ဗုဒ္ဓအကြောင်းသိကောင်းစရာမှတ်တမ်း

ဆရာကြည်

(၇-၁၁-၂၀၂၂ ရက်နေ့မှအဆက်)

မင်းကြီးက ဘုရားရှင်အား ဤသိက္ခာပုဒ်ကို ပြထားပြီးပြီဖြစ်သောကြောင့် မသင့်တော်ကြောင်း ပြောကြားလျှောက်ထားလေသည်။ ထိုအခါ ဘုရားရှင်က မင်းကြီးဤသိက္ခာပုဒ်သည် သူ့အတွက်မဟုတ် သာဝကတပည့်များအတွက်သာဖြစ်၍ မည်သို့မျှမဖြစ်ကြောင်း ဘုရားရှင်က မိန့်မြွက်ပါသည်။ မင်းကြီးက ဤသိက္ခာပုဒ်ကို ဘုရားရှင်ကမျှ မလိုက်နာဘဲ သူ့တပည့်များသာ လိုက်နာမည်ဆိုသော် သင့်တော်ပါမည်လားဟု ပြန်လျှောက်ထားလေသည်။ ထိုအခါဘုရားရှင်က မင်းကြီးအား သင့် ဥယျာဉ်မှသရက်သီးတို့ကို ခွင့်ပြုချက်မပါဘဲ ခူးယူဆွတ်စားသူတို့အား မည်သို့အပြစ်ပေး၍ ပြစ်ဒဏ် ချမည်နည်းဟူ၍မေးသည်။ မင်းကြီးကလည်း ဤအပြစ်ရှိသူတို့အား မင်းပြစ်ဒဏ်ပေးပါမည်ဟု ပြန်လျှောက်သည်။ မင်းကြီးကိုယ်တိုင် ဤသရက်ပင် မှအသီးများခူးစားသော် အဘယ်သို့ပြစ်ဒဏ်ပေးမည် နည်းဟုမေးသော် မင်းကြီးက သူသည်ပိုင်ရှင်ဖြစ်၍ ဒဏ်ခတ်ရန်မလိုပါဟု လျှောက်ထားပါသည်။ ထို့အတူ ဘုရားရှင်က ဤသိက္ခာပုဒ်သည် ကာလ၊ သမယ တို့သိ၍ ပညတ်သည်၊ တပည့်သာဝကတို့နှင့် သာဆိုင်၍ သူနှင့် မည်သို့မျှမဆိုင်သောကြောင့် သူတန်ခိုးပြသော် အပြစ်မရှိကြောင်း မိန့်မြွက်လေသည်။ 

မင်းကြီးက ဘုရားရှင်အား ဘယ်အခါ ဘယ်နေရာတွင် တန်ခိုးတော်ကို ပြမည်နည်းဟု မေးလျှောက်ပါသည်။ ဘုရားရှင်က ယနေ့ (တပေါင်းလပြည့်)မှ လေးလလွန်သောအခါ ဝါဆို လပြည့်နေ့ (ရှေ့ဘုရားရှင်များနည်းတူ) သာဝတ္ထိပြည် “ကဏ္ဍမ္ဗ” သရက်ပင်အနီးတွင် တန်ခိုးပြာဋိဟာ ပြမည်ဖြစ်ကြောင်း မိန့်ကြားလေသည်။ ထိုစကားတို့ကြောင့် မင်းကြီးသည် ဝမ်းမြောက်စွာဖြင့် နန်းတော်သို့ ပြန်လေသည်။ 

ထိုစကားကို တိတ္ထိတို့ ကြားသောအခါ ၎င်းတို့သည် ရဟန်းဂေါတမနောက်သို့ ထက်ကြပ်မကွာ လိုက်ကြမည်။ ဤသည်ကို လူတို့မေးသော် တန်ခိုးပြိုင်အံ့ပြောမည်။ ရဟန်းဂေါတမသည် ကြောက်၍ပြေးသည်ဟုစွပ်စွဲ၍ သူ့နောက်ထက်ကြပ်မကွာ မျက်ခြည်မပြတ်ဘဲလိုက်ကြမည်ဟု ဆိုအံ့ဟု ပြောဆိုသည်။ ဤသို့ပြောဆိုသော် သူတို့အား လာဘ် ပူဇော်သက္ကာပြုပေအံ့ဟု စုဝေးတိုင်ပင်ကြကုန်သည်။ 

ဘုရားရှင်သည် တန်ခိုးပြရန် သာဝတ္ထိပြည်သို့ ကြွတော်မူခြင်း

ဘုရားရှင်သည် (သက္ကရာဇ် ၁၀၈ ခု) တပေါင်း လပြည့်နေ့တွင် ကိုယ်တော်တိုင်တန်ခိုးပြာဋိဟာ ပြတော်မူမည်ဖြစ်ကြောင်း မိန့်ကြားလေသည်။ ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်ထဲသို့ ဆွမ်းခံဝင်ပြီး ဆွမ်းကိစ္စပြီးသောအခါ၌ လေးဆယ့်ငါးယူဇနာဝေးသော သာဝတ္ထိပြည်သို့ ရဟန်းအပေါင်းခြံရံလျက် ဒေသစာရီ ကြွမြန်းတော်မူလေသည်။ 

တိတ္ထိတို့သည် ဘုရားရှင်နောက်မှ လိုက်လာကြလေသည်။ ဘုရားရှင် ဆွမ်းကိစ္စပြုသောနေရာ၌ ၎င်းတို့ကလည်း ဆွမ်းကိစ္စပြုကြပါသည်။ ဘုရားရှင် ခရီးဆက်လျှင် သူတို့လည်း ဆက်ကြပါသည်။ ဘုရားရှင် ညအိပ်ကျိန်းသောအခါ၌လည်း သူတို့လည်း ညအိပ်စက်ကြ၍ နံနက်စောစောဘုရားနှင့် အတူတကွ ခရီးထွက်ကြလေသည်။ 

ခရီးအကြား၌ လူအပေါင်းက တိတ္ထိတို့အား မည်သည့်အတွက် ဘုရားရှင်နောက်သို့ လိုက်နေကြသလဲမေးသော် သူတို့ရှေးယခင်က ကြံစည်သည့်အတိုင်း ဟန်ဆောင်ပြောကြလေသည်။ လူများက တန်ခိုးပြာဋိဟာပြပွဲသို့ကြည့်ရန် လိုက်လာကြ ကုန်သည်။ 

တိတ္ထိတို့သည် သာဝတ္ထိပြည်သို့ ရောက်သောအခါ သူတို့၏တပည့်တို့အား နှိုးဆော်ဟောပြော၍ ငွေတစ်သိန်းမျှရကြသဖြင့် ရှားတိုင်များကို ကျွမ်းကျင်သော လက်သမားများဖြင့် ကြီးကျယ်ခမ်းနားစွာ မဏ္ဍပ်ဆောက်ကြပါသည်။ ၎င်းတို့သည် ဤမဏ္ဍပ်တို့၌ တန်ခိုးပြာဋိဟာပြမည်ပြု၍ မီးပုံး၊ မီးပန်းများထွန်းညှိကာ အရပ်အနှံ့ကြွားဝါသတင်း လွှင့်ကာနေကြလေသည်။ 

ထိုအကြောင်းကို ပသေနဒီကောသလမင်းကြီး ကြားသိလေသော် ဘုရားရှင်အား တိတ္ထိတို့သည် တန်ခိုးပြာဋိဟာပြရန် မဏ္ဍပ်များဆောက်လုပ်ပြီး ကြလေပြီ။ သူတို့ကလည်း ဘုရားရှင်အား မဏ္ဍပ်များ ဆောက်လုပ်ပေးမည်ဟု လျှောက်ထားပါသည်။ ဘုရားရှင်က သိကြားမင်းဆောက်လုပ်ပေးမည်ဖြစ်၍ မင်းကြီးမဆောက်ပေးရန် မိန့်ကြားလေသည်။ မင်းကြီးသည် ဘုရားရှင်အား မည်သည့်အခါ၊ မည်သည့်အရပ်မှာ တန်ခိုးပြာဋိဟာပြမည်ကို မေးလျှောက်လေသည်။ ဘုရားရှင်က ဝါဆိုလပြည့်နေ့တွင် ကဏ္ဍမ္ဗသရက်ဖြူဥယျာဉ်၌ တန်ခိုးပြာဋိဟာ ပြမည်ဖြစ်ကြောင်း မိန့်ကြားပါသည်။ မင်းကြီးသည် အပြည်ပြည်သို့စာဖြင့်ပို့ကာ စေလွှတ်၍ သဝဏ်လွှာတို့ဖြင့် အကြောင်းကြားလေသည်။
 
တိတ္ထိတို့သည် သရက်ဖြူဥယျာဉ်၌ ဘုရားရှင် တန်ခိုးပြမည်သိသောအခါ ၎င်းတို့သည် သာဝတ္ထိ ပြည်ထက်ဝန်းကျင် တစ်ယူဇနာအတွင်း၌ အလုပ်အကျွေးတို့ကိုခေါ်၍ သရက်ပင်ရှိသမျှကို ဝယ်ပြီး ခုတ်လှဲကြလေသည်။
 
မိဂါရသူဌေးနှင့် ဝိသာခါတို့အကြောင်း

သာဝတ္ထိပြည်၌ မိဂါရမည်သော သူဌေးတစ်ဦး ရှိသည်။ ၎င်းသည် သူ၏အရွယ်ရောက်သော သား “ပုညဝမုန”အမည်ရှိ သားအတွက် ချွေးမလောင်း ရှာဖွေလေသည်။ ထိုသို့ဖြင့် ပုဏ္ဏားရှစ်ယောက်အား ကောင်းခြင်းငါးဖြာနှင့် ပြည့်စုံသောသတို့သမီး တွေ့ရှိပါကပေးရန်အတွက် ရွှေပန်းကုံးလည်း ပေးလိုက်လေသည်။ 

ပုဏ္ဏားရှစ်ယောက်လည်း သူဌေးစေလွှတ် ခိုင်းစေသည့်အတိုင်း သတို့သမီးရှာရန် သွားကြလေ သည်။ ထိုသို့သွားခြင်းဖြင့် သာကေတမြို့သို့ ရောက်သောအခါ ကောင်းခြင်းငါးဖြာနှင့် ပြည့်စုံ သောသတို့သမီးကို တွေ့လေသည်။ ၎င်းတို့ ရှစ်ယောက်သည် သူဌေးမှာသည့်အတိုင်း ရွှေပန်းကုံးကို ပေးခဲ့လေသည်။ ၎င်းမှာ “ဝိသာခါ” မည်သောအမျိုးသမီးဖြစ်ပါသည်။ ဝိသာခါနှင့် သူ၏ ဖခင်သူဌေး ဓနဉ္စယ (မေဏ္ဍကသူဌေးကြီးသား)တို့သည် ၎င်းပုဏ္ဏားရှစ်ယောက်အား သဘောတူလက်ခံကြောင်း ပြောလိုက်လေသည်။ ၎င်းတို့လည်း မိဂါရသူဌေးထံသို့ ပြန်သွားပြီး အကျိုးအကြောင်း ပြောလေသည်။ ၎င်းသည် အလွန်ဝမ်းမြောက် ဝမ်းသာဖြစ်သွားလေသည်။ ထို့ကြောင့် မိဂါရသူဌေးကြီးသည် ဝိသာခါသတို့သမီးအား ကြီးကျယ်ခမ်းနားစွာဖြင့် သွားကြိုရန် ကောသလမင်းကြီးအား ခွင့်ပန်လေသည်။ 

မင်းကြီးသည် ၎င်းတို့နှင့်အတူ လိုက်ပါရန် သဘောတူပြီး သူဌေးမိဂါရနှင့်အတူ လိုက်ပါ သွားသည်။ မင်းပရိသတ်၊ သူဌေးပရိသတ်နှင့်အတူ သာကေတမြို့သို့ သွားကြလေသည်။ ဓနဉ္စယ သူဌေးကလည်း ထိုမျှကြီးကျယ်လှစွာသော ဧည့်ပရိသတ်တို့အား ဧည့်ခံပြုစုလုပ်ကျွေး၍ မင်္ဂလာပွဲကျင်းပရန် ပြင်ဆင်ထားလေသည်။ ၎င်းနေ့၌ ဓနဉ္စယသူဌေးသည် ရွှေပန်းထိမ်ဆရာ ငါးရာကိုခေါ်၍ ရွှေစင်နိက္ခတစ်ထောင်နှင့်တကွ ငွေ၊ ပတ္တမြား၊ ပုလဲ၊ သန္တာ၊ ဝဇီရာစိန်ကျောက်စသည် တို့ကိုပေးအပ်၍ “မဟာလတာ” မည်သော တန်ဆာကြီးကို ပြုလုပ်စေပါသည်။ ထိုတန်ဆာကြီးပြီးရန် အတွက် လေးလကြာမျှလုပ်ရသည်။ ထိုကာလပတ်လုံး မင်းပရိသတ်နှင့် သူဌေးပရိသတ်အပေါင်းတို့ အား ဧည့်ခံကျွေးမွေးထားလေသည်။ “မဟာလတာ” တန်ဆာကြီးသည် ရွှေစင်နိက္ခတစ်ထောင်နှင့်တကွ ရတနာခုနစ်ပါးတို့ဖြင့် ပြည့်နှက်စီမံပြုလုပ်ထားသဖြင့် ကိုးကုဋေတန်ပြီး လက်ခငွေတစ်သိန်း ကုန်ကျသည်။ ၎င်းတန်ဆာကို ဦးခေါင်းမှ စွတ်ချ လိုက်လျှင် ခြေဖမိုးထိရောက်လေသည်။ မှတ်ချက်။ ဝိသာခါသည် ကဿပဘုရားလက်ထက်က ရဟန်းနှစ်သောင်းတို့အား သင်္ကန်းအဝတ်တို့အား လှူဒါန်း ခဲ့ခြင်း ကုသိုလ်ကောင်းမှုကြောင့် ဤတန်ဆာကြီးကို ဆင်မြန်းရခြင်း ဖြစ်ပါသည်။ 

ဝိသာခါ၏ ဖခင်သူဌေးကြီးသည် တစ်သက်လုံး သုံးဆောင်နိုင်ရန် လက်ဖွဲ့ပစ္စည်းများအပြင် ရွှေငွေပစ္စည်းများ၊ ကျေးကျွန်များ၊ အသုံးအဆောင်ပစ္စည်းများ တင်ဆောင်ထားသည့် လှည်းများစွာတို့ကို ပေးလိုက်သည်။ သမီးကို သူကိုယ်တိုင် ဆုံးမ သွန်သင်မပေးနိုင်သည့်အတွက် သူကြွယ်ပညာရှိ ရှစ်ဦးကိုလည်း ထည့်ပေးလိုက်သည်။ ဝိသာခါအား သူ၏ဖခင်သူဌေးက ထိုတန်ဆာကြီးကို ဆင်မြန်းပြီး ကောသလမင်းကြီးနှင့် မိဂါရသူဌေးတို့အား လိုက်ပို့လေသည်။ 

သူဌေးမိဂါရသည် မိစ္ဆာအယူ ယူသောသူ ဖြစ်သောကြောင့် သာဝတ္ထိပြည်သို့ ရောက်သောအခါ လက်ထပ်မင်္ဂလာပွဲများပြုလုပ်၍ သူ၏အဝတ် မဝတ်သည့် “အစေလက” တက္ကတွန်းတို့အား အိမ်သို့ ပင့်ဖိတ်ဆွမ်းကပ်လေသည်။ 

သူဌေးကြီးသည် သူ့ချွေးမ “ဝိသာခါ” အား သူကိုးကွယ်သည့် ဒိဋ္ဌိတို့ကို “ရဟန္တာ” ဟူ၍ ထင်ပြီး “ရဟန္တာများအား လာဖူးရန်ပြောလေသည်။ ဝိသာခါကလည်း တကယ့်ရဟန္တာအောက်မေ့ကာ ဝမ်းမြောက်ရွှင်လန်းစွာဖြင့် ဖူးရန်သွားသည်။ တက္ကတွန်းများကို ဝိသာခါတွေ့သောအခါ သူမသည် သောတာပန်ဖြစ်သောကြောင့် “ထွီ, ထွီ” ဟု ရွံရှာစွာ ဖြင့်ပြန်လာခဲ့သည်။ ယင်းအဖြစ်ကိုမြင်သော ယောက္ခမသူဌေးကြီးသည် ဒေါသဖြစ်လျက် သည်းခံ နေရလေသည်။ ၎င်းတက္ကတွန်းများ ပြန်ကြွသွားသောအခါ သူဌေးကြီးသည် နို့ဃနာကို စားသုံးနေသည်။ ဝိသာခါမှာလည်း ၎င်းအနားတွင် ယပ်ခတ်၍ နေလေသည်။ ထိုအချိန်တွင် မထေရ်တစ်ပါး ဆွမ်းခံရပ်လေသည်။ သူဌေးကြီးသည် မမြင်ဟန်၊ မသိဟန်ဆောင်နေလေသည်။ 

(ဆက်လက်ဖော်ပြပါမည်)