စက်တင်ဘာ ၂၉
ဗီယက်နမ်နိုင်ငံအလယ်ပိုင်းနှင့်မြောက်ပိုင်းဒေသများတွင် လွန်ခဲ့သောရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် လေးဦးသေဆုံးပြီး အခြားကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ယနေ့တွင် ပြောကြားသည်။
အထူးသဖြင့် တန်ဟိုအာ၊ Nghe An ၊ ဟာတင်နှင့် Quang Binhပြည်နယ်များတွင် စက်တင်ဘာ ၂၄ မှ ၂၈ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများဖြစ်ပွားကာ လမ်းများပိတ်မိခြင်းနှင့် ဒေသတွင်းထုတ်လုပ်မှုနှင့် နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများ နှောင့်နှေးခဲ့ရသည်။
နေအိမ်အလုံးပေါင်း ၂၀၀ နီးပါး ရေလွှမ်းခံရပြီး အခြားရာနှင့်ချီသောနေအိမ်များ ပြိုကျသွားခဲ့သည်။ ရေလွှမ်းမိုးမှုကြောင့် တိရစ္ဆာန်အကောင်ရေ ၄၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ထိုကော်မတီကဆိုသည်။
ထိုမိုးရွာသွန်းမှုသည် နိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် စက်တင်ဘာ ၂၉ ရက်အထိ အသင့်အတင့်မှသည်းထန်စွာဆက်လက်ရွာသွန်းဖွယ်ရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို