ဗန်းမော်မြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနပိုင်မြေမှ ငှားရမ်းဆိုင်ခန်းများ ဖယ်ရှားရှင်းလင်းရေး ဆောင်ရွက်

ဗန်းမော်   ၆  ဖေဖော်ဝါရီ  


ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်၊ ဆင်ဖြူရှင်လမ်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနပိုင်မြေပေါ်ရှိ ငှားရမ်းဆိုင်များ (၁၅) ခန်းအား ပိတ်သိမ်းဖယ်ရှာပေးရန် အကြိမ်ကြိမ်ညှိနှိုင်းခဲ့သော်လည်း ကျန်ရှိသော ဆိုင်ခန်းများကို  ယနေ့နံနက် ၈ နာရီခွဲက စတင်၍ ဒေသအာဏာပိုင်များနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ရှင်းလင်းဖယ်ရှား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။        


အဆိုပါငှားရမ်းဆိုင်ခန်းများကို ၁၉၇၃-၁၉၇၄ ခုနှစ်မှ စတင်၍ ထရံကာသွပ်မိုးဖြင့် ဆိုင်ခန်းများကို (၁၇) ဦး ငှားရမ်းခဲ့ပြီး ၁၉၉၂ ခုနှစ်ခန့်တွင် တိုက်ခန်းအဖြစ် ပြောင်းလဲ တည်ဆောက်ခဲ့ကာ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်နှင့် ကုန်သွယ်မှု မူဝါဒကောင်စီတို့၏ သဘောတူညီချက်ဖြင့် (၅)နှစ်တစ်ကြိမ် စာချုပ် ချုပ်ဆိုငှားရမ်းခဲ့သည်။ 


၎င်းဆိုင်ခန်းများ ငှားရမ်းခြင်းကို ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ရပ်ဆိုင်းခဲ့ကာ ၂၀၁၁ ခုနှစ်တွင် ဆိုင်ခန်းများ ဖယ်ရှားပေးရေးအတွက် နှိုးဆော်ခဲ့ကာ ၂၀၁၂ ခုနှစ်တွင်လည်း ပြောင်းရွေ့ ဖယ်ရှားခြင်း မရှိခဲ့ကြောင်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ဆိုင်ခန်းပိုင်ရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဖမ်းရှားပေးရန် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း ဖယ်ရှားခြင်း မရှိသောကြောင့် ဗန်းမော်မြို့နယ် မီးသတ်ဦးစီးဌာနမှ သက်ဆိုင်ရာသို့ အဆင့်ဆင့် တင်ပြခဲ့ပြီး  ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်-နပတ/(မြို့/ရာ/စီမံ(ဥပဒေ)/၂၀၁၈(၆၉၈)ဖြင့် ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥဒေပုဒ်မ-၂(က) အရ ကချင်ပြည်နယ် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့် ဗန်းမော်ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသအာဏာပိုင်များတို့က ဖယ်ရှားဆောင်ရွက်လျှက်ရှိကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။    

    
MDN          

 

123