ဗန်းမောက်မြို့နယ်၌ စပါးတစ်တင်းလျှင် ငွေကျပ် ၆၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်

ဗန်းမောက်  ဇန်နဝါရီ   ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ယခုအခါ စပါးတစ်တင်းလျှင် ငွေကျပ် ၆၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း တောင်သူများထံမှ သိရသည်။

ဗန်းမောက်မြို့နယ်ရှိ လယ်ယာမြေများနှင့် တောင်ယာမြေများတွင် စိုက်ပျိုးခဲ့ကြသော မိုးစပါးများမှာ ယခုနှစ်တွင် မိုးလေဝသကောင်းမွန်ခဲ့သောကြောင့် တစ်ဧကလျှင် ပျမ်းမျှ စပါးတင်း ၉၀ ထိ ထွက်ရှိပြီး စပါးစျေးမှာလည်း ယခင်နှစ်က တစ်တင်းလျှင် ငွေကျပ် ၄၅၀၀ မှ ၅၀၀၀ ထိသာ ရရှိရမှ ယခုနှစ်တွင် တစ်တင်းလျှင် ငွေကျပ် ၆၅၀၀ ထိ စျေးရရှိလာကြသဖြင့် စပါးစိုက်တောင်သူများ စီးပွားရေးနှင့် စားဝတ်နေရေးများ အဆင်ပြေလာကြကြောင်း သိရသည်။

ယခုနှစ် မိုးစပါးတွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်းနှင့် ဖုန်၊ မှုန်၊ သဲ ကင်းစင်သည့် စပါးတစ်တင်း ၄၆ ပေါင် ကိုက်ကို တင်း ၁၀၀ အတွက် အခြေခံစျေး ငွေကျပ် ၅၄၀,၀၀၀ ဖြင့် ဝယ်ယူရမည်ဖြစ်ပြီး ထိုအခြေခံ စျေးထက် မြင့်တက်နေပါက စျေးကွက်အတိုင်း ဝယ်ယူကြရန်နှင့် အခြေခံစျေးအောက် ရောက်ပါက အခြေခံစျေးအတိုင်း ဝယ်ယူရမည်ဟု ဆန်စပါး တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးအဖွဲ့က ထုတ်ပြန်ထားကြောင်း သိရသည်။

ဗန်းမောက်မြို့နယ်၌ ယခင်နှစ်က မိုးစပါးစိုက်ဧက ၄၀၀၀၀ ကျော်ရှိပြီး အထွက်နူန်းကောင်းသော မြို့နယ်နေပြည်သူများ အဓိကစားသုံးကြသည့် ချင်း(၃)စပါးများကို အများဆုံးစိုက်ပျိုးကြကာ ဧည့်မထ၊ မှီးဒုံး၊ စောရူတ်၊ ပေါ်ဆန်းမွေး၊ ကျောက်ဆည်စပါးများနှင့် ရိုးရာမုန့်ပဲသရေစာအတွက် ကောက်ညင်း စပါးများကို အနည်းငယ် စိုက်ပျိုးလျက်ရှိကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဟန်စိုးထံမှ သိရသည်။

လိူင်ဘွား(ဗန်းမောက်)