ဇွန် ၁၅

ဗီယက်နမ်နိုင်ငံတွင်  ၂၀၂၆ ခုနှစ် ပထမ ငါးလအတွင်း ဆန်တန်ချိန် ၄ ဒသမ ၅ သန်းခန့် တင်ပို့ခဲ့ရာ  အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၉ ဘီလီယံ ဝင်ငွေရရှိခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန၏ပြောကြားချက်ကို ကိုးကား၍ ဒေသခံနေ့စဉ်သတင်းစာ VnEconomy က ဖော်ပြခဲ့သည်။

ပို့ကုန်ပမာဏသည် ယခင်နှစ်အလားတူကာလကထက် ၆ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာပြီး ပို့ကုန်ဝင်ငွေသည် ယခင်နှစ်အလားတူကာလကထက် ၃ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်ဟု သိရသည်။

ထိုကာလအတွင်း ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုအများဆုံး ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး ဆန်တင်ပို့မှုစုစုပေါင်း၏ ၄၆ ဒသမ ၉ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံ၏ဆန်တင်ပို့မှုတွင် တရုတ်နိုင်ငံသည် ၁၇ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို