စာကြည့်တိုက်နဲ့ နိုင်ငံ့အရေး

mdn

နေပြည်တော် ၂၇ ဖေဖော်ဝါရီ

“စာကြည့်တိုက်များကို ငွေကြေးထောက်ပံ့ရခြင်းသည် နိုင်ငံတော်ဘဏ္ဍာရေးတွင် ဝန်ထုပ်ဝန်ပိုး ကြီးတစ်ခုဖြစ်သည်မှာ မှန်ပါ၏။ သို့သော်စာကြည့်တိုက်လုပ်ငန်းမှ ပြန်လည်ရရှိသည့် အကျိုးရလဒ်မှာ ဘဏ္ဍာရေး ကုန်ကျမှု ဝန်ထုပ်ဝန်ပိုးထက် သာလွန်ထိုက်တန်သည့် အကျိုးအမြတ်များသာဖြစ်သည်။ ... စာကြည့်တိုက်လုပ်ငန်းက နိုင်ငံအတွက်ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ ပိုမိုကောင်းမွန်သည့် နိုင်ငံသား၊ ပိုမိုကောင်းမွန်သည့် လူ့အဖွဲ့အစည်း အကျိုးရလဒ်များ ပြန်လည်ဆောင်ကြဉ်းလာမည်သာ ဖြစ်သည်။”

အထက်ပါစာများမှာ ဆရာဇော်ဂျီ၏ မိန့်ဆိုချက်ဖြစ်ပါသည်။ ပညာကြီးသော ဉာဏ်အမြော်အမြင်ကြီးသော မြန်မာကဝိတစ်ဦး၏ စကား ဖြစ်ပါသည်။

စာအုပ်စာပေဆိုသည်မှာ အသိဉာဏ်ပညာတို့ စုဝေးကိန်းအောင်းရာ ဟု အဆိုရှိပါသည်။ ဤသို့ဆိုလျှင် စာကြည့်တိုက်ဟူသည်ကား အသိဉာဏ်ပညာများ သိုမှီးထားရာ ဘဏ်တိုက်ကြီးများဟု ဆိုရပါမည်။ အသိဉာဏ်ပညာ ရတနာသိုက်ကြီး များပါပေ။

ထို အသိဉာဏ်ပညာရတနာသိုက်ကြီးတို့သည်ကား အမြော်အမြင်ကြီးသူတို့က မတည်ထူထောင်ထားကြလေ့ ရှိပါသည်။ တန်ဖိုးနားလည်သူတို့က ဖွံ့ထွားစည်ကားအောင် ပျိုးထောင်ခြင်းဖြင့် နိုင်ငံတော်က အားကိုး အားထားပြုရသော နိုင်ငံ့ဝန်ဆောင်ကြီးများ၊ နိုင်ငံ့သားကောင်း ကြီးများကို ရရှိနိုင်မည် မဟုတ်ပါလော။

မြန်မာနိုင်ငံက သမိုင်းကိုလှန်သော် ပုဂံခေတ်မှာကတည်းက ပိဋကတ်တိုက်ဟူ၍ ရှိခဲ့သည်မှာ မည်မျှလောက် ဂုဏ်ယူဖွယ်ကောင်းလှပါသနည်း။ မြန်မာလူမျိုးများက စာပေနှင့် ဝေးကြသူများမဟုတ်။ စာတစ်လုံး ဘုရားတစ်ဆူသဘောထားဖြင့် စာပေကို မြတ်နိုးကိုးစားကြသူများသာ။ မည်မျှလောက် ဆင်းရဲသော မိဘများ ပင်ဖြစ်စေ သားသမီးများကို စာတတ်စေချင်စိတ်ရှိသည့် လူမျိုးများဖြစ်ပါသည်။ ဝေးလံသီခေါင်သော ကျေးလက်ဒေသများမှာဖြစ်စေ ဘုန်းကြီးကျောင်းများတွင် ရတနာ ရွှေချိုင့်ကအစ၊ နောဧကနောကအစ အခြေခံ အရေးအဖတ်အတွက် တို့ကိုသင်အံကျက်မှတ်လေ့ရှိသည်က များ၏။

တစ်နည်းအားဖြင့် စာသင်ကြား၏။ ပညာကို တန်ဖိုးထားကြ သိကြ၏။ အကြောင်းအမျိုးမျိုးကြောင့် စာပေ မသင်ကြားနိုင်ဘူးဆိုလျှင်ပင် စာပေသင်ကြားတတ်မြောက်ခြင်းကို အလေးအနက်ပြုကြ၊ တန်ဖိုးထား ကြ၏။

သည်လို တန်ဖိုးထားမြတ်နိုးရသော အသိဉာဏ်ပညာတိုးမြင့်ရန်အလို့ငှာ အရေးပါလှသော စာတတ် စာဖတ်ခြင်းတို့အတွက် အကောင်းဆုံးသော ရေမြေဝန်းကျင်သည်ကား စာကြည့်တိုက်များပင် ဖြစ်ပါသည်။ အတော်အသင့် တိုးတက်ဖွံ့ဖြိုးခဲ့သော မြန်မာနိုင်ငံတစ်ဝန်းတွင် တစ်ခေတ်တစ်ခါက အလွန်အားကောင်းခဲ့သော အမျိုးသားစာကြည့်တိုက်များ၊ ပြည်သူ့စာကြည့်တိုက်များ၊ ဒေသအလိုက်၊ ကျေးရွာမြို့နယ်အလိုက် ဖွင့်လှစ်ထားကြသည့် စာကြည့်တိုက်များ၊ စာပေဝါသနာရှင်များ စုဆောင်း ပြုစုထားကြသည့် ကိုယ်ပိုင် စာကြည့်တိုက်များ စသည်ဖြင့် စည်စည်ဝေဝေ ရှိခဲ့ဖူးပါ၏။

ဆင်းရဲခြင်း၊ နောက်တန်းကျနေခြင်း စသည့် အမှောင်တိုက်အတွင်းက လွတ်မြောက်နိုင်ရေး အလင်းရောင်က စာပေအသိဉာဏ်ပညာ တိုးမြင့်ခြင်းဟုဆိုလျှင် စာကြည့်တိုက်များက နေမင်းလမင်းကြီးများသာ ဖြစ်ချေသည်။ ထို့ကြောင့်ပင် နိုင်ငံတကာတွင် အမျိုးသား စာကြည့်တိုက်ကြီးများကိုနိုင်ငံတော်က ငွေကြေးထောက်ပံ့၏။ ကူညီအားပေး၏။ ပြည်သူ့စာကြည့်တိုက်များကို အားပေးဖော်ထုတ်ကြ၏။ ငွေကြေးနှင့်သာမက အခြားအခြား တတ်နိုင်သမျှသော လိုအပ်ချက်များကို အစိုးရကရော၊ လူထုအစိတ်အပိုင်းများကရော အားတက်သရော ဝိုင်းကြဝန်းကြ၏။

ကမ္ဘာပေါ်တွင် တိုးတက်ထွန်းကားနေသော နိုင်ငံများ၏ စာကြည့်တိုက်များကို စာရင်းပြုစု လေ့လာ ကြည့်လျှင်ဖြစ်စေ၊ မတိုးတက် မထွန်းကားနိုင်ဖြစ်နေကြသော နိုင်ငံများ၏ စာကြည့်တိုက်များနှင့် နှိုင်းယှဉ်ဆန်းစစ်ကြည့်လျှင်ဖြစ်စေ နားလည်နိုင်လောက်ပါ၏။

စာပေအသိဉာဏ်ပညာ၏ အရေးပါပုံကို မည်မျှလောက် သိရှိနားလည်မှုရှိသနည်း၊ ပြည်သူ့ စာကြည့်တိုက်များကို မည်သို့အားပေး ထောက်ပံ့သနည်းဟူသည်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့ကြိုးပမ်းအားထုတ်နေသည်ဆိုခြင်းကို တစ်စိတ်တစ်ပိုင်းအားဖြင့် ထင်ဟပ်နေလိမ့်မည်ဟု ယုံကြည်နေမိပါကြောင်း။

မြန်မာ့အလင်း