ဗုဒ္ဓဘာသာကလျာဏယု၀အသင်း(YMBA) ၏ နှစ်ပတ်လည်အခမ်းအနားကျင်းပ

ရန်ကုန်၊ မေ ၁၂


ဗုဒ္ဓဘာသာကလျာဏယု၀အသင်းYMBA၏ (၁၁၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော်ကုန်းမြေရှိ ဗုဒ္ဓကလျာဏယု၀အသင်း YMBA (ဗဟို) ရုံးခန်းမ၌ကျင်းပသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မော်ကျွန်းဆရာတော် တိပိဋကဓမ္မဘဏ္ဍာဂါရိက ဒေါက်တာဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်ကြီးများထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြသည်။

ထိုနောက် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းYMBA ပြည်နယ်/တိုင်းဒေသကြီးဥက္ကဋ္ဌများ ညှိနှိုင်းရေးမှူး ဦးပြည်စိုးဟန် က အသင်းကြီး၏ ဆောင်ရွက်ချက်များကို လျှောက်ထားပြီး ဗုဒ္ဓဘာသာ ကလျာဏယု၀အသင်း YMBA (ဗဟို) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် ဇနီး ၊ တာ၀န်ရှိသူများက အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်များအား န၀ကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် YMBA အသင်းနှင့် ဆရာတော်ကြီးများအတွက် ဓမ္မသံတော်ဆင့် စာပေထုတ်ဝေသူ ဦးကျော်စွာ၀င်း မိသားစုက ဓမ္မသံတော်ဆင့် စာစောင်ပေါင်းချုပ်များ၊ သာသနာ၀င်စာအုပ်များနှင့် သုတ/ ရသ စာအုပ်များကို လှူဒါန်းသည်။

ဆက်လက်၍ တက်ရောက်လာကြသည့်ဧည့်ပရိတ်သတ်များက မော်ကျွန်းဆရာတော် ဒေါက်တာဘဒ္ဒန္တ သီလက္ခန္ဓာ ထံမှ သြဝါဒကထာနှင့် အနုမောဒနာတရားနာကြားပြီး ဗုဒ္ဓသာသနံစိရတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုတ်သိမ်းလိုက်သည်။

၁၉၀၆ခုနှစ်တွင် စတည်တည်ထောင်ခဲ့သော ဗုဒ္ဓဘာသာကလျာဏယု၀အသင်း YMBA သည် ယခု ၂၀၂၄ ခုနှစ်တွင် ၁၁၈ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

သတင်းစဥ်