ဗိုင်းရပ်စ်ပိုးတွေ့ရှိသူကြားက ဆက်စပ်မှုကို တွေ့ရှိပြီးနောက် ဘေကျင်းရဲ့တစ်စိတ်တစ်ဒေသကို အသွားအလာကန့်သတ်လိုက်ပြီ 

၁၃ ဇွန်

 

တရုတ်နိုင်ငံမှာ နိုင်ငံတွင်းကူးစက်မှုအနေနဲ့ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၆ ဦးအကြားက ဆက်စပ်မှုကို တွေ့ရှိပြီးနောက် ဘေကျင်းမြို့ရဲ့ တစ်စိတ်တစ်ဒေသကို အသွားအလာပိတ်ဆို့ ကန့်သတ် (lockdown) လိုက်ကြောင်း ဒီနေ့ (စနေနေ့) မှာ ကြေညာလိုက်ပါတယ်။

 

ဘေကျင်းမြို့ရဲ့ တောင်ဘက်ပိုင်းရှိ အိမ်ယာ ၁၁ လုံးအတွင်းမှာ နေထိုင်ကြသူတွေကို သီးသန့်ခွဲခြား စောင့်ကြည့်မှုအောက်မှာနေထိုင်ဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူအများစုဟာ ဘေကျင်းရဲ့ တောင်ဘက်ပိုင်းရှိ ဖန်တိုင်းဒေသအတွင်းက အသားဈေးတစ်ခုနဲ့ ဆက်စပ်နေကြောင်း တာဝန်ရှိသူတွေက သတင်းစာရှင်လင်းပွဲမှာ ပြောကြားပါတယ်။ 

 

ဘေကျင်းမြို့မှာ နှစ်လအတွင်း ပထမဦးဆုံးဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖန်တိုင်းရှိ အသားဈေးတစ်ခုကို သွားရောက်ဖူးကြောင်း ပြောပါတယ်။ 

 

ရောဂါပိုးတွေ့ရှိသူ ခြောက်ဦးထဲက သုံးဦးဟာ ဈေးမှာ အလုပ်လုပ်တဲ့ လုပ်သားတွေဖြစ်ပြီး တစ်ဦးက ဈေးကိုသွားခဲ့သူနဲ့ နောက်နှစ်ဦးကတော့ အသားသုတေသနစင်တာက လုပ်သားတွေဖြစ်ပါတယ်။ အသားသုတေသနစင်ဟာ ဈေးနဲ့ လေးမိုင်အကွာမှာရှိပြီး ပြီးခဲ့တဲ့ သီတင်းပတ်က သုတေသနစင်တာမှ လုပ်သားတစ်ဦးဟာ ဈေးကိုသွားခဲ့ကြောင်း သိရပါတယ်။ 

 

ဖန်တိုင်းဒေသအတွင်းက အသားဈေးနဲ့အတူ ရေသတ္တဝါရောင်းတဲ့ဈေးမှာ ရဲတပ်ဖွဲ့ဝင်တွေ ချထားတာကို တွေ့ရပါတယ်။ ဖန်တိုင်းဒေသအာဏာပိုင်တွေက ဗိုင်းရပ်စ်ပိုး နောက်တစ်ကြိမ် မပျံ့ပွားအောင် စစ်ဆင်ရေးလုပ်နေကြောင်း ပြောဆိုပါတယ်။ 

 

ဗိုင်းရပ်စ်ပိုးတွေ့ရှိမှုကြောင့် ဒေသတွင်းက ကျောင်းနဲ့ မူကြိုကျောင်း ကိုးကျောင်းကို ပိတ်ထားလိုက်ပြီး ဘေကျင်းရှိ မူလတန်းကျောင်းတွေ ပြန်ဖွင့်ဖို့ အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒေသတွင်းကို လာရောက်လည်ပတ်မယ့်သူတွေကိုလည်း ဒီနေ့ကစပြီး ရပ်ဆိုင်းလိုက်ပါတယ်။ 

 

MDN
ကိုးကား- AFP