THE BRITISH SCHOOL OF BEIJING မှ ပထမဆုံး အကြိမ်အဖြစ် အသိပညာပေး မျှဝေခြင်းနှင့် စာရေးကိရိယာများ လာရောက်လှူဒါန်း

ရေစကြို ၂၂ ဒီဇင်ဘာ

 

ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဖူလုံကျေးရွာရှိ ပတ္တပိုဏ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် THE BRITISH SCHOOL OF BEIJING မှ ဆရာတစ်ဦးနှင့် ကျောင်းသားများမှ စာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့ခြင်းနှင့် အသိပညာများ မျှဝေခြင်းကို ပထမဆုံး အကြိမ်အဖြစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှ ဒီဇင်ဘာ ၂၁ ရက်နေ့အထိ ၅ ရက်ကြာ လာရောက် ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။

 

ကျွန်တော်က ဘေကျင်းအင်တာနေရှင်နယ်စကူးမှာ သင်္ချာဆရာပါ ကျွန်တော်စာသင်တာ အနှစ် ၂၀ ရှိပါပြီ မြန်မာစကူး ပရောဂျက်လုပ်တာ “ မြန်မာနိုင်ငံမှာ ပညာရေး ပရောဂျက် လုပ်တာ ဒီနှစ်နဲ့ဆို ၃ နှစ်ရှိသွားပါပြီ နိုင်ငံတစ်ခုကို ပိုပြီးတိုးတက် လာအောင်လို့ ပညာရေးက လူငယ်တွေအတွက် အလွန်အရေးကြီးတယ် အဲဒါကြောင့် ပိုပြီး ပညာရေးမှာ ဖွံ့ဖြိုးတိုးတက်စေချင်တယ် နိုင်ငံရဲ့ အနာဂါတ်မှာ ပညာရေးက အရေးကြီးတဲ့အတွက် ဒီလိုမျိုး လာခဲ့တာပါ ဒီမှာ စာအုပ်တွေ ခဲတံတွေ လိုအပ်တဲ့ဟာတွေ လာလှူတာက ဒီကလေးတွေ အနာဂတ်အတွက် ကောင်းမယ်လို့ မြင်တယ် နောက်နှစ်လည်း ထပ်လာဖို့ အစီအစဉ် ရှိပါတယ်” ဟု THE BRITISH SCHOOL OF BEIJING မှ ကျောင်းဆရာဖြစ်သူ ပေါလ်က ပြောသည်။

 

အဆိုပါ THE BRITISH SCHOOL OF BEIJING မှ ကျောင်းဆရာနှင့် ကျောင်းသား ၉ ဦးတို့သည် ဘကကျောင်းရှိ ကလေး စုစုပေါင်း ၄၈၂ ဦးအတွက် စာရေး ကိရိယာနှင့် စာအုပ်များကို ပေးဝေကာ ကလေးများအတွက် စာကြည့်တိုက် တစ်ခု လှူဒါန်းခဲ့ကြသည်။

 

“ကလေးတွေ ဖတ်ဖို့ ပုံပြင်စာအုပ် သုတရသ စာအုပ်လေးတွေ ကာတွန်းလေးတွေ စုစုပေါင်း အုပ်ရေ ၁၀ဝ၀ (တစ်ထောင်) လောက်ကိုလည်း လှူသွားတယ် စာအုပ်ထည့်ဖို့ စာအုပ်စဉ်လေးတွေရော စာကြည့်တိုက်ထဲမှာ လိုအပ်တဲ့ ကော်ဇောတို့ ဘာတို့ကိုလည်း သူတို့ကပဲ အပြီးအစီး ကိုယ်တိုင်လုပ်ပြီးတော့ လှူဒါန်းခဲ့ကြတာပါ” ဟု  ရေစကြိုမြို့မှ ပရဟိတ လူငယ် ကိုကျော်သူသူက ပြောသည်။

 

ထို့ပြင် ကလေးများအား ပလတ်စတစ်နှင့် ပတ်သက်သည်များကို အသိပညာပေးခြင်း၊ ဆရာ/မများအား ကလေးများအား စိတ်အားထက်သန်စွာ သင်ပုံ သင်နည်းလေးတွေကို အသိပညာပေး မျှဝေခြင်းတို့ကို မစ္စတာပေါလ်မှ အသိပညာပေး မျှဝေပေးခဲ့သည်။  

 

အိမွန်ဆွေ(ရေစကြို)