ဗန်းမော်၌ ခရီးထွက်ခွာစဉ် ပန်ကာဖွင့်ထားမိရာမှ ပန်ကာအပူလွန်ကဲကာ နေအိမ်မီးလောင်ကျွမ်း

ဗန်းမော် ၄ ဇွန်

ကချင်ပြည်နယ် ဗန်းမော်မြို့၌ ဇွန် ၃ ရက် ညပိုင်းက ခရီးထွက်ခွာစဉ် ပန်ကာဖွင့်ထားမိရာမှ ပန်ကာအပူလွန်ကဲကာ နေအိမ်မီးလောင်ကျွမ်းခဲ့ကြောင်း ဗန်းမော်ခရိုင်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၃ ရက်ည ၆ နာရီ မိနစ် ၂၀ က ဗန်းမော်မြို့၊ မင်းလှရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မီးလောင်ကျွမ်းနေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုကြောင့် ဗန်းမော်ခရိုင် မီးသတ် ဦးစီးမှူး ဦးစိုးမင်းခိုင် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ကျော်ခိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်သုံးစီးတို့ဖြင့် ဝိုင်းဝန်း ငြိမ်းသတ်မှုကြောင့် ညနေ ၆ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။

 မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ အိမ်ရှင် ဦးဘိုဘို(၃၆ နှစ်)သည် ပြင်ပသို့ခရီးထွက်ခွာစဉ် နေအိမ်အိပ်ခန်းရှိ လျှပ်စစ်ပန်ကာအား ဖွင့်ထားရာမှ အပူရှိန်မြင့်တက်ကာ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိသော်လည်း အလျားပေ ၂၀ ၊ အနံ ၃၀ ပေရှိ သွပ်မိုးအုတ်ညှပ် တစ်ထပ်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လျှပ်စစ်မီးပေါ့ဆစွာ အသုံးပြုသူ ဦးဘိုဘိုအား ဗန်းမော်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)