စာမတတ်သူ စာတတ်မြောက်ရေး၊ စာတတ်သူတိုင်း စာဖတ်ရေး

နေပြည်တော် ၂၈ နိုဝင်ဘာ

 

ဆင်းရဲမွဲတေမှု လျော့ပါးပပျောက်ရေးနှင့် စာအုပ်စာပေ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ ဆက်စပ်ပတ်သက်နေသည့် အခြေခံအကြောင်းအချက် တစ်ခုဖြစ်သည်ဟု ယူဆပါသည်။ ယနေ့ မြန်မာ နိုင်ငံအတွက် အရေးတကြီး ကြိုးပမ်းဆောင်ရွက်နေကြရသော ပြုပြင်ပြောင်းလဲရေး၊ တိုင်းပြည် ပြန်လည်ထူထောင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေး စသည်တို့တွင်လည်း စာအုပ်စာပေတို့၏ အခန်း ကဏ္ဍက အရေးပါနေသည်ပဲ ဖြစ်ပါသည်။ တစ်နည်းဆိုရလျှင် စာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတို့သည် ပူးတွဲတည်ရှိနေသည့် လိုအပ်ချက်များဟု မြင်ပါသည်။

 

အမှန်အားဖြင့်ဆိုလျှင် မြန်မာနိုင်ငံသားများ၏ အစဉ်အလာ ယုံကြည်မှုတစ်ခုမှာ စာတတ်မြောက်ရေးကို အားပေးခြင်းဖြစ်ပါသည်။ မိဘများက အကြောင်းကြောင့် စာပေမတတ်သူများဖြစ်ခဲ့လျှင်ပင် သားသမီးများကို စာတတ်စေချင်သည်၊ အနိမ့်ဆုံးဘွဲ့လေး တစ်ခုတော့ ရစေချင်သည် ဟူသည်မှာ အခြေခံလူတန်းစားများ၏ ရင်ထဲအထိ စွဲမြဲနေလေ့ရှိသည့် ဆန္ဒဖြစ်လေသည်။

 

စာတစ်လုံး ဘုရားတစ်ဆူ၊ အလိမ္မာစာမှာရှိစသဖြင့် စာအုပ် စာပေကို ရိုသေကြသူများဖြစ်ပါသည်။ စာအုပ်တစ်အုပ် ကြမ်းပေါ် ကျနေလျှင်ပင် ကျော်သွားရန် ဝန်လေးတတ်သူများဖြစ်ပါသည်။ စာရေးစာဖတ် တတ်ရေးအတွက် ကျေးလက်တောရွာများက ကလေးငယ်များကအစ ဘုန်းကြီးကျောင်းပို့ကာ အခြေခံ စာရေးစာဖတ်နှင့် အတွက်အချက်ကို သင်ကြားလေ့ရှိကြသည်။

 

စာဖတ်တတ်ပြီ ဆိုရုံမျှနှင့် မပြီးသေးပါ။

 

မူလအခြေခံဖြစ်သော မြန်မာနိုင်ငံသားတိုင်း စာတတ်ကြပြီးသည့်နောက် စာတတ်သူများ စာဖတ်ကြဖို့ ဝိုင်းဝန်းဆေော်ဩာကြ ရန် လိုမည်ဟု ထင်မြင်ပါသည်။ ဆင်းရဲတွင်းထဲနစ်နေရသည့် အတွက် စာမတတ်ကြ စာမဖတ်ဖြစ်ကြဆိုလျှင် ဆင်းရဲမွဲတေမှုနွံတွင်းက ပို၍ရုန်းထွက်ရန် ခက်ခဲစေမည့်အကြောင်း ဖြစ်လာနိုင်ပါသည်။

 

ထို့ကြောင့်ပင် ယနေ့ကာလကဲ့သို့ ပြည်သူ့အစိုးရ အုပ်ချုပ်နေချိန်တွင် အစိုးရနှင့်တူ နိုင်ငံရေး လူမှုရေးခေါင်းဆောင်များ အဖွဲ့အစည်းများက ကလေးငယ်များ မသင်မနေရ ပညာရေးစနစ်နှင့် စာတတ်မြောက်သူများ စာဖတ်ကြရေးကို ဝိုင်းဝန်းလှုံ့ဆော် အားပေးကူညီကြရန် လိုအပ်သည်ဟု ယူဆပါသည်။

 

စာတတ်သူတိုင်း စာဖတ်ရေး၊ စာဖတ်သူ တိုးပွားများပြားရေး၊ စာအုပ်စာပေ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားပေးကြရာ၌ ပြည်သူ့ စာကြည့်တိုက်များ၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးတို့ကလည်း အခရာကျသည်ဟု ထင်မြင်ပါသည်။

 

ယခုအခါတွင် အမျိုးသားစာကြည့်တိုက်ကြီးများ၊ ပြည်သူ့ စာကြည့် တိုက်များ တိုးချဲ့ရေး စီမံကိန်းများကို အားပေးလုပ်ဆောင်နေသည့် သတင်းများထွက်ပေါ်လာခြင်းက အနာဂတ်အတွက် အားတက်စရာများ ဖြစ်ပါသည်။

 

စာအုပ်စာပေ ဖတ်ရှုခြင်းဟူသည် ပြည်သူတို့၏ စဉ်းစားဆင်ခြင်ဉာဏ်၊ တွေးခေါ်မြော်မြင်နိုင်မှုတို့ကို အားကောင်းစေပြီး ဗဟု သုတ အကြားအမြင ်များပြားခြင်းဖြင့် လောကအမြင်ကျယ်ကာ အမှား အမှန်ကို ခွဲခြားဆန်းစစ်နိုင်မှု ထက်မြက်စေမည် ဖြစ်ပါသည်။ ထို့ပြင် ရသစာပေများကို ဖတ်ရှုခြင်းဖြင့်  အနုပညာခံစား နိုင်မှုနှင့်အတူ နူးညံ့သိမ်မွေ့ ယဉ်ကျေးလာမည်ဟု ယုံကြည်ပါ သည်။

 

နိုင်ငံသားများ ဤကဲ့သို့ စဉ်းစားဆင်ခြင်ဉာဏ်၊ တွေးခေါ် မြော်မြင်မှု၊ အမှားအမှန်ကို ခွဲခြားဆန်းစစ်နိုင်မှု၊ ဗဟုသုတ အကြားအမြင်များပြား အမြင်ကျယ်မှု၊ နူးညံ့သိမ်မွေ့ ယဉ်ကျေးမှုတို့ဖြင့်သာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေး စသည်တို့ကို တည်ဆောက်ရာတွင် ကြီးစွာသော အထောက်အကူ ဖြစ်မည်ဟု ယူဆပါကြောင်း တင်ပြလိုက်ရပါသည်။

 

မြန်မာ့အလင်း