ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် စာပေစကားဝိုင်း မြိတ်တက္ကသိုလ်တွင်ကျင်းပ

မြိတ်  ၈   ဖေဖော်ဝါရီ

 

ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် မြိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိတ်တက္ကသိုလ်နှင့် မြိတ်မြိုနယ် စာရေးဆရာအသင်းတို့ပူးပေါင်းကာ စာပေစကားဝိုင်းကို ဖေဖော်ဝါရီ ၈ ရက်၊ နံနက် ၉ နာရီက မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ မြိတ်တက္ကသိုလ်တာဝန်ခံပါမောက္ခချုပ် ဒေါက်တာနီနီဦးက အဖွင့်အမှာစကားပြောကြားကာ စာရေးဆရာမ တက္ကသိုလ်မမိုးမြေမှ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်၊ လွတ်လပ်ရေးအရယူနိုင်ရေးကြိုးပမ်းမှုနှင့် အတုယူဖွယ်ဂုဏ်ရည်ကို တက္ကသိုလ်ကျောင်းသားကျောင်းသူများအား ပညာပေးဟောပြောသည်။

 

ထိုနောက် စာရေးဆရာမတက္ကသိုလ်မမိုးမြေ၊ မြိတ်တက္ကသိုလ်မြန်မာစာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဇော်ဝင်း၊ မြိတ်တက္ကသိုလ်သမိုင်းဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာသဇင်၊  မြိတ်မြို့နယ်စာရေး ဆရာအသင်းမှ စာရေးဆရာမိုးမြင့်မိုး၊ စာရေးဆရာလရိပ်သစ်၊ ဓာတုဗေဒအထူးပြုကျောင်းသား မောင်ဟိန်းထက်စိုးနှင့် မြန်မာစာအထူးပြုကျောင်းသူ မရွှန်းလဲ့မေတို့မှ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ် အောင်းဆန်း၏ ငယ်စဉ်ဘဝကတည်းက ရိုးရိုးကျင့်မြင့်မြင့်ကြံတတ်ပုံ၊ မိမိနိုင်ငံလွတ်လပ်ရေးကိုသာ အာရုံစူးစိုက် ဆောင်ရွက်ပုံ၊ အာဏာအသုံးပြုအခွင့်အရေးမယူတတ်ပဲ ကိုယ်ကျင့်တရားမြင့်မြတ်ပုံကို စာပေစာကားဝိုင်း ဆွေးနွေး ကြသည်။

 

ထိုနောက် မြိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝဖြစ်စဉ်များ၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ ရဲရင့်ပြတ်သားသည့် မိန့်ခွန်းများ၊ အတုယူဖွယ်ဂုဏ်ရည်များကို ပိုစတာများ၊ မှတ်တမ်းဓာတ်ပုံများဖြင့် ပြသကြကာ စာရေးဆရာများထုတ်ဝေရေးသားထားသည့် ဗိုလ်ချုပ်အောင်ဆန်း အကြောင်း စာအုပ်များကို နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ပေးခဲကြောင်း သိရသည်။

ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)