စာနာထောက်ထား လက်တွဲဖေးမကူညီ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန- ၂ ၌ ဒီဇင်ဘာ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် အမျိုးသားအဆင့် အနာကြီးရောဂါ တိုက်ဖျက်ရေးညီလာခံသို့ တက်ရောက်ပြီး အနာကြီးရောဂါသည်များနှင့် မိသားစုဝင်များကို ခွဲခြားဆက်ဆံခြင်းများမှ ပပျောက်သွားအောင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

အနာကြီးရောဂါသည် လူမှုဘဝနယ်ပယ်တွင် ဖြစ်ပွားလေ့ရှိသည့်ရောဂါအမျိုးမျိုးအနက် စက်ဆုပ်ဖွယ်ကောင်းသည့်ရောဂါဟု လူအများအထင်မှတ်မှားခဲ့ကြသည်။ ထိုအချက်သည်ပင် ရောဂါအရှင်းမပျောက်ခြင်း၏ အဓိကအချက်ဖြစ်လာသည်။ ထိုရောဂါ၏ထူးခြားမှုမှာ ရောဂါပိုးကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျက်စီးစေပြီး တစ်ဆက်တည်းတွင် အာရုံကြောများပါ ထိခိုက်ပျက်စီးစေသည်။

လွဲမှားသောအယူအဆများဖြင့် လူမှုဘဝများက လက်မခံခြင်း၊ ဖယ်ထုတ်ခြင်းခံရသော အဆိုပါရောဂါသည်များနှင့် အသိုင်းအဝိုင်းကိုတည့်မတ်ပေးရန်၊ စောင့်ရှောက်ပေးရန် လိုအပ်လာသည်။ ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမျိုးသားအဆင့် အနာကြီးရောဂါတိုက်ဖျက်ရေးညီလာခံသို့ တက်ရောက်၍ ခွဲခြားဆက်ဆံခံရမှုများကိုယနေ့အထိ တွေ့ရှိနေရပြီး အနာကြီးရောဂါဖြစ်ပွားသည့် လူနာ၏ နေ့စဉ်ဘဝ နေထိုင်မှုများအပေါ် သက်ရောက်မှုရှိနေသည့်အတွက် လူမှုရေးအမြင်များကို ပြန်လည်တည့်မတ်ပေးရန် ပြည်သူများအတွင်း အနာကြီးရောဂါကူးစက်ပုံ၊ ဖြစ်ပွားပုံနှင့်ပတ်သက်သည့် မှန်ကန်သောအသိများရရှိအောင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အနာကြီးရောဂါနှင့်ပတ်သက်၍ ရောဂါရှင်သာမက ပတ်ဝန်းကျင်ကပါ မှန်ကန်သော အသိအမြင်များရှိဖို့ လိုအပ်ပေသည်။ တစ်ချိန်သောကာလ ၁၉၈၈ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံတွင် အနာကြီးရောဂါဖြစ်ပွားသူ လူနာပေါင်း နှစ်သိန်းခန့်ရှိခဲ့ပြီး ထိုလူနာများမှာ လူမှုပတ်ဝန်းကျင်မှ ဖယ်ရှားခြင်းခံရသဖြင့် အကျည်းတန်အရုပ်ဆိုးသည့်ဘဝများဖြစ်ခဲ့သည်။ ထို့နောက်ပိုင်းတွင် အဆိုပါရောဂါဆိုးကြီးကို ဝိုင်းဝန်းကုစားဖေးမပေးခဲ့ကြသဖြင့် ရောဂါဖြစ်ပွားမှုများမှာ တစ်စတစ်စ လျော့ကျလာပြီး ရောဂါဖြစ်ပွားသူ နှစ်ထောင်ခန့်သာ ရှိတော့သည်။ သို့သော် အနာကြီးရောဂါမှာ အကင်းမသေသေးဘဲ အနာကြီးရောဂါဖြစ်ပွားဆဲနိုင်ငံများတွင် ပါဝင်နေသေးသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိရသည်။

အနာကြီးရောဂါမှာ အချိန်မီကုသလျှင် ပျောက်ကင်းနိုင်သော ရောဂါဖြစ်သော်လည်း ထိုရောဂါ၏ ဆိုးရွားသည့်ပုံသွင်လက္ခဏာကြောင့်လူသိမခံဘဲ ဆေးမီးတိုဖြင့် ကုသသောကြောင့် အနေအထားပျက်ယွင်းသောအခြေအနေသို့ ရောက်ရှိခဲ့ကြသည်။ ရောဂါထိန်းချုပ်ရေးအတွက် အဓိကအချက်မှာ ခွဲခြားဆက်ဆံခြင်း၊ လူမှုဘဝ ရှောင်ဖယ်ခြင်းဖြစ်၍ ထိုရောဂါမှာ ကြောက်စရာ၊ မနှစ်သက်စရာဟု မခံယူဘဲ လူအချင်းချင်း စာနာထောက်ထားမှုဖြင့် ဝိုင်းဝန်းကူညီဖေးမ စောင့်ရှောက်ပေးရမည်ဖြစ်သည်။

ထို့အပြင် အနာကြီးရောဂါနှင့်ပတ်သက်၍ မကူးစက်သည့်နည်းလမ်းများကို အသိအမြင်တိုးပွားအောင် အသိပညာများပေးရမည်ဖြစ်သည်။ အနာကြီးရောဂါဖြစ်ပွားသူနှင့် ၎င်းတို့၏မိသားစုဝင်များ လူမှုပတ်ဝန်းကျင်၌ အတူတကွနေထိုင်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ခွဲခြားနှိမ့်ချဆက်ဆံခြင်းကြောင့် လူနာသစ်ရှာဖွေခြင်း၊ ဆေးကုသမှု ပြီးဆုံးအောင် လိုက်နာခြင်း၊ နောက်ဆက်တွဲပြဿနာကုသခြင်းတို့ကို အဟန့်အတားဖြစ်စေသည့်အပြင် ပြည်သူလူထုအတွင်း ကူးစက်မှုတားဆီးရေးကို ထိခိုက်စေနိုင်သဖြင့် မှန်ကန်သောလူမှုရေးအမြင် တိုးပွားအောင် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ လူမှုဘဝနယ်ပယ်မှ ပစ်ပယ်ခြင်းခံရသော ရောဂါများတွင် အနာကြီးရောဂါမှာ ရှေ့ဆုံးမှပါဝင်နေသဖြင့် ရောဂါထိန်းချုပ်ရေး၊ ရောဂါကင်းစင်ရေးကို အပြီးအပြတ်ဆောင်ရွက်နိုင်မှုမရှိသေးခြင်း ဖြစ်သည်။ အနာကြီးရောဂါ ကင်းစင်ပပျောက်ရေးအတွက် အမျိုးသားအဆင့် အနာကြီးရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများတွင် ဖြူစင်သောစိတ်ထားများဖြင့် ဝိုင်းဝန်းကူညီဖေးမဆောင်ရွက်ကြပြီး ရောဂါသည်နှင့် ပြည်သူလူထုအကြား အထင်အမြင်လွဲမှားနေသော အတွေးအမြင်များကို မှန်ကန်စွာ တည့်မတ်ပေးခြင်းဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ဖို့ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြပါစို့ဟူသည့် ဆောင်ပုဒ်နှင့်အညီ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ကြေးမုံ