင်) စာအုပ်တွေ ဆောင်ရွက်သွားဖို့ရှိပါမယ်။ သတင်းစာထက် Audio file (အသံဖိုင်) စာအုပ်တွေကိုတော့ မျက်မမြင်တွေဆီမှာ ပိုခေတ်စားသလို သူက ငွေကုန်ကြေးကျ လည်း သက်သာတယ်။

အခုလို ဖြေကြားပေးမှုများအတွက် ကျေးဇူတင်ပါတယ်ခင်ဗျာ။

အရှေ့တောင် အာရှနိုင်ငံများတွင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် အမြင်အာရုံ မသန်စွမ်းသူများအတွက် Siloam Phone Application ကို အသုံးပြု လျက်ရှိပြီး မြန်မာနိုင်ငံသည် အဆိုပါ ဆော့ဖ်ဝဲလ်ကို အသုံးပြုသည့် တတိယမြောက် နိုင်ငံဖြစ်သည်။