ဗြိတိန်နိုင်ငံတွင် စာတိုက်လုပ်ငန်းမှ လုပ်သား ၂,၀၀၀ ကို အလုပ်မှ ရပ်နား

၂၅ ဇွန်

 

ဗြိတိန်နိုင်ငံရှိ Royal Mail စာတိုက်လုပ်ငန်းမှ လုပ်သား ဦးရေ ၂,၀၀၀ ကို အလုပ်မှ လျှော့ချသွားမယ်လို့ ဒီနေ့(ကြာသပတေးနေ့) မှာ ကြေညာလိုက်ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို ရင်ဆိုင်ရတဲ့အတွက် အရင်က နိုင်ငံပိုင်ဖြစ်ခဲ့တဲ့ Royal Mail စာတိုက်လုပ်ငန်းရဲ့ စီမံခန့်ခွဲရေးဌာနမှ လုပ်သား ငါးပုံတစ်ပုံကို လျှော့ချခြင်းဖြင့် စတာလင်ပေါင် သန်း ၁၃၀ ကို ချွေတာသွားနိုင်မှာဖြစ်ကြောင်းနဲ့ Royal Mail စာတိုက်လုပ်ငန်းရဲ့ ရှေ့တန်းက လုပ်သားတွေတော့ လျှော့ချရေးမှာ ပါဝင်မှာ မဟုတ်ကြောင်း သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ထိန်းချုပ်ရန် အသွားအလာ ကန့်သတ်ခဲ့တဲ့အတွက် ပါဆယ်လုပ်ငန်းက လူသုံးများခဲ့ပေမယ့် စာအသွားအလာမှာတော့ နည်းနေတာကို တွေ့ရပါတယ်။ လက်ရှိ ဈေးကွက်ရဲ့ လိုအပ်ချက်ကို စာတိုက်လုပ်ငန်းက မလိုက်နိုင်ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအရ အသွားအလာ ကန့်သတ်ထားစဉ် အဓိကအခန်းကဏ္ဍကနေ ပါဝင်တဲ့ လုပ်ဖော်ကိုင်ဖက် စာပို့သမားတွေ အားလုံးကို ကျေးဇူးတင်ကြောင်းလည်း Royal Mail စာတိုက်ကုမ္မဏီဉက္ကဋ္ဌ က ပြောပါတယ်။

 

၂၀၁၉ ခုနှစ် မတ်လအထိ Royal Mail စာတိုက်လုပ်ငန်းရဲ့ အမြတ်ငွေဟာ စတာလင်ပေါင် ၂၄၁ သန်း ရှိပြီး ၂၀၂၀ မတ်လအထိ အမြတ်ငွေဟာ စတာလင်ပေါင် သန်း ၁၈၀ အထိ ကျဆင်းသွားကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP