ဗိုလ်ချူပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ မတ်လတွင် စတင်ကျင်းပမည်

ရန်ကုန် ၁ ဇန်နဝါရီ

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များကို မတ်လတွင် စတင်ကျင်းပမည်ဖြစ်ပြီး MNL ကလပ်အသင်း ၁၂ သင်း၊ MNL-2 (ပထမတန်း) ကလပ်အသင်းရှစ်သင်း စုစုပေါင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် အကြိမ် (၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရန်ရှိသောကြောင့် ရှုံးထွက်ပြိုင်ပွဲကို ယခင်သတ်မှတ်ထားသည့် ရက်ထက်စော၍ ကျင်းပခြင်းဖြစ်သည်။ ရှုံးထွက်ပြိုင်ပွဲကို ယခင်နှစ်များအတိုင်း ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်မှလွဲ၍ ကျန်အဆင့်များကို တစ်ကျော့တည်း ကျင်းပမည်ဖြစ်သည်။ ပထမအဆင့်တွင် ပထမတန်းအသင်းများသာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် MNL ကလပ် အသင်းများ ပါဝင်လာမည်ဖြစ်သည်။ ပထမအဆင့်ကို ၁၂၊ ၁၃ ရက်၊ ဒုတိယအဆင့်ကို မေ ၁၊ ၈ ရက်၊ ကွာတားဖိုင်နယ် မေ ၁၈၊ ၁၉ ရက်၊ ဆီမီးဖိုင်နယ် ပထမအကျော့ကို မေ ၂၅၊ ၂၆ ရက်၊ ဒုတိယအကျော့ကို ဇွန် ၁၊ ၂ ရက်၊ ဗိုလ်လုပွဲကို စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ရှုံးထွက်ပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၃ ခုနှစ်မှလွဲ၍ ကျန်နှစ်များတွင် နှစ်စဉ်ကျင်းပခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သောကြောင့် ရှုံးထွက်ပြိုင်ပွဲမကျင်းပဘဲ MNL Cup ပြိုင်ပွဲသာ ကျင်းပခဲ့သည်။ ရှုံးထွက်ပြိုင်ပွဲကို မူလက MFF Cup ပြိုင်ပွဲအမည်ဖြင့် ကျင်းပခဲ့သော်လည်း ၂၀၁၅ ရာသီမှစ၍ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲအမည်ဖြင့် ပြောင်းလဲကျင်းပခဲ့သည်။

ရှုံးထွက်ပြိုင်ပွဲကို ရှစ်ကြိမ်ကျင်းပပြီးစီးသွားပြီး ဧရာဝတီအသင်းက သုံးကြိမ်ဖြင့် အအောင်မြင်ဆုံးအဖြစ် ရပ်တည်နေကာ ရန်ကုန်အသင်းက နှစ်ကြိမ်၊ ဟံသာဝတီ၊ မကွေးနှင့် ရှမ်းယူနိုက်တက်အသင်းတို့က တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်