စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း ထုတ်ပြန်ကြေညာ ဈေးကစားပါက အရေးယူမည်

 

နေပြည်တော်၊ မေ ၂၂

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ် ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

 

ယခုအပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံမှ စားအုံးဆီ ပြည်ပတင်ပို့ခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီး ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် စားအုန်းဆီဈေးနှုန်းများ ယခင်အပတ်ထက် ကျဆင်းလာခဲ့ပါသည်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် FOB ဈေးနှုန်းများအပေါ် အခြေခံ၍ တွက်ချက်မှုအရ  မေ ၂၃ ရက်မှ မေလ ၂၉ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၅၀၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

 

ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

အဆိုပါ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာ ဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Pageနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်