ဗုဒ္ဓအကြောင်းသိကောင်းစရာမှတ်တမ်း

ဆရာကြည်

 

(၂၀-၃-၂၀၂၃ ရက်နေ့မှအဆက်)

 

ထို့နောက်  သူတို့နှင့်ပါလာသော သားသမီးတို့အား ဤဘုရားမြတ်အား သင်တို့၏ မောင်ဘွား၊ သားကြီးတို့အား သင်တို့၏ညီဘွား၊ သားငယ်တို့အား အစ်ကိုတည်းဟူ၍ ညွှန်ပြပြီး ရင်းနှီးစွာ ဆက်ဆံ ကန်တော့ဖူးမြော်ကြသည်။ ဘုရားရှင်ကိုလည်း သူတို့သားသဖွယ်၊ သူတို့က မိဘသဖွယ်ဖြင့် မနက်ဖြန် ဆွမ်းဘုဉ်းပေးရန် ကြွတော်မူရန် လျှောက်ထားကြသည်။ ယင်းသို့ လျှောက်ထားချက်ကို ဘုရားရှင်က မည်သို့မျှ ပြန်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်နေတော် မူသည်။

 

ထိုအခါ၌ ရဟန်းတို့သည် ဤသို့တွေးတောကြသည်။ သူတို့၏ ဘုရားရှင်သည် သာကီနွယ်မျိုး ဖြစ်သည်။ ဘုရားရှင်သည် သုဒ္ဓေါဒနမင်းကြီးနှင့် မယ်တော်မဟာဒေဝီတို့က မွေးဖွားသော သားဖြစ် ကြောင်း တစ်လောကလုံးသိကြသည်။ ထိုလင်မယား ပြောသည်ကို ဘုရားရှင်က ဆိတ်ဆိတ်နေပြီး လက်ခံနေသည်။ စဉ်းစား၍ ပြောဆိုကြလေသည်။ မည်သို့ဖြစ်မည်ကို စဉ်းစားတွေးတော၍ ပြောကြ ကုန်သည်။

 

ဘုရားရှင်သည် ရဟန်းတို့ ပြောဆိုနေသည်ကို ကြားတော်မူလျှင် ဣန္ဒြေဖြင့် နေတော်မူလျက် ရှေးဘဝအတိတ်အကြောင်းဖြစ်သော ဤနကုလ ပိတာသည် ဘဝများတွင် ဖခင်ဖြစ်ဖူးသည်။ ဘဝများစွာမှ ဘထွေးဖြစ်ခဲ့ဖူးသည်။ ဘဝငါးရာ၌ ဘကြီး၊ ဦးရီး ဖြစ်ခဲ့ဖူးသည်။ ထို့အတူ နကုလ မာတာကလည်း ရှေးဘဝငါးရာက မိခင်၊ မိထွေး၊ မိကြီး၊ အရီးတို့ ဖြစ်ခဲ့ဖူးပေသည်။ ဤသို့သော အကြောင်းကြောင့် သူတို့သည် ဘုရားရှင်အား ချစ်ခင်၍ သားသဖွယ် ခေါ်ဝေါ်ကြောင်း၊ ထိုမှတစ်ပါး ဘုရားရှင်သည် တရားများကို ဟောကြားသောကြောင့် ထိုသူကြွယ်လင်မယားတို့သည် ဘုရား၏ တရားကို နာကြားရ၍ သောတာပန်များ ဖြစ်သွား လေသည်။

 

ဗောဓိမင်းသား ကလေးမရခြင်းအကြောင်း

 

ဥဒေနမင်း၏သား သံသုမာရဂိရိမြို့ အုပ်ချုပ် မင်းလုပ်နေသော “ဗောဓိမင်းသား သည် အခြား နိုင်ငံများ၌ မရှိသည့် ထူးဆန်းလှစွာသော အာကာ တိမ်ညွန့်ကဲ့သို့ အံ့မခန်းသည့် အဆောက်အအုံ တစ်ခုကို ဆောက်လုပ်သည်။ ၎င်းအဆောက်အအုံ ပြာသာဒ်ကို “ကောကနုဒ အမည်ဟု ခေါ်ပါသည်။

 

ထိုပြာသာဒ် ပြီးစီးသောအခါ ဗောဓိမင်းသားသည် ပြာသာဒ်တက်မင်္ဂလာပွဲသဘင်ကို ဆင်ယင် ကျင်းပရန် ကြံရွယ်လေသည်။ သူသည် ဘုရားရှင်နှင့် တကွ သံဃာတော်များကို ပင့်ဖိတ်လေသည်။ ၎င်းသည် ဤပြာသာဒ်အား နံ့သာလေးမျိုးဖြင့် လိမ်းကျံသည်။ ပန်းတို့ဖြင့် ခြယ်မွမ်းထားပြီး လှပတင့်တယ်စွာ ခင်းကျင်းထားသည်။ ထို့နောက် တံခါးခုံမှစ၍ ပြာသာဒ်အပြင်တိုင်အောင် ပိတ်ဖြူ လွှာကြီးကို ခင်းထားသည်။ ၎င်းမင်းသားသည် သားသမီးတစ်ဦးမျှမရှိကြောင်း သိတော်မူပြီး ဘုရားရှင်သည် သူခင်းထားသော ဤပိတ်ဖြူအခင်း သို့ သူသားသမီးရမည်မှန်ပါက နင်းတော်မူလတ္တံ့ဟု ကြံစည်ပြီး ခင်းထားလေသည်။

 

မင်းသားသည် ဘုရားရှင်ကြွလာသောအခါ ခရီးဦးကြိုပြု သပိတ်တော်ယူပြီး ပြာသာဒ်အတွင်း သို့ ခင်းထားသော ပိတ်ဖြူကိုနင်းရန် ပင့်ဖိတ်တော် မူသည်။ ဘုရားရှင်သည် မဝင်ဘဲ ရပ်လျက်နေသည်။ သုံးကြိမ်တိုင်တိုင် လျှောက်ထားလေသည်။ ဘုရားရှင်က ဝင်တော်မမူဘဲ အရှင်အာနန္ဒာအား ကြည့်တော်မူသည်။ အရှင်အာနန္ဒာသည် ဘုရားရှင်၏ အရိပ်အကဲကို သိတော်မူသဖြင့် မင်းသားအား အသစ်ခင်းထားသော ပိတ်ဖြူအခင်းကို ရုပ်သိမ်းပေး လော့ဟု မိန့်တော်မူလိုက်သည်။

 

ထိုအခင်းကို ရုပ်သိမ်းပြီးမှ ဘုရားရှင်သည် ပြာသာဒ်အတွင်းသို့ ဝင်တော်မူသည်။ ဗောဓိ မင်းသားသည် ဘုရားရှင်နှင့်တကွ သံဃာတော်တို့ အား ဆွမ်းဘောဇဉ်တို့ကို ကိုယ်တိုင်ကိုယ်ကျ ကပ်တော်မူသည်။ မင်းသားက ဘုရားရှင်တို့ ဆွမ်းဘုဉ်းပေးပြီးနောက် ဘုရားရှင်အား ဤသို့ လျှောက်ထားလေသည်။ တပည့်တော် ခင်းထား သည့် ပိတ်ဖြူခင်းပေါ်သို့ အဘယ်ကြောင့် မနင်း မလျှောက်ပါလဲဟု မေးလျှောက်လေသည်။ ဘုရား ရှင်က သင်မင်းသားအကြံသည် ဤအကြံဖြင့် ခင်းထားသည်။ သင်သည် ကလေးမရ၊ သားသမီးမရ နိုင်သောကြောင့် ခင်းထားသော ပိတ်ဖြူကို မနင်းကြောင်း မိန့်တော်မူလေသည်။ မင်းသားက ဘုရားရှင်အား ထပ်မံ၍ မေးမြန်းလျှောက်ထားသည်။ ထိုအခါ ဘုရားရှင်က ၎င်းမင်းသား၏ ရှေးအတိတ်က သူဖြစ်ခဲ့ရသောဘဝကို ပြန်ပြောမိန့်တော်မူသည်။ သင်တို့လင်မယားနှစ်ဦးသည် သမုဒ္ဒရာထဲ၌ လှေပျက်၍ ပျဉ်ချပ်တစ်ချပ်စီးပြီး မျှောလိုက်လေ ရာ ကျွန်းတစ်ကျွန်းသို့ ရောက်လေသည်။ ဤကျွန်း၌ အစားအသောက် မစားရသဖြင့် ငှက်များ၏ ဥများ ကို ဖုတ်ကင်စားသည်။ ထို့နောက် ငှက်ငယ်များကို ဖမ်းယူစားသည်။ ပထမအရွယ် ငှက်ငယ်များကို လည်းကောင်း၊ ဒုတိယအရွယ်ရှိ ငှက်များကို လည်းကောင်း၊ တတိယအရွယ်ရှိ ငှက်များကို လည်းကောင်း သတ်စားခဲ့ကြသည်။ သင်တို့နှစ်ဦးသည် မည်သည့်အရွယ်မှ နှစ်ဦးစလုံး သတိမရခဲ့ပေ။ အကယ်၍ တစ်ခုအရွယ်၌ သတိရခဲ့မူ ဤအရွယ်၌ သားသမီးရလေမည်ဟု အတိတ်ကုသိုလ်ကံ အကြောင်းကို ဘုရားရှင်က ပြန်ပြောင်း ဟောပြလေသည်။

 

 ဘုရားရှင်က မင်းသားအား မိမိကို မြတ်နိုး ချစ်ခင်သူဖြစ်ပါက အရွယ်သုံးပါး၌ မမေ့လျော့ခြင်း၊ အရွယ်သုံးပါးလုံး၌ မစောင့်ရှောက်လျှင် တစ်ခု အရွယ်၌ စောင့်ရှောက်အပ်ပါသည်ဟု မိန့်တော်မူသည်။ ဤသို့ဖြင့် ဂါထာများဖြင့် မိမိကိုယ်ကို ချစ်မြတ်နိုးပါမူ အရွယ်သုံးပါးတွင် စောင့်ရှောက်အပ် ဟု မိန့်မြွက်လေသည်။

 

ပညာရှိသောသူတို့သည် အရွယ်သုံးပါးတွင် တစ်ပါးပါးသောအရွယ်၌ မိမိကိုယ်ကို ဒုစရိုက် မပြုမိအောင် သုတ်သင်ရှင်းလင်းရ၏ဟူသော တရားဓမ္မတို့ကို ဟောကြားတော်မူလေသည်။ မင်းသားလည်း သောတာပန် ဖြစ်သွားလေသည်။

 

 ပဉ္စဂ္ဂဒါယကာ ပုဏ္ဏားအကြောင်း

 

ဘုရားရှင်သည် ဗောဓိမင်းသားအား ချေချွတ် တော်မူပြီးနောက် ဘဂ္ဂတိုင်း သံသုမာရဂိရိမြို့အနီး ရှိ “ဘေသကဠာ မည်သော တောအုပ်မှ အဋ္ဌမဝါ ကပ်ပြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်းသို့ ပြန်ကြွ ၍ သီတင်းသုံးတော်မူသည်။ သာဝတ္ထိပြည်၌လည်း ပုဏ္ဏားကြီးတစ်ဦးသည် စပါးများကို ကောက်မှည့် သောအခါ ရိတ်သိမ်းပြီး တလင်း၌ စပါးနယ်၍ စပါးကျီထဲသို့သွင်းသည်။ ဤစပါးကျီမှ ထမင်းယာဂု ချက်သောအခါ၊ စားသုံးသည့်အခါတို့၌ ဦးဦးဖျားဖျား ပေးလှူလေ့ရှိသည်။ မလှူဘဲ မသုံးဆောင်သော ကြောင့် ၎င်းအား ပဉ္စဂ္ဂဒါယကာပုဏ္ဏားဟု ခေါ်တွင် လေသည်။

 

၎င်းပုဏ္ဏားသည် သူ၏ထမင်းပန်းကန်ထဲသို့ ထမင်းထည့်၍ စားသည့်အခါတိုင်း သူတစ်ပါးအား မပေးမကမ်းမလှူဘဲ စားလေ့မရှိပါ။ သူ၏အကျင့် ဖြစ်သည်။ တစ်နေ့သောအခါ၌ ဘုရားရှင်သည် နံနက်မိုးလင်းသောအခါ ယနေ့မည်သူတို့ ချေချွတ် ရမည်နည်းဟူ၍ ကြည့်သောအခါ ဤပုဏ္ဏားကြီး လင်မယားကို မြင်လေသည်။ ထို့နောက် ဘုရားရှင်သည် တစ်ပါးတည်း ဆွမ်းခံကြွတော်မူသည်။ ဘုရားရှင်က ယင်းပုဏ္ဏားလင်မယားသည် သောတာ ပန်ဖြစ်မည်ကို မြင်၍ ၎င်းတို့အိမ်တံခါးဝ၌ ဆွမ်းခံ ရပ်လေသည်။

 

ပုဏ္ဏားကြီးသည် တံခါးကို ကျောခိုင်း၍ အိမ်ထဲသို့ မျက်နှာမူလျက် ထမင်းစားရန် စီစဉ်နေချိန် ဖြစ်သည်။ ပုဏ္ဏားမကြီးကလည်း သူ့ခင်ပွန်း ထမင်းစားရန် ပြင်ဆင်နေသည်။ ထိုအချိန်၌ ယင်းပုဏ္ဏားမသည် ဘုရားရှင် ဆွမ်းခံရပ်နေသည်ကို မြင်သည်။ သူသည် ခင်ပွန်းယောက်ျားမြင်လျှင် ယခုသူ ခူးခပ်ပြင်ထားသော ဆွမ်းတို့ကို မစားဘဲ လှူမည်ကိုသိသည်။ ထို့ကြောင့် ၎င်းသည် ပုဏ္ဏားကြီးက ဘုရားရှင်အား မမြင်ရန် သူ့ကိုယ်ဖြင့်ကာ၍ ထားသည်။ အဘယ်ကြောင့်ဆိုသော် ထို့နောက် တစ်ဖန် ထပ်ချက်ရမည်ဖြစ်သည်ကတစ်ကြောင်း၊ သူသည် မကြည်ညို သဒ္ဓါမပေါက် ဝန်တိုစိတ်ဖြင့် ပုဏ္ဏားကြီးအား ဘုရားရှင်ကို မမြင်အောင် တားထားခြင်းဖြစ်သည်။ ထို့အပြင် သူသည် ပုဏ္ဏားကြီး မကြားရအောင်လုပ်၍ ဘုရားရှင်အား ကန်တော့ ဆွမ်းပါဘုရားဟု တိုးတိုးပြောသည်။ ဘုရားရှင်က လည်း ဦးခေါင်းကို လှုပ်၍ မကြွကြောင်း အမူအရာပြလေသည်။

 

ဘုရားရှင် ယင်းသို့ပြုပါလျှင် မည်သူမျှ ပြကတေ့မတည်နိုင်ဘဲ ပုဏ္ဏားမသည် ပြင်းစွာ ရယ်မောလေသည်။ ဤသို့အဖြစ်ကို ပုဏ္ဏားကြီး မြင်သော်သူစားထားပြီး ထမင်းတစ်ဝက်ကို ခံတော် မူရန်နှင့် သူ့ဇနီးပုဏ္ဏားမကြီးအား သူ့ကိုဖျက်ဆီးသည်ဟု စွပ်စွဲပြောဆိုသည်။

 

ဘုရားရှင်ကလည်း ထမင်းဦးဖြစ်စေ၊ တစ်ဝက် စားပြီးဖြစ်စေ၊ နောက်ဆုံးထမင်းတစ်ဆုပ်ပဲဖြစ်စေ လက်ခံတော်မူကြောင်း မိန့်မြွက်လေသည်။ ထိုစကားကို ကြားရသော ပုဏ္ဏားကြီးသည် အားရ နှစ်သက်တော်မူလေသည်။ ထိုဘုရားရှင်အား ဆွမ်းကိုလှူပြီးနောက် ပုဏ္ဏားကြီးက ဘိက္ခုဟူသည် အဘယ်အတိုင်းအတာဖြစ်မှ “ဘိက္ခု ဖြစ်ပါသနည်း ဟု မေးလျှောက်ထားလေသည်။

 

ဘုရားရှင်သည် ဤပုဏ္ဏားလင်မယားနှစ်ဦးသည် ကဿပဘုရားရှင်လက်ထက်က ရုပ်နာမ် ဟူသောစကားကို ကြားနာဖူးခဲ့သည်ဖြစ်သည်ကို ဆင်ခြင်သုံးသပ်တော်မူပြီး နာမ်၌လည်းကောင်း၊ ရုပ်၌လည်းကောင်း မတပ်မက် မကပ်ငြိသော သူတို့သည် “ဘိက္ခု မည်သည်ဟူ၍ ဟောကြား တော်မူလေသည်။

 

ထို့နောက် ဘုရားရှင်သည် ဂါထာဖြင့် ဤရုပ် နာမ်ကို ငါ၏ဥစ္စာမြတ်နိုးစွဲလမ်းမှုမရှိသော သူတို့ကို လည်းကောင်း၊ ထိုရုပ်နာမ်တို့ပျက်စီးသော်လည်း စိုးရိမ်ကြောင့်ကြ ပူပင်မှုမရှိသော သူတို့ကို လည်းကောင်းဘိက္ခုအစစ်ဟု ခေါ်ဆိုကြောင်း တရားဓမ္မကို ဟောကြားတော်မူသည်။ ဤတရားတို့ကို ပုဏ္ဏား လင်မယားနှစ်ဦးသည် ကြားနာရပြီးနောက် နှစ်ဦးစလုံး သောတာပန် ဖြစ်သွားလေသည်။

 

(ဆက်လက်ဖော်ပြပါမည်)