စာကြည့်တိုက်ဆိုသည်မှာ ပျော်ရွှင်နှစ်လိုဖွယ်နေရာ

၆ မေ

 

စာဖတ်ခြင်းသည် ကလေးတစ်ယောက်၏ဘဝတွင် လေ့လာစရာများကို လေ့လာပြီး အောင်မြင်မှုရရန်အတွက် အခြေခံအကျဆုံး အရည်အသွေးများကို ပေးစွမ်းနိုင်ပါကြောင်း၊ စာဖတ်သည့် အလေ့အထကို ကလေးများရရှိရန် ငယ်ရွယ်စဉ် ကတည်းကစပြီး လေ့ကျင့်ပျိုးထောင် ပေးသင့်ပါကြောင်း၊ ထို့ကြောင့် မြန်မာ့လူ့ဘောင် အသိုင်းအဝိုင်းအတွင်း ကျောင်းစာကြည့်တိုက်များ တိုးပွားလာရေးနှင့် စာကြည့်တိုက် အသုံးပြုတတ်ကြစေရေး လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံ၏ စာတတ်မြောက်သည့်နှုန်းမှာ ၉၂ ဒသမ ၇ ရာခိုင်နှုန်းရှိရာ စာတတ်မြောက်မှုနှုန်း မြင့်မားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ သို့ရာတွင် စာတတ်မြောက်သူတိုင်းက စာဖတ်ကြပါရဲ့လားဟူသည့် မေးခွန်းအတွက်မှာမူ ဆန်းစစ်ဖွယ်ရာတို့ ရှိနေသည်။ ယနေ့ မြန်မာနိုင်ငံ၏ လူဦးရေသန်း ၅၀ ကျော်အတွက် ဈေးကွက်တင် ရောင်းချနေရသည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာအုပ်စာစောင်များ၏ စောင်ရေ၊ အုပ်ရေတို့မှာ စာဖတ်နိုင်သည့် လူဦးရေနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေကြောင်း လေ့လာသူတို့က မကြာခဏ ထောက်ပြလေ့ရှိသည်။ စာတတ်ကြသော်လည်း စာမဖတ်ကြသည့် အကြောင်းရင်းကို ရှာဖွေစေ့ငုကြည့်ပါက အလုပ်မအားလို့၊ အချိန်မပေးနိုင်လို့၊ စာအုပ်စာစောင်များ ဈေးကြီးလို့၊ စာဖတ်ဝါသနာမပါလို့၊ ကျန်းမာရေးမကောင်းလို့ စသည်ဖြင့် ပြန်လည်ဖြေကြားကြသည်ကို ကြားရမည်ဖြစ်သည်။ အဓိက အကျဆုံးအချက်များမှာ မူစာဖတ်ခြင်းကြောင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများအပေါ် လေးနက်မှုမရှိခြင်း၊ စာဖတ်သည့် အလေ့အထ နည်းခဲ့ခြင်းကြောင့် စာဖတ်လိုသည့် အထုံဝါသနာ လျော့နည်းနေခြင်း၊ စာဖတ်လိုသော်လည်း စာအုပ်စာပေနှင့် အလှမ်းဝေးနေခြင်းတို့ကြောင့် ဖြစ်သည်ဟု ရှုမြင်မိသည်။

 

စာဖတ်သူသည် မဖတ်သူများထက် ခေါင်းတစ်လုံးပိုမြင့်သူ ဖြစ်သည်။ အသိသုတ မိုးကုပ်စက်ဝိုင်းပို၍ ကျယ်ပြန့်သူ ဖြစ်သည်။ ကိုယ်ရည်ကိုယ်သွေး ပို၍မြင့်မားသူဖြစ်သည်။ နှုတ်မှုရေးရာတွင် ပို၍ ကျွမ်းကျင်လိမ္မာသူ ဖြစ်သည်။ တစ်ခုချင်းသော အကြောင်းရပ်တို့ကို ဆောင်ရွက်ရာ၌ ဆိုင်ရာဆိုင်ရာ ကျွမ်းကျင်သူတို့ သိနားလည်တတ်၊ ခန့်ခွဲတတ်ကြသည် မှန်သော်လည်း အထွေထွေ နှီးနှောတိုင်ပင်မှု၊ အရေးကိစ္စ ကြီးငယ်တို့အတွက် စီမံကြံဆမှု ပြုရမည့်အခါတို့တွင် စာပေနှံ့စပ်သူတို့ထံမှသာ အကောင်းဆုံး အကြံဉာဏ်များ ထွက်လာတတ်သည်ဟု မှတ်သားရဖူးသည်။

 

သို့ဖြစ်သည့်အလျောက် စာဖတ်သည့် အလေ့အထကို ကလေးဘဝကတည်းက လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် ကျောင်းစာကြည့်တိုက်များ တိုးပွားလာရေး၊ စာကြည့်တိုက်ကို ကောင်းစွာ အသုံးပြုတတ်ကြစေရေးတို့သည် အနာဂတ်ကာလ မိမိတို့နိုင်ငံသူ နိုင်ငံသားများကို အရည်အသွေး ကောင်းမွန်မြင့်မားစေရေးအတွက် အမှန်တကယ် ဆောင်ရွက်ကြရမည့် အမျိုးသားရေးလုပ်ငန်းများဟုပင် ဆိုချင်ပါသည်။

 

လက်ရှိကာလတွင် နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံ၌ စာကြည့်တိုက်ယဉ်ကျေးမှု ပြန်လည်ထွန်းကားလာစေရေး ကြိုးစားဆောင်ရွက်နေသည်။ စာကြည့်တိုက်များ ပြောင်းလဲတိုးတက်လာစေရေး စာကြည့်တိုက်မှူးများ၏ စိတ်အားထက်သန်မှုများ မြင့်မားလာနေသည်။ စာကြည့်တိုက်များသည် သတင်းအချက်အလက် ရယူရေးနည်းပညာ တတ်ကျွမ်းစေမည့် အစီအစဉ်များကို ပူးတွဲလုပ်ဆောင်ပေးခြင်းမှတစ်ဆင့် လူထု၏ ဘဝတစ်သက်တာ ပညာရှာမှီးသည့် နေရာများအဖြစ် အသုံးချလာစေရန် အားထည့်ကြိုးပမ်း ဆောင်ရွက်နေသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က (၁၇) ကြိမ်မြောက် အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများ ညီလာခံဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားရာတွင် သတင်းစကား ပါးခဲ့ပါသည်။

 

စာကြည့်တိုက်ဆိုသည်မှာ ပျော်ရွှင်နှစ်လိုဖွယ်နေရာ၊ ထူးဆန်းအံ့ဩဖွယ်ကောင်းသည့် ဝန်းကျင်ဟု ဖွင့်ဆိုခဲ့ပြီး စာဖတ်ခြင်းကြောင့် တွေးခေါ်မြော်မြင်မှုများ၊ မျှော်လင့်ချက်များနှင့် စိတ်ကူးများကို ပိုမိုအားကောင်း လာနိုင်စေကြောင်းလည်း ညွှန်းဆိုခဲ့ရာ အနာဂတ်၏ မျိုးဆက်ကျောင်းသူ ကျောင်းသားလူငယ်များ၊ ဘဝတစ်သက်တာ ပညာရှာမှီးလိုသူများအားလုံး ကျောင်းစာကြည့်တိုက်များ၊ ပြည်သူ့စာကြည့်တိုက်များဆီ အရောက်သွား၍ စာဖတ်ခြင်းဖြင့် ပညာပြည့်ဝ နှလုံးလှကြပါစေကြောင်း။    ။

 

(မြန်မာ့အလင်း)