ဗြိတိန်သံအမတ်ကြီးကို ထိန်းသိမ်းခဲ့သည့်အတွက် အမေရိကန်နှင့် ဗြိတိန်တို့က အီရန်ကို အပြစ်တင်

တီဟီရန်  ၁၃   ဇန်နဝါရီ

အီရန်နိုင်ငံမြို့တော်တွင် နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင်ဆန္ဒပြပွဲ ဖြစ်ပွားစဉ်အတွင်း အီရန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးကို ခေတ္တထိန်းသိမ်းခဲ့မှုနှင့် စပ်လျဉ်း၍ ဇန်နဝါရီ ၁၁ ရက်က အီရန်ကို အမေရိကန်နှင့် ဗြိတိန်တို့က အပြစ်တင်ခဲ့ကြသည်။

ဗြိတိန်သံအမတ်ကြီး ရော့က်ကဲသည် ယူကရိန်းလေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ရသူများအတွက် ရည်စူးကျင်းပသည့် အောက်မေ့ဖွယ် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း ဗြိတိန်မီဒီယာများတွင် ဖော်ပြကြသည်။ ယင်းအခမ်းအနားမှာ ရုတ်တရက်ဆိုသလို အစိုးရဆန့်ကျင်ဆန္ဒပြပွဲအဖြစ်သို့ ပြောင်းလဲသွားပြီး သံအမတ်ကြီးကိုလည်း ယင်းပွဲတွင် ပါဝင်သည်ဟု သံသယရှိသည့်အတွက် ထိန်းသိမ်းခဲ့သည်။

ဗြိတိန်သံအမတ်ကြီးကို အကျိုးအကြောင်းရှင်းပြခြင်းမရှိဘဲ ဖမ်းဆီးထိန်းသိမ်းခြင်းမှာ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမနစ်ရက်ဘဲ က ပြောသည်။

အီရန်အစိုးရသည် လက်ရှိအခြေအနေတွင် လမ်းဆုံ၌ ရောက်နေကြောင်း၊ ယခုအတိုင်း ဆက်သွားပါက စီးပွားရေးနှင့်နိုင်ငံရေးအရ အထီးကျန်ဆန်သည့် အခြေအနေသို့ ရောက်သွားနိုင်သလို တင်းမာမှုများကို လျှော့ချပါက သံတမန်လမ်းကြောင်းအတိုင်း ရှေ့ဆက်သွားနိုင်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်ဂန်အော်တာဂတ်စ် ကလည်း အီရန်နိုင်ငံ၏ အပြုအမူမှာ ဗီယင်ကွန်ဗင်းရှင်းကို ချိုးဖောက်ရာရောက်ကြောင်း ဝေဖန်ခဲ့သည်။ အီရန်နိုင်ငံအနေဖြင့် သံတမန် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်နှင့် ဗြိတိန်အစိုးရကို တရားဝင် တောင်းပန်မှုပြုလုပ်ရန်လည်း တောင်းဆိုခဲ့သည်။

အင်န်အိတ်ခ်ကေ